နောက်ဆုံးရသတင်းများ
MY EN

(ဂ)- ဦးအေးချမ်း[လှိုင်သာယာ(အရှေ့ပိုင်း)မဲဆန္ဒနယ်]

2026-07-30
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(ဂ)- ဦးအေးချမ်း[လှိုင်သာယာ(အရှေ့ပိုင်း)မဲဆန္ဒနယ်]

မိုးစပါးအပြင် နွေစပါးကိုပါ တိုးမြှင့်စိုက်ပျိုးနိုင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သည့်နှစ်ကာလအတွင်း မည်မျှရာခိုင်နှုန်းအထိ တိုးမြှင့်စိုက်ပျိုးနိုင်အောင် စီမံမျှော်မှန်းထားရှိ သည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံတော် ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ စားနပ် ရိက္ခာဖူလုံချမ်းသာစေရန် အတွက် အဓိကကုန်ထုတ်လုပ်မှုကဏ္ဍဖြစ်သော ဆန်စပါးစိုက်ပျိုးရေး ထုတ်လုပ်မှုသည် ရေရှည် မူဝါဒအပေါ် များစွာမူတည်နေပါကြောင်း၊ တောင်သူလယ်သမားတစ်ဦးချင်းအနေဖြင့် မိုးစပါးအပြင် နွေစပါးကိုပါ နှစ်သီးစား မိုးရော၊ နွေရောစိုက်၍ရပါကြောင်း၊ ပူးတွဲစိုက်ပျိုးနိုင်မည်ဆိုပါက စပါး အထွက်နှုန်းသည် နှစ်ဆနီးပါးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ လယ်သမားများ၏ ဝင်ငွေတိုးတက် လာနိုင်သကဲ့သို့ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ စပါးနှင့်ဆန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး၊ ကုန်ဈေးနှုန်းထိန်းချုပ်ရေးနှင့် နိုင်ငံခြားဆန်တင်ပို့မှု မြှင့်တင်ရေးတို့အတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း။ 

          နိုင်ငံတကာစာရင်းဇယားများနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် နွေစပါး၊ မိုးစပါး နှစ်သီးစား စိုက်ပျိုးနိုင်သော လယ်မြေဧရိယာသည် တစ်နိုင်ငံလုံးလယ်မြေ၏ စုစုပေါင်း ၁၀ ရာခိုင်နှုန်းဝန်းကျင် တွင်သာရှိပါကြောင်း၊ အိမ်နီးနားချင်း အာဆီယံနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံ တွင် နှစ်သီးစားလယ်မြေဧရိယာသည် တစ်နိုင်ငံလုံးလယ်မြေစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းဝန်းကျင် ခန့်ထိရှိနေပြီး မြန်မာနိုင်ငံအတွက် သိသိသာသာမြင့်မားနေပါကြောင်း၊ အရှေ့တောင်အာရှ ဆန်စပါး ထုတ်လုပ်တင်ပို့မှုကို နံပါတ် ၁ အနေဖြင့် မကြာသေးသောအချိန်က ဦးဆောင်ခဲ့သောမြန်မာနိုင်ငံ သည် ယခုအချိန်တွင် နွေစပါးစိုက်ပျိုးရေးကဏ္ဍတွင် အောက်ဆုံးရောက်နေသည်ကို ပြင်ဆင်ရန် လိုနေပြီဖြစ်ပါကြောင်း။ 

          သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံ၏ စပါးစိုက်ပျိုးမှု၊ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာ စေရန်၊ တောင်သူလယ်သမားများ လူနေမှုဘဝနှင့် ဝင်ငွေပိုမိုမြင့်တက်လာစေရန်၊ စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်အတွက် လယ်သမားများအနေဖြင့် မိုးစပါး အပြင် နွေစပါးကိုပါ နှစ်သီးစား တိုးမြှင့်စိုက်ပျိုးနိုင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သည့်နှစ်ကာလအတွင်း မည်သည့်ရာခိုင်နှုန်းအထိ တိုးမြှင့်စိုက်ပျိုးနိုင်အောင် မျှော်မှန်းထား သည်ကို အတိအကျသိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က

မိမိတို့ဝန်ကြီးဌာနအနေဖြင့် စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် စပါးထုတ်လုပ်မှုတိုးတက်မြင့် မားရေးကို ကာလတို၊ ကာလရှည်စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါးစိုက်ပျိုး ဧရိယာကို တိုးချဲ့ခြင်းမပြုဘဲ တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် ပန်းတိုင်အထွက်နှုန်းများ ဖော်ပြပါအတိုင်း သတ်မှတ်၍ တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါးအပြင်နွေစပါး ကိုပါ နှစ်သီးစားတိုးမြှင့်နိုင်ရေးနှင့်ပတ်သက်၍ ဆည်ရေ၊ ပုဂ္ဂလိကဆည်၊ ဆည်ကန်ငယ်၊ မြစ်ရေတင်၊ လျှပ်စစ်ရေတင်၊ စက်ရေတွင်း၊ စပါး-ငါး၊ အင်းရေတင်၊ အင်းအိုင်၊ စသည့် စုပ်စက်၊ သဘာဝဝင်ရေ၊ ချောင်း၊ မြောင်းပိတ်၊ ရေကျနောက်စိုက်၊ ရေရဟတ်၊ ရေတံခါး၊ တမံပိတ်၊ ဆိုလာရေတင်၊ စကမုရင်း၊ မုရင်း စသည့် ရေရရှိရေးနည်းလမ်းများပေါ် မူတည်၍ နှစ်စဉ်တိုးချဲ့၍ ရေသွင်းစိုက်ဧရိယာများ တိုးတက် လာပြီး နွေစပါး သီးထပ်စိုက်ပျိုးနိုင်ရေး စွမ်းအားမြင့်မားရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း။

မြန်မာနိုင်ငံတွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း မုတ်သုံရာသီဖြစ်ပေါ်မှုနှင့် ရေရရှိမှုအပေါ် မူတည်၍  မိုးစပါး ၁၄.၇၈ သန်းဧက စိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါး ၂.၇ သန်းဧက စိုက်ပျိုးနိုင်ခဲ့သည့် အတွက် နွေစပါး သီးထပ်စွမ်းအား ၁၈.၃၂ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပတ်ဝန်းကျင် အရှေ့ တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ် တင်ပြထားခြင်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ နွေစပါးသီးထပ် စိုက်ပျိုးနိုင်ခဲ့မှု ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့တွင် မုတ်သုံမိုးကို အဓိကအားထား စိုက်ပျိုးပြီး ရေသွင်းနိုင်သည့် ဧရိယာအနည်းငယ်တွင်သာ အကန့်အသတ်ဖြင့် စိုက်ပျိုးကြသည့်အတွက် နွေစပါး သီးထပ်စိုက်စွမ်းအား ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် မိုးခေါင်ချိန်တွင် ဆည်မြောင်းစနစ်ကိုအသုံးပြုပြီး နွေစပါးသီးထပ်စွမ်းအား ၃၀ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ဆည်မြောင်းစနစ် ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် နွေစပါးသီးထပ် ၃၅ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံတွင် ဆန်စပါးဖူလုံရေးအတွက် ဆည်ရေသောက်စနစ် အသုံးပြုပြီး နွေစပါးသီးထပ်စွမ်းအား ၄၀ ရာခိုင်နှုန်း နှင့် ဗီယက်နမ်နိုင်ငံတွင် စိုက်ပျိုးရေအပြည့်အဝ အသုံးပြု၍ နွေစပါးသီးထပ်စိုက်စွမ်းအား ၅၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးနိုင်ခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထိုင်းနိုင်ငံတွင် မိုးစပါးကို အဓိကထားစိုက်ပျိုးပြီး ရေလှောင်တမံရှိရာဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် နွေစပါး သီးထပ်ကို အကန့်အသတ်ဖြင့် စိုက်ပျိုးကြပြီး တောင်သူလယ်သမားတချို့မှ ရေသုံးစွဲမှုနည်းသော ဝင်ငွေရသီးနှံများကို ပြောင်းလဲစိုက်ပျိုးကြသည့်အတွက် နွေစပါးသီးထပ်စိုက်စွမ်းအား ၂၀ ရာခိုင်နှုန်းရှိကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မုတ်သုံရာသီဖြစ်ပေါ်မှုနှင့် စိုက်ပျိုးရေရရှိမှု အပေါ် မူတည်၍ မိုးစပါး ၁၄.၉၂၄ သန်း၊ နွေစပါး ၂.၉၂၈ သန်း စိုက်ပျိုး၍ နွေစပါးသီးထပ် စိုက်စွမ်းအား ၁၉.၆၂ ရာခိုင်နှုန်းရရှိရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ၅ နှစ်တာအနေဖြင့် တင်ပြပါအတိုင်း ဖော်ပြအပ်ပါကြောင်း၊ ၂၀၃၀-၂၀၃၁ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၅.၀၆ သန်း၊ နွေစပါးဧက ၃.၀၂ သန်း ဧက စိုက်ပျိုးပြီး နွေစပါးသီးထပ်စွမ်းအား ၂၀.၀၅ ရာခိုင်နှုန်းရရှိအောင် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုသည် စိုက်ဧရိယာတိုးချဲ့စိုက်ပျိုးခြင်းထက် မိုးစပါး၊ နွေစပါး ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်၍ တစ်ဧကအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက် လျက်ရှိပြီး ဈေးကွက်လိုအပ်ချက်အရ အစားအစာဘေးအန္တရာယ်ကင်းရှင်းမှု၊ ရေရှည်တည်တံ့မှုဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်သောအရည်အသွေးမြင့် ဆန်များထုတ်လုပ်ရန်၊ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်၊ Traceability လို့ခေါ်သည့် နောက်ကြောင်းပြန် ခြေရာခံနိုင်မှုစနစ် များပါဝင်ရန် အရည်အသွေးအာမံချက် တာဝန်ယူမှုရှိသော စိုက်ပျိုးရေးလုပ်ထုံးလုပ်နည်းများ သေချာစေရန်၊ တောင်သူများ ဝင်ငွေတိုးတက်စေရန်နှင့် လူနေမှုဘဝမြှင့်တင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။