နောက်ဆုံးရသတင်းများ
MY EN

(ဃ)- ဦးမိုးတင်(စေတုတ္တရာမဲဆန္ဒနယ်)

2026-07-30
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(ဃ)- ဦးမိုးတင်(စေတုတ္တရာမဲဆန္ဒနယ်)

စေတုတ္တရာမြို့နယ်တွင် စိုက်ပျိုးရေပေးဝေနေသော မြောင်းမကြီးကို အဝင်ဝအသစ်တူးဖော်ရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

စေတုတ္တရာမြို့နယ်သည် မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် သုံးပွင့်ဆိုင် နယ်နိမိတ်ထိစပ်ရာ ရခိုင်ရိုးမ၊ ချင်းတောင်တန်းရဲ့အခြေမှာရှိပြီး မုန်းတမံနှင့် ကြီးအုံးကြီးဝ တမံကြား မှာရှိတဲ့ အစွန်အဖျားမြို့လေးတစ်မြို့ဖြစ်ပါကြောင်း ၊ မြို့နယ်လူထုဟာဆိုရင်ချင်းလူမျိုးများနှင့်ဗမာလူမျိုး များနေထိုင်ပြီး အဓိကစီးပွားရေး က လယ်ယာစိုက်ပျိုးရေးကိုအားထားနေတဲ့ တောင်သူလယ်သမားများနေထိုင်တဲ့ မြို့တစ်မြို့ဖြစ်ပါကြောင်း၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသခံပြည်သူအားလုံးဟာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍကို ဟန်ချက်ညီစွာ တိုးတက်ရေးသည် တောင်သူလယ်သမား‌ဒေသခံ လယ်ယာထွက်ကုန် သီးနှံအလိုက် စိုက်ပျိုးထုတ်လုပ်ခြင်းအပေါ်မှာ အဓိကမူတည်နေပါကြောင်း၊ စေတုတ္တရာမြို့နယ်ဟာဆိုရင် စလင်းမြို့နယ်၊ ငဖဲမြို့နယ်၊ ဆောမြို့နယ်နှင့်ထိစပ်နေပြီး တောင်ကျ ချောင်းရေ၊ သဲချောင်းရေများပေါများ၍ မိုးရာသီကာလတစ်လျှောက်လုံး ကားလမ်းများ၊ တံတားများ ရေတိုက်စားခံရတာဖြစ်ပါကြောင်း၊ ရခိုင်ရိုးမတောင်ခြေမှာရှိတဲ့အတွက်ကြောင့် မုန်တိုင်းအန္တရာယ်ခံခဲ့ ရပြီးလို့ရှိရင် ၂၀၁၅ ခုနှစ်မှာဆိုရင် သဘာဝဘေးအန္တရာယ်ကြောင့် စေတုတ္တရာမြို့တစ်မြို့လုံးဟာ ရေမြုပ်တဲ့အထိ ဘေးအန္တရာယ်ကိုရင်ဆိုင်ခဲ့ရပြီး ပြန်လည်ထူထောင်စမြို့လေးဖြစ်ပါကြောင်း၊  မြောင်း၏အတွင်းဘက် သမုတ်လယ်ယာမြေဟာဆိုရင်လည်း ၉၅ ဧကမှ ၄၀ ဧက ကျော်သည်လည်း ရေတိုက်စားခံရပြီး အဝင်အဝကျောက်မြောင်းကြီးပျက်စီးကာ ကိုယ်ထူကိုယ်ထ ပြန်လည်မတူးဖော်နိုင်ဘဲ ၃ နှစ်ကြာ လယ်မြေမစိုက်ခဲ့ရဘူးကြောင်း၊ တခြားသီးနှံများ စိုက်ပျိုးနေရတာဖြစ်ပြီး မြောင်းပျက်စီးသွားတဲ့အခြေ အနေဖြစ်ပြီး ရေပြည့်ဝစွာမပေးဝေနိုင်တဲ့အတွက်ကြောင့် စပါးအထွက်နှုန်းကျဆင်းခြင်း၊ ကုန်ဈေးနှုန်း သာတက်ပြီး လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် စိုးရိမ်ပူပန်သောက ရောက်နေသော အခြေအနေနဲ့ ကြုံတွေ့နေရတာဖြစ်ပါကြောင်း ၊ မိသားစုဘဝရပ်တည်ရေးခက်ခဲပြီး လယ်ယာလုပ်ငန်းကို စွန့်လွှတ်ကာ အိမ်နီးချင်းနိုင်ငံများသို့သွားပြီး ဖြေရှင်းနေရတဲ့အခြေအနေ ဖြစ်ပါကြောင်း။

စေတုတ္တရာမြို့နယ်ရှိ မြောင်းကြီးသည် မြို့အလယ်ကနေပြီးတော့ အမှတ်(၁)၊ အမှတ်(၂)ကို ဖြတ်သန်းစီးဆင်းတဲ့အတွက်ကြောင့် မြို့နယ်လူထု သောက်သုံးရေ လုံလောက်စွာရရှိခြင်း၊ မီးဘေး အန္တရာယ်ကာကွယ်ရေးဆိုင်ရာများဖြေရှင်းနိုင်ခြင်း၊ မိုးရာသီတွင် ရေတိုက်စားခံရ၍ အရေးပေါ်စက် ယန္တရားငှားရမ်းပြီး သိန်း ၁၀၀ ကျော် နှစ်စဉ်ကုန်ကျခြင်းတို့ လျှော့ချနိုင်ခြင်းကြောင့် ဝင်ငွေ ခိုင်မာတိုးတက်လာပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ ဟန်ချက်ညီ တိုးတက် လာနိုင်မှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအနေဖြင့် ပထဝီအနေအထားအရ တောင်ကျ ချောင်းရေ ကြီးခြင်း၊ ရေတိုက်စားခြင်းနှင့် နှစ်စဉ်ခံနေရသောကြောင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် နှစ်စဉ်ဆောင်ရွက်နေသော လယ်သမားများဘဝကို ငဲ့ညှာသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖော်ဆောင်ရာတွင် လည်းကောင်း၊ စားနပ်ရိက္ခာဖူလုံစေရန်အတွက်လည်းကောင်း၊ ပြည်သူယုံကြည်သောလွှတ်တော်၊ ပြည်သူအားကိုး သောအစိုးရဖြစ်သည်နှင့်အညီ စေတုတ္တရာမြို့နယ် တောင်သူလယ်သမားများ ရာသီမရွေး ရေပေးဝေနိုင်သည့် ရေတိုက်စားမှုဒဏ်၊ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသော ရေလွှဲ မြောင်းကြီးကို တောင်ခြေမှကပ်၍ ပေ ၄,၀၀၀ ကျော်မြောင်း အား ဖောက်လုပ်ပေးနိုင်ခြင်းရှိ မရှိ၊ ရှိမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ချပေးနိုင်မည်ကိုသိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်က                   စေတုတ္တရာမြို့နယ်၊ မြို့မကွင်းအမှတ် ၉၅၊ ၉၃/က၊ ၉၃/ခ စိုက်ပျိုးဧရိယာ၄၁၅ ဧက အတွက်ရေပေးဝေနေသည့်အဝင်ဝမြောင်း(ရေသွင်းမြောင်း)သည် မြို့မမြောင်း သို့ ရေသွင်းယူသည့် မူလရေသွင်းမြောင်းဖြစ်ပါကြောင်း။

စေတုတ္တရာမြို့အနီးရှိ ဆီမီးချောင်းပေါ်တွင် ဒေသခံတောင်သူများ၏ အစီအစဉ်ဖြင့်
သစ်ခက်ဆည်များတည်ဆောက်၍ မူလရေသွင်းမြောင်းမှ မြို့မမြောင်းအတွင်းသို့ ရေသွင်းယူကာ စိုက်ပျိုးဧရိယာ ၄၁၅ ဧကနှင့် သမုတ်မြောင်းမှတစ်ဆင့် စိုက်ပျိုးမြေဧရိယာ ၃၅ ဧက စုစုပေါင်း စိုက်ပျိုးမြေဧရိယာ ၄၅၀ဧက ဖြစ်ပါကြောင်း ၊ မူလရေသွင်းမြောင်းနှင့် သမုတ်မြောင်းအဝတို့မှာ ဆီမီးချောင်း၏ ရေလွှမ်းဧရိယာအတွင်း ဖောက်လုပ်ထားသဖြင့် ၂၀၂၄ ခုနှစ် ဆီမီးချောင်း ရေကြီး ရေလျှံဖြစ်ပေါ်ချိန်တွင် ထိခိုက်ပျက်စီးခဲ့၍ ဆီမီးချောင်းရေကြီးရေလျှံမှုဖြစ်ပေါ်ပါက ရေသွင်း မြောင်းများ ထိခိုက်မှုမရှိစေရန်နှင့်နှစ်စဉ် ပြုပြင်ထိန်းသိမ်းစရိတ် လျော့နည်းသက်သာစေရန်အတွက်
သမုတ်တောင်ခြေရှိ သမုတ်မြောင်းအား အောက်ခြေအကျယ် ၁၀ ပေ၊ အမြင့် ၄ ပေ၊ အလျား ၃,၀၀၀ ပေ ခန့်ကို ပုံစံကျတူးဖော်ဆောင်ရွက်ပြီး အလျား ၁,၀၀၀ ပေခန့်ကို နေရာပြောင်း၍ ရေသွင်းမြောင်း အသစ် ဆက်လက်တူးဖော်ဆောင်ရွက်ခြင်း၊ ဆီမီးချောင်းရေကိုရယူနိုင်ရန် တိုးချဲ့ဖောက်လုပ်မည့် ရေသွင်းရေယူမြောင်းထိပ်တွင် ကျောက်စီမြေကာနံရံ အလျား ၁၅၀ ပေ ခန့်နှင့် ကျောက်စီရေမြောင်း အလျား ၃၀၀ ပေခန့် တည်ဆောက်ခြင်း၊ ရေသွင်းမြောင်းအသစ်အတွက် က.ပ.စ လမ်းနှင့်အပြိုင် ဖောက်လုပ်ရမည့်အပိုင်း၌ လမ်း၏ခံနိုင်ဝန်ကို မထိခိုက်စေရန် ကျောက်စီရေမြောင်း အလျား ၅၀၀ ပေ ခန့်တည်ဆောက်ခြင်းလုပ်ငန်းများကို တစ်ဆက်တည်းဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါကြောင်း။

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းရှိ မြို့မမြောင်းအတွင်းသို့ ရေသွင်းယူသည့် မြောင်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၏ တည်နေရာပြမြေပုံအားလည်းကောင်း ၊ ရေသွင်းမြောင်းအသစ်ဖောက်လုပ်မည့် အူကြောင်းတစ်လျှောက်ရှိ ကွင်းဆင်းစစ်ဆေးခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံများအားလည်းကောင်း မြေပြင်တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်တဲ့ မှတ်တမ်းဓာတ်ပုံ များအား တင်ပြထားပါကြောင်း၊ ရေသွင်းမြောင်းအသစ်သည် တောင်ခြေမှပတ်၍ လယ်ယာမြေ များပေါ်တွင် ဖြတ်သန်းဖောက်လုပ်ရမှာဖြစ်ကာ တူးမြောင်းတိုးချဲ့ခြင်းနှင့် တူးမြောင်းအသစ်ဖောက် လုပ်ရန်အတွက် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၏ ပူးပေါင်းကူညီမှုကိုရယူကာ မြောင်းအသစ်ဖောက်လုပ် မည့် ဧရိယာတစ်လျှောက်ရှိ တောင်သူများနှင့် ညှိနှိုင်းသဘောတူညီမှုရရှိရေး ဦးစွာဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါကြောင်း၊ တောင်သူများ၏ သဘောတူညီချက်ရရှိမှသာ ရေသွင်းမြောင်း တိုးချဲ့ခြင်းနှင့် အသစ်ဖောက်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရေး လျာထားစီမံနိုင်မှာ ဖြစ်ပြီး မြို့မမြောင်းနှင့်သမုတ်မြောင်းသောက် တောင်သူများအား တွေ့ဆုံဆွေးနွေးခဲ့သည့် မှတ်တမ်း ဓာတ်ပုံများ ကိုလည်း တင်ပြအပ်ပါကြောင်း။

ရေသွင်းမြောင်းတိုးချဲ့ခြင်းနှင့် အသစ်ဖောက်လုပ်ခြင်းဖြင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ပါက မူလရေသွင်းမြောင်းထိခိုက်မှု သက်သာစေခြင်း၊ နှစ်စဉ်ပြုပြင်ထိန်းသိမ်းစရိတ် လျော့နည်း သက်သာ စေခြင်း၊ မိုးစပါးစိုက်ဧရိယာ ၄၅၀ ဧကရေရရှိမှု သေချာစေခြင်း၊ စေတုတ္တရာမြို့အတွင်း ဖြတ်သန်း စီးဆင်းနေသော မြို့မမြောင်းရေပြတ်လပ်မှုမရှိသဖြင့် သောက်သုံးရေရရှိစေခြင်း၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်ပါက ငြှိမ်းသတ်နိုင်ရန်ရေရရှိခြင်း စသည့် အကျိုးကျေးဇူးများရရှိမှာ ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၏ ပူးပေါင်း ကူညီမှုကိုရယူကာ ရေသွင်းမြောင်းတိုးချဲ့ခြင်းနှင့် မြောင်းအသစ်ဖောက်လုပ်ရာတွင် မြေဧရိယာ ပါဝင်သည့် တောင်သူများနှင့်ညှိနှိုင်းပြီး သဘောတူညီချက်ကိုရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကာ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာ ရန်ပုံငွေတွင် တောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးမိုးတင်(စေတုတ္တရာမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်၊

အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်ဆိုတာ အတိအကျ ဘဏ္ဍာရေးနှစ်ကို သိလိုပါကြောင်း ဆက်စပ်မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်က                   တောင်သူများနှင့်ညှိနှိုင်းရန်ကိစ္စလေးကို ဦးစွာဆောင်ရွက်ရန် တောင်သူများအား မေးမြန်းရာ တွင် ၁၀ ဦးခန့်ရှိပြီး ဒီ ၁၀ ဦးကို ညှိနှိုင်းလို့ရမယ်မည်ဆိုပါက တိုင်းဒေသကြီးအစိုးရက ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အမီ ရန်ပုံငွေတောင်းခံခြင်းတွင် အချိန်မီလျှင် ထည့်သွင်းပေးမည်ဟု သိရှိရပါ‌ကြောင်း၊ ညှိနှိုင်းမှုကို အမြန်ဆုံးဆောင်ရွက်တယ်ဆိုရင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်ကို အမီထည့်သွင်းခြင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆက်စပ် ဖြေကြားခဲ့ပါသည်။