နောက်ဆုံးရသတင်းများ
MY EN

(င)- ဒေါ်ဇာခြည်လွင်(မိုးညိုမဲဆန္ဒနယ်)

2026-07-30
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(င)- ဒေါ်ဇာခြည်လွင်(မိုးညိုမဲဆန္ဒနယ်)

မိုးညိုမြို့နယ်အတွင်းရှိ နတ်တလင်း-မိုးညို-လက်ပံတန်းလမ်းပိုင်းရှိ ပျက်စီးနေသည့်အပိုင်းဖြစ်သော ၈ မိုင် ၅ ဖာလုံအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညို မြို့နယ်အတွင်းရှိ နတ်တလင်း-မိုးညို-ဇင်းချောင်း-လက်ပံတန်း ဆက်သွယ်ရေးလမ်းသည် မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၂ အုပ်စု အသုံးပြုသွားလာရသည့်အပြင် နတ်တလင်း-မိုးညိုနှင့် လက်ပံတန်း-မိုးညိုတို့ကို ဆက်သွယ်သည့်မြို့နယ်ချင်းဆက်လမ်းလည်းဖြစ်ပြီးမြို့နယ်အတွင်းရှိပြည်သူများသည် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေးအစရှိသော အလုံးစုံကိစ္စများအတွက် နိစ္စဓူဝအသုံးပြုနေသော လမ်းဖြစ်ပါကြောင်း၊ လမ်းဘေးဝဲ/ယာတွင် ဌက်ပျော်စိုက်ခင်းများ၊ ကျွဲကောခြံများ၊ သီးနှံစိုက်ခင်းများ၊ ကြက်၊ ဘဲ၊ ဝက်မွေးမြူရေးခြံများ မြောက်မြားစွာရှိနေပြီး အသေးစား၊ အလတ်စားလုပ်ငန်းများ အတွက်ဒေသထွက်ကုန်ကြမ်းများထိုလမ်းမှတစ်ဆင့်ရရှိသောကြောင့်အစိုးရသစ်၏SMEလုပ်ငန်းများ ဖွံ့ဖြိုး၏တိုးတက်ရေးအတွက် အထောက်အကူပြုနေသော လမ်းတစ်လမ်း ဖြစ်ကြောင်း၊  ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများသည်လည်း အဆိုပါလမ်းဘေးတွင် အများစုတည်ရှိနေပြီး လူဦးရေသိန်းချီ နေ့စဉ်သွားလာနေသောလမ်း ဖြစ်ပါတယ်ရှင်။ လူသွားလူလာများပြားသောကြောင့် လမ်းများ ပိုမို ပျက်စီးနေပြီး သွားလာရခက်ခဲကြန့်ကြာနေလျက်ရှိပါတယ်ရှင်။

မိုးညိုမြို့နယ်၊ လက်ပံတန်းမြို့နယ်ကနေပြီး နတ်တလင်း-ရွှေတောင်အထိ ၅ မြို့နယ်လောက် ဧရာဝတီမြစ်ကို ကန့်လန့်ဖြတ်နေသော အလျားလိုက်လမ်းဖြစ်ပြီး လမ်းက အားလုံး ၄၃ မိုင်ကျော် ပါကြောင်း၊ အဲဒီလမ်းပိုင်းမှာ ဆိုးရွားစွာပျက်စီးနေတဲ့အပိုင်းများမှာ အားလုံး ၈ မိုင်ကျော် ရှိပြီး အဲဒီအပိုင်းတွေကို ထပ်ပိုးလွှာခင်းပေးရန် တောင်းဆိုခြင်းဖြစ်ပါကြောင်း၊ လမ်းပိုင်းတချို့က နဂိုက ကတ္တရာလမ်း၊ ယခုက ကတ္တရာတွေကွာနေပြီး မြေနီမြေသားလမ်းတွေက ဆိုးရွား နေတဲ့အပိုင်းတွေ ဖြစ်ပါကြောင်း၊  စာသင်ကျောင်းတွေရဲ့ရှေ့မှာ လူသွားလူလာများပြားတဲ့အတွက် ကတ္တရာကွာနေခြင်း၊ ကလေးတွေအနေဖြင့် လမ်းပေါ်က ကားတွေရှောင်မယ်ဆိုလျှင် အဲဒီနေရာက ချိုင့်ခွက်တွေရှိနေတဲ့ အတွက် အန္တရာယ်များပါကြောင်း၊ နိစ္စဓူဝ၊ ဒီလမ်းကို တစ်မြို့နယ်လုံးလည်း ဖြတ်သန်းတဲ့လမ်း၊ တစ်ရွာနှင့်တစ်ရွာ၊ တစ်အိမ်နှင့်တစ်အိမ်ကူးလျှင်တောင် အသုံးပြုတာဖြစ်ပြီး နယ်မြေကွင်းဆင်းလျှင် လည်းဒီလမ်းကို အသုံးပြုတာဖြစ်တဲ့အတွက် ကားရှောင်ရင်းနဲ့ Accident ခဏခဏဖြစ်ပြီး ဒဏ်ရာ များစွာပေးတဲ့လမ်း ဖြစ်ပါကြောင်း၊ ၄၃ မိုင်ကတော့ အစိုးရက ပြင်ဆင်နေတဲ့လမ်း မိုင်တိုင်အမှတ် တွေပဲ ဖြစ်ပြီး အားလုံး ၈ မိုင် ၅ ဖာလုံနှင့် ၂၂၀ ပေ ရှိပါကြောင်း။

ပျက်စီးနေတဲ့အပိုင်းများအားလုံး ၈ မိုင် ၅ ဖာလုံနှင့် ၂၂၀ ပေရှိ၍ ဘဏ္ဍာနှစ်အလိုက် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ပြုလုပ်ရန်အစီအစဉ်ရှိ မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က

လက်ပံတန်း-မိုးညို-နတ်တလင်း လမ်းသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်နှင့် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တို့ကို ဆက်သွယ်ထားပြီး ၆၈ မိုင်၊ ၇ ဖာလုံ အရှည်ရှိတဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊  လက်ပံတန်း-မိုးညို-နတ်တလင်းလမ်းရဲ့ မိုးညိုမြို့နယ်အပိုင်းသည် ၄၃ မိုင်၊ ၂ ဖာလုံရှိပြီး လက်ရှိ အခြေအနေမှာ ကွန်ကရစ်လမ်း ၁၄ မိုင်၊ ၃ ဖာလုံ၊ ကတ္တရာလမ်း ၂၈ မိုင်၊ ၅ ဖာလုံ၊ ကျောက်ခင်းလမ်း ၂ ဖာလုံ ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ လမ်းမိုင်ပေါင်း ၂,၄၃၀ မိုင်ရှိပြီး လက်ရှိ အခြေအနေ မှာ ကတ္တရာကွန်ကရစ်လမ်း ၃၁၉ မိုင်၊ ၄ ဖာလုံ၊ ကွန်ကရစ်လမ်း ၂၉၈ မိုင်၊ ၅ ဖာလုံ၊ ကတ္တရာလမ်း ၉၃၇ မိုင်၊ ၅ ဖာလုံ၊ ကျောက်လမ်း ၂၇၈ မိုင်၊ ၄ ဖာလုံ၊ အမာခံလမ်း ၂၇၁ မိုင်၊ ၆ ဖာလုံ နှင့် မြေသား လမ်း ၃၂၄ မိုင်ဖြစ်ပါကြောင်း ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မိုးညိုမြို့နယ်အတွင်းရှိ အောက်ပါလုပ်ငန်းများကို ခွင့်ပြုထားပြီးဖြစ်ပါ ကြောင်း-

(က)    ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၂ ဖာလုံ၊

(ခ)     လမ်းအနိမ့်အမြင့်မြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၆ ဖာလုံ လုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ၊ 

လက်ပံတန်း- မိုးညို-နတ်တလင်းလမ်း၏ ကတ္တရာလမ်းပျက်စီးမှုဖြစ်ပေါ်နေသော ၈ မိုင်၊ ၅ ဖာလုံလမ်းပိုင်းအား ဦးစားပေးအစီအစဉ်အလိုက်၂၀၂၇-၂၀၂၈ဘဏ္ဍာရေးနှစ်မှစ၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့်ပေါင်းစပ်၍ ရှင်းလင်းဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဒေါ်ဇာခြည်လွင်(မိုးညိုမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်

        ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှာ မိုင်မည်မျှဆောင်ရွက်မည် ဆိုသည်ကို တိတိကျကျ သိလိုပါ ကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က

  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲတဲ့လမ်းဖြစ်ပြီး ပြည်ထောင်စုလမ်းနဲ့ ပြည်နယ် လမ်းဆိုတာရှိပါကြောင်း၊ တိုင်းဒေသကြီးစီမံခန့်ခွဲတဲ့လမ်းဖြစ်တဲ့အတွက် တိုင်းဒေသကြီးကို ၂၀၂၇ ခုနှစ် မှာ ၈ မိုင်၊ ၅ ဖာလုံကို ထည့်ပြီးတင်ပြထားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။