နောက်ဆုံးရသတင်းများ
MY EN

(စ)- ဦးမောင်မောင်စိုး(သာပေါင်းမဲဆန္ဒနယ်)

2026-07-30
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(စ)- ဦးမောင်မောင်စိုး(သာပေါင်းမဲဆန္ဒနယ်)

သာပေါင်းမြစ်ကူးတံတား (ငဝန်)၊ ဆင်လမ်းဖာစည်ကွင်းတံတား(ဒါးက)နှင့် ကားကြီးကွင်း ယာဉ်ရပ်နား စခန်း(ထွန်စက်ကုန်း) တို့အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးမည်ကို သိရှိလို ခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

သာပေါင်းမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် အနိမ့်ကျဆုံးမြို့နယ်တစ်ခုအဖြစ် တည်ရှိနေသည့်အတွက် ထိုလမ်းပန်းဆက်သွယ်ရေးခက်ခဲနေသည့် မြေပြင်အခြေအနေကို ကိုယ်တိုင် ကိုယ်ကျ သိရှိနိုင်ရန်အတွက် ယခင်က နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် သာပေါင်းမြို့နယ်အတွင်း ၉-၁-၂၀၂၆ ရက်တွင် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သာပေါင်းမြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိမြို့ဖနှင့်တွေ့ဆုံခဲ့သည့်အခါ မြို့မိမြို့ဖများမှ သာပေါင်း-ဒါးကလမ်း‌ ဖောက်လုပ်ပေးရန်နှင့် ထိုလမ်းအတွက် မြစ်ကူးတံတား ၂ စင်းထိုးပေးရန် ရှင်းလင်းတင်ပြခဲ့ရာ ယခုသမ္မတကြီးမှ သာပေါင်း-တက္ကမြို့သွားရာလမ်းပေါ်ရှိ သာပေါင်းမြစ်ကူး တံတား(ငဝန်)နှင့် ဆင်လမ်းဖာစည် ကွင်းတံတား(ဒါးက) ဆောက်လုပ်ပေးနိုင်ရေးနှင့် ကားကြီးကွင်း ယာဉ်ရပ်နား စခန်း(ထွန်စက်ကုန်း)တို့အား ခွင့်ပြုပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် အလေးထား ဘတ်ဂျက်ရေးဆွဲပြီး အမြန်ဆုံးတည်ဆောက်ပေးရမည်ဖြစ်ကြောင်း ညွှန်ကြားထားခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများအားလုံးမှ ထပ်တူထပ်မျှ မျှော်လင့်အားကိုးခဲ့ရသည့် ကတိကဝတ်လည်း ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ဆင်လမ်းဖားစည်ကွင်း တံတားသည် ပေ ၆၀၀ ခန့်ရှိပြီး ကုန်ကျမည့် ငွေပမာဏ ခန့်မှန်းချေသည် ကျပ် ၈ ဘီလီယံခန့်ရှိပြီး သာပေါင်းမြစ်ကူးတံတား (ငဝန်)မှာ ပေ ၁,၂၀၀ ခန့်ရှိပြီး ကုန်ကျမည့်ခန့်မှန်းငွေ ၁၆ ဘီလီယံခန့် ဖြစ်ပါသောကြောင့် ထိုတံတား ၂ စင်းထိုးပေးလျှင် စုစုပေါင်းကျပ် ၂၄ ဘီလီယံခန့်ကုန်ကျမည် ဖြစ် ကြောင်း။

အဆိုပါတံတား ၂ စင်းကိုသာ တည်ဆောက်ပေးနိုင်မည်ဆိုပါက ထိုလမ်းကြောင်း တစ်လျှောက်ရှိ ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာပေါင်း ၁၇ ရွာသာမက သာပေါင်းမြို့နယ် တစ်မြို့နယ်လုံးရှိ  လူဦးရေ ၁၂၀,၀၀၀ ကျော်၊ အိမ်ခြေပေါင်း ၃၉,၀၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၄၀,၀၀၀ ကျော်ရှိသည့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများ ရုတ်ချည်းတိုးတက်ပြောင်းလဲသွားမည်ဖြစ်ပါကြောင်း၊ သာပေါင်းမြို့မှ ပုသိမ်-ရန်ကုန် ကားလမ်းသို့ လွယ်ကူစွာ ဆက်သွယ်နိုင်မည့်အပြင် လမ်းဦးစီးဌာနမှ ဆောင်ရွက်နေသည့် သာပေါင်း မြို့ပတ်ဝန်းကျင်ကျေးရွာချင်းဆက်လမ်းများအားလုံးအတွက် အဓိက အသက်သွေးကြောဆုံချက်ကြီး ကွန်ရက်သဖွယ်ဖြစ်လာမည်ဖြစ်ပါကြောင်း၊ သာပေါင်းမြို့မှ ရန်ကုန်သို့သွားသည့်အခါ ပုသိမ်မြို့မှ တစ်ဆင့် ပတ်ပြီးသွားရသည့်အတွက် ၆ နာရီခန့် ကြာမြင့်ပါကြောင်း၊ ရန်ကုန်-သာပေါင်း လမ်းပိုင်း သည် ၎င်းတံတားပြီးမြောက်မည်ဆိုလျှင် ရန်ကုန်ကို ၃ နာရီလောက်နှင့် အချိန်တိုအတွင်း ခရီးသွားလာနိုင်မည်ဖြစ်ပါကြောင်း၊  ထို့နောက် သာပေါင်းမြို့နယ်အတွင်း၌ ကားကြီးကွင်းကဲ့သို့သော မြို့နယ်အတွင်း စနစ်ကျသည့်ယာဉ်ရပ်နားစခန်း၊ ကားကြီးကွင်းမရှိသေးသည့်အတွက် ခရီးသည် တင်ယာဉ်နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များသည် စနစ်တကျသွားလာရပ်နားရန် ခက်ခဲနေပြီး မြို့ပေါ်ရှိ လမ်းမများပေါ်တွင် အဆင်ပြေသလို ရပ်နားရသည့်အတွက် လမ်းကြောများ ပိတ်ဆို့ခြင်း၊ ဒေသတွင်းကုန်စည်စီးဆင်းမှုကို နှောင့်နှေးကြန့်ကြာစေခြင်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်စကများ လည်း အဆမတန် မြင့်မားနေခြင်း၊ မြို့တွင်းလမ်းများ သန့်ရှင်းသပ်ရပ်မှုမရှိခြင်း၊ လမ်းခရီးကြန့်ကြာ မှုကြောင့် ဒေသထွက်ကုန်များ လေလွင့်ပျက်စီးခြင်း၊ လယ်သမားနှင့် ပြည်သူများ စီးပွားရေးအရ နစ်နာဆုံးရှုံးမှုများဖြင့် နေ့စဉ်ကြုံတွေ့နေရပါကြောင်း။

သာပေါင်းမြို့မှ ယနေ့အထိ လက်ရှိအဝေးပြေးယာဉ်ကြီး ၂၇ စီးနှင့် အိုးဝေယာဉ်ငယ်ပေါင်း ၃၇ စီး နေ့စဉ်ပြေးဆွဲလျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှသာ ဒေသတစ်ခုလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သည့်အတွက် အဝေးပြေးယာဉ်ရပ်နားစခန်း ကားကြီးကွင်း နေရာအား ယခင်စက်မှုလယ်ယာဦးစီးဌာနပိုင် ထွန်စက်ကုန်းနေရာ မြေဧက ၂.၁၄ ဧကရှိ မြေနေရာ တွင် လျာထားသတ်မှတ် အကောင်အထည်ဖော်ပေးရန် မြေနေရာလည်းရှိပြီးဖြစ်သည့်အတွက် ခွင့်ပြု မိန့် ချထားဆောင်ရွက်ပေးလိမ့်မည်ကိုလည်း ဒေသခံပြည်သူအားလုံးမှ ယုံကြည်လျက်ရှိနေပါ ကြောင်း။

သို့ပါ၍ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ဆောင်ရွက်ပေးရန် လမ်းညွှန်မှုပြုခဲ့သည့် သာပေါင်းမြစ်ကူးတံတား (ငဝန်)နှင့် ဆင်လမ်း-ဖားစည်ကွင်းတံတား (ဒါးက) တို့ကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ဖြစ်ကြောင်းနှင့် ကားကြီးကွင်းယာဉ် ရပ်နားစခန်း ထွန်စက်ကုန်းမြေနေရာ  ၂.၁၄ ဧကအား သုံးစွဲနိုင်ရန်အတွက် ခွင့်ပြုမိန့်အား မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမျိုးမြင့် က

ငဝန်မြစ်ကူးတံတား (သာပေါင်း) သည် သာပေါင်းမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူ ကျေးရွာအုပ်စု၊ ဖားစည်ကွင်းကျေးရွာသို့ ဆက်သွယ်ထားသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနပိုင်လမ်းပေါ်ရှိ ငဝန်မြစ်ကိုဖြတ်၍ တည်ဆောက် ရမည့် တံတားဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော သာပေါင်း-ရေနံ့သာလမ်းအား မိုင်တိုင်အမှတ်(၀/၇)တွင် ချိတ်ဆက်သွားရမည်ဖြစ်ပါကြောင်း၊ ငဝန်မြစ်ကူး တံတားအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကွင်းဆင်းလေ့လာချက်အရ တည်ဆောက်မည်ဆိုပါက မြစ်ကမ်းနှစ်ဖက် အကွာအဝေး ၁၂၀၀ ပေခန့်ရှိပြီး ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ခရီးသည်တင် သင်္ဘောများ ဝင်ထွက်သွားလာနိုင်ရန်အတွက် ရေလမ်းကင်းလွတ်အမြင့် ၄၀ ပေနှင့် ချဉ်းကပ်တံတား အပါအဝင် အရှည် ၁၇၀၀ ပေခန့် မြစ်ကူးတံတားကြီးအဖြစ် တည်ဆောက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ငဝန်မြစ်သည် ရေစီးသန်၍ ရေအနက်များခြင်း၊ မြစ်ကမ်းပါး တည်ငြိမ်မှုမရှိခြင်း တို့ကြောင့် အသေးစိတ်ဖြစ်မြောက်နိုင်စွမ်းလေ့လာဆန်းစစ်မှုနှင့် အသေးစိတ်ဒီဇိုင်းပုံစံများ ရေးဆွဲရန် ဆောင်ရွက်လျက်ရှိပါသဖြင့် လတ်တလော တည်ဆောက်ရန် အစီအစဉ် မရှိသေးပါကြောင်း။ 

ဆင်လမ်း ဖားစည်ကွင်းတံတား(ဒါးက) တည်ဆောက်ပေးနိုင်ရန်နှင့် စပ်လျဉ်း၍ သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပေးပို့လာသော ဖြေကြားချက်များအရ အဆိုပါတံတားသည် အနောက်ဘက်ကမ်းရှိ မကျီးကုန်း - ဆင်လမ်းအရှည် ၂ မိုင် ၆ ဖာလုံနှင့် အရှေ့ဘက်ကမ်းရှိ ဆည်မြောင်းတာဘောင်လမ်းတွင်ရှိသည့် ဖားစည်ကွင်းကူးတို့ဆိပ်နှင့် ဆက်သွယ်ရန် လျာထားတည် ဆောက်ရမည့် တံတားဖြစ်ပါကြောင်း၊ ဆင်လမ်း  ဖားစည်ကွင်းတံတား(ဒါးက)သည် ပဏာမတိုင်းတာ တွက်ချက်မှုများအရ အရှည် ၆၆၀ ပေရှိသော အောက်ထည်သံကူကွန်ကရစ်နှင့် အပေါ်ထည်ဘေလီ သံပေါင်တံတားအဖြစ်တည်ဆောက်ရန် လျာထားသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တံတား တည်ဆောက်ခြင်း ပထမပိုင်းအတွက် ရန်ပုံငွေလျာထားပြီးဖြစ်ကြောင်း ပြန်ကြားလာပါကြောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တံတားတည်ဆောက်ရန် လုပ်ငန်းအပ်နှံလာပါက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တည်ဆောက်ခြင်းလုပ်ငန်းများအား စတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကနဦးအနေဖြင့် တံတားပုံစံထုတ်လုပ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

သာပေါင်းကားကြီးကွင်းယာဉ်ရပ်နားစခန်း(ထွန်စက်ကုန်း) မြေနေရာသည် နိုင်ငံတော် ပိုင်မြေအဖြစ် သတ်မှတ်ထားသောကြောင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်ပိုင် မြေမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် အသုံးပြုခွင့်ရရှိရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မော်တော်ယာဉ်ရပ်နားစခန်း တည်ဆောက်နိုင်ရေးအတွက် လိုအပ် သည်များ ဆောင်ရွက်လျက်ရှိပါကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သော အချက် အလက်များနှင့်ပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးမောင်မောင်စိုး(သာပေါင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

၂၀၂၆ -၂၀၂၇ ပထမပိုင်းအတွက် ရန်ပုံငွေလျာထားပြီးဖြစ်ကြောင်း ဖြေဆိုသွားသည်ကို တွေ့ရပါကြောင်း၊ တံတားနှစ်စင်းဖြစ်နေသည့်အတွက် မည်သည့်တံတားကို အရင်လုပ်မည်လဲ သို့မဟုတ် တံတားနှစ်စင်းကို တစ်ပြိုင်နက်ထဲ ၂၀၂၆ -၂၀၂၇ ပထမပိုင်းအတွက် ရန်ပုံငွေတွင် လျာထားပြီးဖြစ်ပါသလား တိတိကျကျသိချင်ပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က 

ပထမတံတားတစ်စင်းကို လောလောဆယ်တည်ဆောက်ရန် အစီအစဉ်မရှိသေးသည်ကို ဖြေကြားထားပါကြောင်း၊ ဒုတိယတံတားကို ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိမိတို့ထံ လုပ်ငန်းအပ်နှံလာပါက ဆောင်ရွက်ရန် အစီအစဉ်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။