နောက်ဆုံးရသတင်းများ
MY EN

(ဇ)- ဒေါက်တာပွင့်ဆန်း(ရပ်စောက်မဲဆန္ဒနယ်)

2026-07-30
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

()- ဒေါက်တာပွင့်ဆန်း(ရပ်စောက်မဲဆန္ဒနယ်)

ရွှေညောင်-ရပ်စောက်-အင်တော-ကျောက်ဂူ-နောင်ချိုလမ်းဆင်တဲတံတားနှင့်ပစောက်ကွေ့တံတား တို့အား လမ်းအကျယ် ၂၈ ပေ၊ တံတားခံနိုင်ဝန် ၆၀ တန် RCC တံတားများအဖြစ် တည်ဆောက်ရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ရွှေညောင်-ရပ်စောက်လမ်းပိုင်းသည်ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကို ဆက်သွယ်ပေးထားသည့်  ရွှေညောင်-ရပ်စောက်အင်တော-ကျောက်ဂူ-နောင်ချို ပြည်ထောင်စုလမ်းမ(NH-31)၏ အစပိုင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စု အစိုးရမှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ ဗထူးတပ်နယ်အပါအဝင် ရွာငံ၊ ပင်းတယ၊ အောင်ပန်းမြို့များနှင့်လည်း ချိတ်ဆက်ထားသည့် လမ်းမကြီးဖြစ်ပါကြောင်း၊ ဒေသတွင်းကုန်စည်စီးဆင်းမှု၊ လူမှုရေး၊ စီးပွားရေး နှင့် စစ်ရေးဗျူဟာအရလည်း အရေးပါသည့် လမ်းမကြီးဖြစ်ပါကြောင်း၊ အဆိုပါ လမ်းမကြီးပေါ်တွင် တန်ချိန် ၃၀၊ ၄၀ အလေးချိန်ရှိသည့်ပြောင်း၊ ဆန်အိတ်များ တင်ထားသည့် တွဲကားကြီးများ၊ သစ်လုံး တင်ကားကြီးများ၊ စက်သုံးဆီဘောက်ဆာကားကြီးများ၊ ဒေသထွက်သရက်၊ ထောပတ်၊ လက်ဖက်၊ လိမ္မော်တင်ကုန်ကားများ၊ လူစီးဘတ်စ်ကားကြီးများ၊ စိုက်ပျိုးရေးသွင်းအားစုတင်ကုန်ကားများ ဖြတ်သန်းသွားလာနေတာ ဖြစ်ပါကြောင်း၊ ခံနိုင်ဝန်အား ၁၃ တန်ရှိသည့်  အဆိုပါဘေလီတံတား ၂ စင်းပေါ်မှလည်း ဖြတ်သွားရပါကြောင်း

တောင်ကြီးမြို့နယ်အပိုင်းရှိ ဆင်တဲတံတားဖြစ်ပြီး ၁၃ တန်ခံနိုင်ဝန်အားသာရှိသည်ဟု  ရေးထားပြီး အောက်မှ ချောင်းပေါ်တွင် ဖြတ်ဆောက်ထားကြောင်း၊ မိုးတွင်းတွင် ရေတော်တော်မြင့် သည့်အပိုင်း ရှိပါကြောင်း၊ တံတားပေါ်ကမဖြတ်ဘဲ ၁၃ တန်အထက်ယာဉ်များ လမ်းလွှဲမှမောင်းပါဟု သတိပေးဆိုင်းဘုတ်ထောင်ထားပါကြောင်း၊ လမ်းလွှဲမှ တွဲကားကြီးများ၊ ၂၄ ဘီးကားကြီးများသည် ခက်ခဲစွာ အောက်မှ ဖြတ်သွားရပါကြောင်း၊ မိုးတွင်းဆိုလျှင် ဖြတ်၍ မရပါကြောင်း၊ ဗထူး-ရပ်စောက် မြို့အဝင် ပစောက်ကွေ့တံတားသည်လည်း ၁၃ တန် ခံနိုင်ဝန်အားသာ ဖြတ်ပါဟုပြောသော်လည်း မဖြစ်မနေ လမ်းလွှဲမရှိသည့်အတွက် ကားကြီး၊ ကားသေးအားလုံး ထိုတံတားပေါ်မှ ဖြတ်ရပါကြောင်း။

အကယ်၍ ထိုဘေလီတံတားများသည် လေးလံသည့် မနိုင်ဝန်ကြောင့် ကျိုးကျပျက်စီးပါက လူများ၊ ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးသည်သာမက လမ်းပန်းဆက်သွယ်ရေးလည်း နှောင့်နှေး ကြန့်ကြာပြတ်တောက်နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်ပါ ဘေလီတံတား ၂ စင်းအား တန်၆၀ ခံနိုင်ဝန်အားရှိသည့် RC တံတားများအဖြစ် အဆင့်မြှင့် တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ မရှိမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်ရပ်စောက်-အင်တော-ကျောက်ဂူ-နောင်ချိုလမ်းပိုင်း သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ မိုင် ၀/၀ မှ ၃၆/၀ အထိ ရွှေညောင်-ရပ်စောက်အပိုင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ကြီးကြပ်၍ B.O.T ကုမ္ပဏီများမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလမ်းပေါ်ရှိ မိုင်တိုင် ၁၀/၄ နှင့် ၁၀/၅ အကြားတွင် ဆင်တဲတံတား ၁၀၀ ပေ၁၃ ပေ ဘေလီတံတား ၁ စင်းနှင့် မိုင်တိုင် ၃၁/၆ နှင့် ၃၁/၇ အကြားတွင် ပစောက်ကွေ့တံတား ၅၀ ပေ၁၃ ပေ ဘေလီတံတား ၁ စင်း စုစုပေါင်း ဘေလီတံတား ၂ စင်း ရှိပါကြောင်း၊ ဆင်တဲတံတားသည် ၁၉၈၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် နှစ်လွှာတစ်ထပ် ဘေလီတံတားအမျိုးအစားဖြစ်ပြီး တံတားသက်တမ်း ၃၈ နှစ် ကြာပြီဖြစ်ပါကြောင်း၊ ပစောက်ကွေ့တံတားသည်လည်း ၁၉၈၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် နှစ်လွှာ တစ်ထပ်ဘေလီ တံတားအမျိုးအစားဖြစ်ပြီး တံတားသက်တမ်း ၄၂ နှစ် ကြာမြင့်ပြီဖြစ်ပါကြောင်း၊ အဆိုပါတံတားများ ခံနိုင်ဝန် ၁၃ တန်ဖြင့် ခွင့်ပြုထားပြီး တံတားကြံ့ခိုင်မှုကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များကို B.O.T ကုမ္ပဏီမှ နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှယာဉ်စီးရေ ၄၆၀ စီးခန့် ဖြတ်သန်းလျက်ရှိပါကြောင်း၊ B.O.T ကုမ္ပဏီမှ ဆင်တဲတံတားအသစ် အရှည်ပေ ၁၀၀ နှစ်လမ်း သွား သံကူကွန်ကရစ်တံတားအဖြစ် တံတားဟောင်း၏ညာဘက်ခြမ်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မှ စတင်တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် တံတားတစ်စင်းလုံး ပြီးစီး အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပစောက်ကွေ့တံတားအားလည်း နှစ်လမ်းသွား သံကူကွန် ကရစ်တံတားအဖြစ် တည်ဆောက်ရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြေပြင်ကွင်းဆင်းတိုင်းတာ၍ လုပ်ငန်းများကို B.O.T ကုမ္ပဏီမှ ကနဦးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ပစောက်ကွေ့တံတားအသစ် တည်ဆောက်ခြင်းအားလည်း ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများ စတင်ဆောင်ရွက်ပြီး ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ပါသည်။