သီပေါတံတားအား မည်သို့မည်ပုံစည်းစနစ်ဖြင့် ဒေသခံပြည်သူများ ဒေသတွင်း ကား၊ ဒေသအတွင်း ကုန်စည်စီးဆင်း ဖြတ်သန်းသွားလာခွင့် ပြုပေးနိုင်ပါရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
သီပေါတံတားသည် သီပေါမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသ ဆက်သွယ်ပေးထားသည့် အရေးကြီး သည့်လမ်းကြောင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်(မြောက်)၊ ရှမ်းပြည်(တောင်)၊ ရှမ်းပြည်(ရှေ့) နှင့် မန္တလေးမြို့ များသို့သွားရာတွင် အခရာကျသည့် တံတားတစ်စင်းဖြစ်ပါကြောင်း၊ ထိုတံတား ကိုမှီခိုပြီး ပြည်သူများ၏ နေ့စဉ်ဘဝ၊ ဒေသ၏ စီးပွားရေးသည် အင်မတန် အရေးပါသည့် နေရာ တစ်ခုတွင် တည်ရှိနေပါကြောင်း၊ ဒုဋ္ဌဝတီမြစ်ကိုဖြတ်ပြီး မန္တလေးသို့ ဆက်သွား၍ ရပါကြောင်း၊ ညာဘက်ခြမ်းတွင် လားရှိုး၊ ရှမ်းပြည် (မြောက်)၊ ရှမ်းပြည်(ရှေ့)ထိ ဆက်သွယ်သွားလာနိုင်သည့် တံတားဖြစ်ပါကြောင်း၊ လက်ရှိတွင် တံတား ပိတ်ထားခြင်းသည် သွားလာရေးသာမက လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကိုပါ ထိခိုက်စေပါကြောင်း၊ ဘဝအတွက် အာမခံချက် မရှိဘဲ အသက်အန္တရာယ်များကို စွန့်စားသွားလာနေရပါ ကြောင်း၊ တံတားကြီးရှိပါလျက် မြစ်ဆိပ်မှ သွားနေရပါကြောင်း၊ လူတစ်ယောက်ကို ငွေကျပ် ၁၅,၀၀၀ ပေး၍ သွားနေရပါကြောင်း၊ ကားတစ်စီး ကို ငွေကျပ် ၅၀,၀၀၀ နှင့် ပေးသွားနေရသည့် အနေအထား တစ်ခုဖြစ်ပါကြောင်း၊ မတော်တဆဖြစ်မှု ၄ ကြိမ်ဖြစ်ပြီး သေဆုံးသူဦးရေ ၁၉ ဦးဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၅ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း မိမိတို့သည်ပြည်ထောင်စုမြန်မာနိုင်ငံသားများ ဖြစ်သည့်အတွက် မည်သည့် အရပ်ဒေသတွင်မဆို အခြေကျနေထိုင်ခွင့်ရှိပါကြောင်း၊ သို့သော် ယခုလို ကန့်သတ်ထား သည့်အခါ မဆုံးရှုံးသင့်သည့်အသက်များ ဆုံးရှုံးခဲ့ရသကဲ့သို့လူမှုစီးပွားများ များစွာထိခိုက်ခဲ့ရ ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၊ ပုဒ်မခွဲ (ခ) တွင် စီးပွားရေးလုပ်ငန်းတစ်ခုကို တရား သဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်မှဖြစ်စေ၊ အစုအဖွဲ့မှဖြစ်စေ လက်ဝါး ကြီးအုပ်ဆောင်ရွက်မှု၊ ဈေးကစားမှုပြုခြင်းကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ရမည် ဖြစ်ပါ ကြောင်း၊ သို့သော် ထိုတံတားကြီးပိတ်ထားသည့်အခါ ဒေသ၏ စီးပွားရေးတစ်ခုကို လူတစ်စု၊ အဖွဲ့အစည်းတစ်ခု ကောင်းစားရေးအတွက် လုပ်ဆောင်နေပြီး အဂတိတရားကို ဖြစ်စေပါကြောင်း။
ပုဒ်မခွဲ (ဂ) အရ နိုင်ငံတော်မှလည်း မိမိတို့ ဒေသခံပြည်သူများ၏ တိုးတက်ဖွံ့ဖြိုးရေးကို ရှေးရှုဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့သော် လက်ရှိအနေအထားသည် အောက်ဖော်ပြပါ အချက် ၃ ချက် ကြောင့် လူမှုဘဝ နိမ့်ကျလျက်ရှိပါကြောင်း၊ မိမိကိုယ်တိုင် ၇ ရက်တိတိ ရုပ်ဖျက်ပြီး တရားမဝင် အဂတိဖြစ်နေသည့်အကြောင်းအရာကို ကိုယ်တိုင်သတင်းရယူခဲ့ခြင်းဖြစ်ပါကြောင်း၊ တံတား ပိတ်ထားသည်ကို မှောင်ခိုလမ်းမှ သွားခဲ့သည့် ကားများပုံရိပ်ဖြစ်ပါကြောင်း၊ နေ့ခင်းတွင် လည်း ပေါ်တင်သွားနေပြီး ညဘက်တွင်လည်း ဖြတ်နေပါကြောင်း၊ လားရှိုးမှ မေမြို့ထိ ကား တစ်စီး ကို လမ်းကြေး သိန်း ၁၂၀၀ ပေါက်ပြီး အနည်းဆုံး တစ်နေ့လျှင် ၃ စီး ဖြတ်၍ သိန်း ၃၆၀၀ ရှိပြီး တစ်လဆိုလျှင် သိန်းပေါင်း မည်မျှရှိမည်နည်း၊ နိုင်ငံတော်တွင် အခွန်ငွေများ မည်မျှ ဆုံးရှုံး နေသည်လဲ၊ အဂတိ တရားဖြစ်နေလဲဆိုသည်ကိုပြခြင်းဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၂ အရ မိမိတို့က ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ သို့သော် လက်ရှိတွင် ထိခိုက် နေသည်ကိုလည်း တင်ပြခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိုအခြေနေများကို အမြန်ဆုံးသုံးသပ်ပြီး ပြည်သူများကို မည်သို့ အကောင်းဆုံးဆောင်ရွက်ပေးနိုင်မည်နည်း၊ ထိုတံတားကို အသုံးပြု သွားလာပြီး မည်သည့်ကာလများတွင် ဆောင်ရွက်သွားနိုင်မည်လဲ၊ အချက် ၄ ချက်အပေါ်မူတည်၍ စဉ်းစားရမည်ဖြစ်ပါကြောင်း၊ တင်ပြချက် အနှစ်ချုပ်အနေဖြင့် မိမိတို့ သီပေါတံတားတစ်စင်းသာ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ချိတ်ဆက်ပေးသည့် အရေးကြီးသော သွေးကြောတစ်ခုဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ သီပေါမြို့နယ်အတွင်း ဒေသခံပြည်သူများအတွက် ဆက်သွယ်သွားလာနိုင်ရေး အတွက် သီပေါတံတားအား မည်သို့မည်ပုံ စည်းစနစ်ဖြင့် ဒေသခံပြည်သူများ ဒေသတွင်းကား၊ ဒေသ တွင်း ကုန်စည်စီးဆင်းမှု ဖြတ်သန်းသွားလာခွင့်ပြုပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က
သီပေါမြို့နယ်သည် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်တွင် တည်ရှိပြီး အကျယ်အဝန်းအနေဖြင့် ၂၀၄၅.၀၂ စတုရန်းမိုင်၊ အရှေ့မှအနောက်သို့ ၆၀ မိုင်ရှိပြီး တောင်မှမြောက်သို့ ၁၃၆ မိုင် ရှည်လျား ပါကြောင်း၊ မြို့နယ်အရှေ့ဘက်တွင် လားရှိုးမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ တောင်ဘက်တွင် ရပ်စောက် မြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် ကျေးသီးမြို့နယ်၊ အနောက်ဘက်တွင် ကျောက်မဲမြို့နယ်၊ မြောက်ဘက် တွင် နမ့်ဆန်မြို့နယ်၊ နမ္မတူမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါကြောင်း၊ သီပေါမြို့နယ်သည် တောင်ကုန်းတောင်တန်းထူထပ်ပေါများပြီး မြေပြန့်လွင်ပြင်နည်းပါးပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှအမြင့် ၁,၃၉၈ ပေအထက်တွင် တည်ရှိသည့် မြို့နယ် တစ်မြို့နယ်ဖြစ်ပါကြောင်း၊ သီပေါမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၇ အုပ်စု၊ ကျေးရွာပေါင်း ၄၇၆ ရွာရှိပြီး လူဦးရေ ကျား ၇၅,၃၂၈ ဦး၊ မ ၇၉,၃၃၅ ဦး၊ စုစုပေါင်း ၁၅၄,၆၆၃ ဦး နေထိုင်လျက်ရှိ ပါကြောင်း၊ သီပေါတံတားသည် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်တွင် တည်ရှိပြီး သီပေါ မြို့သို့ ပန်းတိမ်တောင်ရပ်ကွက်နှင့် ပန်စောက်မိန်း ကျေးရွာ အုပ်စုကြား မိုင် ၁၃၀/၃၊ မိုင် ၁၃၀/၄ အတွင်း ဒုဋ္ဌဝတီမြစ်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး တံတား အရှည် ၅၆၉ ပေ၊ တံတားအကျယ် ယာဉ်သွားလမ်း ၂၈ ပေ၊ လူသွားလမ်း ၅ ပေရှိပါကြောင်း၊ ၁၀-၈-၂၀၂၄ ရက်မှစ၍ MDIA ၊ MNDAA၊ PDF အမည်ခံ သောင်းကြမ်းသူအဖွဲ့များသည် သာလွန် အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်သည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယာယီစွန့်ခွာခဲ့ပြီး အကြမ်းဖက်သောင်းကျမ်းသူများ ယာယီစိုးမိုး ထားသည့် သီပေါမြို့ကို တပ်မတော်စစ်ကြောင်းများမှ ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် တိုက်ခိုက် ခြင်း၊ ချေမှုန်းခြင်း ဆောင်ရွက်သည့်အခါ ၁၈-၁၀-၂၀၂၅ ရက်တွင် နယ်မြေစိုးမိုးမှုပြန်လည်ရရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများ ပြန်လည်နေရာချထားပြီး ဒေသခံ ပြည်သူများကိုလည်း သီပေါမြို့နယ်အတွင်း ပြန်လည်ဝင်ရောက် နေထိုင်ရန်အတွက် ဆောင်ရွက် စေခဲ့ပါကြေင်း။
သီပေါတံတားသည် ငြိမ်းချမ်းစဉ်က နွေ၊ မိုး၊ ဆောင်းသွားလာနိုင်သည့် အနေအထား ဖြစ်သော်လည်း လက်ရှိလုံခြုံရေးအခြေအနေအရ မြို့ပေါ် ၁၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၉ အုပ်စု သာ နယ်မြေ စိုးမိုးမှုရရှိသွားလာနိုင်ပြီး MNDAA ၊ TNLA နှင့် PDF အမည်ခံ အကြမ်းဖက် အုပ်စုများမှ အလုံးစုံဆုတ်ခွာသွားခြင်းမဟုတ်ဘဲ သီပေါတံတား၏ အရှေ့ဘက်ခြမ်းနှင့် ကျန်ကျေးရွာ အုပ်စုများ တွင် အခြေပြုလှုပ်ရှား လျက်ရှိသည့်အတွက် လုံခြုံရေးအခြေအနေအရ လက်ရှိတွင် သီပေါ တံတား ကို လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားရခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ကြီးတင်ပြသွားသကဲ့သို့ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေးနှင့် လူမှုရေး၊ ကုန်သွယ်မှုများ ဆောင်ရွက်ရန် ဒေသတွင်း အရင်ဆုံး တည်ငြိမ်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း တည်ငြိမ်အောင် ဆောင်ရွက်ရန်အတွက် လက်ရှိတွင် တပ်မတော်အပါအဝင် လုံခြုံရေးအဖွဲ့အစည်းမှ တည်ငြိမ်ရေးအတွက် ဦးစားပေးပြီး ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိ သီပေါ နယ်မြေတွင် နေထိုင်နေသည့် ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေး ကောင်းမွန် စိတ်ချရ သည့် နမ့်လန်-ကျောက်ဂူ-ရပ်စောက်လမ်း မှသာ သွားလာနိုင်ပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားမှုအရ ရှင်းလင်းဖြေကြားခဲ့ပါသည်။
ဦးကောင်းသက်စံ(သီပေါမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
တံတားပိတ်ထားသည့်အတွက် ဖြစ်လာသည့်အကျိုးဆက်ကို မိမိတို့က တာဝန်ယူဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် လုပ်ငန်းကြီး ၄ ခု လုပ်ရပါ ကြောင်း၊ နောက်ဆုံးတစ်ချက်ဖြစ်သည့် မိမိတို့က ပြည်သူ့ဆန္ဒကို ဖော်ဆောင်၍ ပြည်သူများ၏ အခက်အခဲကို တင်ပြရခြင်းဖြစ်ပါကြောင်း၊ စောစောက ဒုတိယဝန်ကြီးပြောသွား၍ လုံခြုံရေးအရ ဆောင်ရွက်မှုကိုလည်း မိမိအနေဖြင့် နားလည်ပါကြောင်း၊ သို့သော် ထိုတံတားပိတ်ထားခြင်း၏ နောက်ကွယ်က လူတစ်စုကောင်းစားရေးနှင့် တရားမဝင်ကုန်သွယ်မှု၊ နိုင်ငံတော်သမ္မတကြီးလည်း အမြဲပြောနေသည့် တရားမဝင်ကုန်သွယ်မှု၊ စောစောက မိမိတင်ပြသည့် တစ်နေ့လျှင် သိန်းပေါင်း ၃၆၀၀ ဖြစ်စဉ်များ၊ လှေဆိပ်ဆိုလျှင် သိန်းပေါင်း ၁၈၀၊ တံတားပိတ်ထားလျှင် ကျန်အပေါက်များ လည်း ပိတ်ထားရမည်ဖြစ်ပါကြောင်း သို့မဟုတ် တရားမဝင်ကုန်သွယ်မှုများ၊ အဂတိလိုက်စားမှု များနှင့် ရာဇဝတ်မှုများကို မည်သို့ တားဆီးအရေးယူမည်လဲ၊ ထိုတံတားပိတ်ပြီးနောက်တွင် (၁) အဂတိ တရားပါ။ (၂) တရားမဝင်ကျားဖြန့်၊ တရားမဝင်လမ်းကြောင်းမှ ဝင်သွားသည်ကိုသိပြီး မဖမ်း နိုင်ခဲ့ပါ ကြောင်း၊ (၃) ဒေသတွင်း တရားမဝင် လက်နက်ရောင်းဝယ်မှုများဖြစ်ခဲ့ပါကြောင်း၊ ဖြစ်စဉ် ကြီး ၃ ခုဖြစ် ပါကြောင်း၊ ထို့ကြောင့် ပထမမေးခွန်းအနေဖြင့် တရားမဝင်ကုန်သွယ်မှုများ ထဲထဲဝင်ဝင် ပါဝင်နေ သည့် အဂတိလိုက်စားမှုများနှင့် ရာဇဝတ်မှုများကို မည်သို့တားဆီး အရေးယူ နိုင်ပါသလဲ၊ ဒုတိယ တစ်ချက် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး စသည့် အခြေအနေများ၊ ဝန်ကြီးဌာနများသို့ မိမိ သွားလျှင် ဟိုဘက်ကမ်းကို မိမိတို့ လုပ်ပေး၍မရကြောင်း၊ တံတားပိတ် ထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးကို လုံးဝလုပ်ပေး၍ မရပါဘူးဆိုသည့် မိမိတို့၏ ဥပဒေပြုမဏ္ဍိုင်အပေါ် ထိခိုက် လာမှုများ၊ လွှတ်တော်ကိုယ်စားလှယ်များတွင် ထိခိုက်လာမှုများကို မည်သို့ ဆက်လက်လည်ပတ် နိုင်ရေးအတွက် ဆောင်ရွက်ထားပါသလဲ၊ အရေးပေါ် အခြေအနေ ဖြစ်စေသည့် အကြောင်းအရင်း တရားများကို ဖယ်ရှားပြီး ပုံမှန်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အုပ်ချုပ်ရေးစနစ်ကို ပြန်လည်လည်ပတ် ပြီး ယခင်အတိုင်း နိုင်ငံတော်၏ အုပ်ချုပ်မှုအပိုင်း ပြန်လည် လည်ပတ်နိုင်အောင် မည်သည့် အစီအစဉ်များ ချမှတ်ထားပါသလဲဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က
ကိုယ်စားလှယ်ကြီးမေးထားသည့်အထဲတွင် တံတားပိတ်ထားသည့်အတွက် တာဝန်ယူ ဖြေရှင်း ပေးရမည်ဖြစ်မည်၊ ထိုအပေါ်မူတည်၍ တရားမဝင်ကုန်သွယ်မှုများနှင့် အဂတိလိုက်စား မှုကို မဖြစ်စေရေးအတွက် မည်သို့ဆောင်ရွက်သွားနည်း လက်ရှိတွင် ပြည်သူလူထုဘဝ လိုအပ်ချက် ဖြစ်နေသည့် ကျန်းမာရေး၊ ပညာရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးရန် အချက် ၂ ချက်နှင့် တွေ့ရှိရပါ ကြောင်း၊ ထိုအပေါ်တွင် ပြန်လည်တင်ပြဆွေးနွေးဖြေကြားရမည်ဆိုလျှင် စောစောက ဆွေးနွေး တင်ပြခဲ့ သည့်အထဲတွင် ပါရှိပြီးဖြစ်ပါကြောင်း၊ ဒေသတစ်ခု တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရန်မှာ အရင်ဆုံး ဒေသကို တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုဒေသသည်လည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ မှစ၍ MNDAA ၊ TNLA သောင်းကျန်းသူအပါအဝင် PDF အမည်ခံ သောင်းကျန်းသူအဖွဲ့များမှ သာလွန် အင်အားနှင့် ဝင်ရောက်ပြီး ရပ်ရွာများကို ဖျက်ဆီးခြင်းများ၊ မြို့ရွာများကိုဖျက်ဆီးခဲ့သည့်အတွက် ဒေသတွင် အခြေပြုဆောင်ရွက်နေသည့် လုံခြုံရေး အဖွဲ့ဝင် များ သည် ယာယီအခြေပြုမှ ဆုတ်ခွာခဲ့ရပါ ကြောင်း၊ ထို့နောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတည်ငြိမ်ရေးအတွက် အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ မိမိတို့က သောင်းကျန်း သူ ချေမှုန်းရေးကို အစဉ်တစိုက် ဆက်တိုက် ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်တွင် နယ်မြေ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆောင်ရွက်ပြီးနောက် မိမိတို့က တစ်ဆင့်ပြီး တစ်ဆင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစဉ် တစိုက် ၎င်း၏ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ အစိုးရအဖွဲ့၏ ညွှန်ကြားချက် နှင့်အညီ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
တရားမဝင်ကုန်သွယ်မှုများနှင့်စပ်လျဉ်းသည့် ကိစ္စများ၊ အဂတိလိုက်စားသည့်ကိစ္စများ အပေါ် လွှတ်တော်ကိုယ်စားလှယ်ကြီးအပါအဝင် ပြည်သူလူထုဆီမှ တင်ပြလာသည့် အချက်များ အပေါ် မူတည်၍ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းများကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်း များနှင့် ပေါင်းစပ်၍ လုံခြုံရေးအဖွဲ့အစည်းများနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု၊ တရား မဝင် ကုန်သွယ်မှုများတွေ့ရှိလျှင် ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒုတိယ မေးခွန်းအပေါ် ပြည်သူ့ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့် လိုအပ် ချက် ကို မိမိတို့ တည်ငြိမ်အေးချမ်းရန်ဆောင်ရွက်သည့်အခါ လုံခြုံရေး အဖွဲ့အစည်းများချည်း ပေါင်းစပ်၍ တစ်ခုတည်း ဆောင်ရွက်၍ မရပါကြောင်း၊ သက်ဆိုင်ရာ ဒေသခံပြည်သူများမှလည်း သက်ဆိုင်ရာ နယ်မြေရှိ TNLA ၊ MNDAA အပါအဝင် သောင်းကျန်းသူအဖွဲ့များ၊ PDF အဖွဲ့များ၏ သတင်းများကို လုံခြုံရေးအဖွဲ့ဆီ ပေးရန်လိုအပ်ပါကြောင်း၊ သောင်းကျန်းသူများကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ ဒေသသည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ သောင်းကျန်း သူအမြစ်ပြတ် ချေမှုန်းရေးအတွက် ပြည်သူပါမှ အောင်မြင်မည်ဖြစ်သည့်အတွက် ပြည်သူများမှလည်း သောင်းကျန်း သူများ၏ လှုပ်ရှားမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဆီ တင်ပြပြီး ဆောင်ရွက် သွားမည်ဆိုလျှင် လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြခဲ့သည့် အချက်များသည် တစ်ဆင့်ပြီး တစ်ဆင့် အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ညွှန်ကြားပြီး ဆောင်ရွက်နိုင်သည့် ကိစ္စရပ် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။