ဒေါ်စမ်းစမ်းဌေး(ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်)
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် သင်ကြား နိုင်ရေး အတွက် ဥပဒေနှင့်အညီ အဆင့်တိုးမြှင့်ပေးနိုင်ရန်အစီအစဉ်ရှိ မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း
မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးကလေးများ၊ ယာယီနေရပ်စွန့်ခွာမိသားစုများ၊ ဆင်းရဲ နွမ်းပါး ကလေးများသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို မှီခိုအားထား ပညာသင်ကြား နေရပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ကြည့်လျှင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပေါင်း ၁,၅၀၀ ကျော်၊ ကျောင်းသားကျောင်းသူပေါင်း ၃၀၀,၀၀၀ ကျော် ပညာသင် ကြားနေပါ ကြောင်း၊ ကျောင်းအများစုသည် မူလတန်းအဆင့်၊ မူလွန်အဆင့်ကျောင်းများသာဖြစ်ပြီး အလယ်တန်း အဆင့် နှင့် အထက်တန်းအဆင့်ကျောင်းဆိုသည်မှာ မရှိသလောက်ရှားလှပါကြောင်း၊ မူလတန်းအဆင့် လွန်မြောက်သွားသူများသည် တခြားအခြေခံပညာကျောင်းများကို ပြောင်းရွှေ့နေ ထိုင်မှသာ ပညာ ဆက်လက်သင်ကြားခွင့်ရနိုင်ပါကြောင်း၊ ကျောင်းဆက်လက်တက်နိုင်ရန်အတွက် ကုန်ကျစရိတ်များ ကြောင့် ကျောင်းဆက်မတက်တော့ဘဲ လုပ်ငန်းခွင်ဝင်ကြရပါကြောင်း၊ သို့အတွက် ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးခဲ့ရပါကြောင်း၊ အကယ်၍ ဘုန်းတော်ကြီး သင် ပညာရေးကျောင်း များကို အဆင့်တိုးမြှင့်လိုက်မည်ဆိုပါက ကျောင်းနေအရွယ်ကလေးများသည် ပညာရေးကို ဆုံးခန်းတိုင်အောင်သင်ကြားနိုင်သလို ဘာသာရေးအခြေခံကောင်းများကိုလည်း သင်ယူပေါက်မြောက်နိုင် သည့်အတွက် နိုင်ငံအတွက် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှု ကိုလည်းအကာအကွယ် ပေးနိုင်ပါကြောင်း။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏အဆင့်အတန်းမြင့်မားရေးဟာ မြန်မာ့ပညာရေး ကဏ္ဍမှာ အလွန်လိုအပ်ပြီး အရေးကြီးသောကိစ္စရပ်တစ်ရပ်လည်းဖြစ်ပါကြောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ဆင်းရဲနွမ်းပါးသောမိသားစုများ၊ မိဘမဲ့ကလေးများနှင့် အကြောင်း အမျိုးမျိုးကြောင့် ပုံမှန်အစိုးရကျောင်းကို မတက်ရောက်နိုင်သည့် ကလေးသူငယ်များအတွက် ပညာ သင်ကြားခွင့်ရရှိရန်အတွက် အဓိကဒေါက်တိုင်တစ်ခုအဖြစ် ရပ်တည်ပေးနေပြီဖြစ်ရာ ၎င်းကျောင်း များ၏အဆင့်ကို တိုးမြှင့်ပေးခြင်းသည် တိုင်းပြည်အတွက်လည်း များစွာအကျိုးရှိစေပါကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အမှီပြုနေရတာကလည်း အခြေခံလူတန်းစားများနှင့် တိုင်းရင်းသားများဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း ၎င်းကျောင်းများကို စာရေးကိရိယာ၊ ကျောင်းသုံးပုံနှိပ်နှင့် ဝတ်စုံများပံ့ပိုးပေးခြင်းနှင့်အတူ မူလတန်းဆရာ ဆရာမတစ်ဦးလျှင် ၅၇,၀၀၀ ကျပ်၊ မူလွန်ဆရာမတစ်ဦးလျှင် ၆၄,၅၀၀ ကျပ်သာပံ့ပိုးနိုင်တာ သိရှိရပါတယ်။ အဆောက်အအုံ၊ နေထိုင်စားသောက်မှု၊ ဆရာ ဆရာမစရိတ်တွေကို ဘုန်းတော်ကြီးကျောင်းများကပင်အလှူရှင်များ နှင့် မတည်ဆောင်ရွက်ထားပါကြောင်း။
၃၀.၉.၂၀၁၄ ရက်နေ့တွင်ပြဋ္ဌာန်းသည့် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၄၁) အမျိုးသားပညာရေးဥပဒေအရ နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြု၍ ခွင့်ပြု ထားသော ကျောင်းအမျိုးအစားလည်းဖြစ်ပါကြောင်း၊ အခြေခံပညာရေးဥပဒေအခန်း(၄) ပုဒ်မ ၅၊ ပုဒ်မခွဲ(က)တွင် အခြေခံပညာရေးကို သူငယ်တန်းပညာရေးပြီးသည်နောက် ပညာသင်နှစ်စုစုပေါင်း ကာလ ၁၂ နှစ်ကို ဦးတည်ဆောင်ရွက်ရမည်လို့ပါရှိပြီး ပုဒ်မ ခ၊ ပုဒ်မခွဲ(က) အရ ဆောင်ရွက်သော အခြားအခြေခံပညာရေး၏ အဆင့်များနှင့် အတန်းများအရလည်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသည် ဥပဒေ၌ အကျုံးဝင်ပြီးလည်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့် မဆန့်ကျင့်စေဘဲ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များအား အဆင့်တိုးမြှင့်ပေးနိုင်ရန် အစီအစဉ်ရှိ/ မရှိအား သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က
ပညာရေးဝန်ကြီးဌာနသည် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်အနည်းဆုံး KG+9 ပြီးမြောက်အောင်မြင်ရေး၊ မည်သည့်ခွဲခြားမှုမျှမရှိစေရေး၊ ကျောင်းထွက်သူမရှိစေရေးတို့ကိုမူဝါဒများချမှတ်ပြီး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘုန်းတော် ကြီး သင်ပညာရေးကျောင်းများကို ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှစပြီး အလယ်တန်းအဆင့် ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများအဖြစ် အသစ်ထပ်မံဖွင့်လှစ်ခြင်း မပြုတော့ဘဲ ယခင်ဖွင့်လှစ်ထား သည့် အလယ်တန်းအဆင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၉၈ ကျောင်းကို ဆက်လက်ဖွင့်လှစ် သင်ကြားခဲ့ပြီး ယခုအခါ အလယ်တန်းအဆင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈၃ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပါကြောင်း၊ ၁၇.၈၁၉၉၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ပညာရေးကော်မတီ အထူးအစည်းအဝေးတွင် အစိုးရစာသင်ကျောင်းမရှိသည့်ရွာတွင် ဘုန်းတော် ကြီးသင်ကျောင်းများဖွင့်လှစ်ရန်၊ ဘုန်းတော်ကြီးသင်ကျောင်းရှိသောရွာတွင် အစိုးရမူလတန်း ကျောင်း မဖွင့်ရန်၊ သင်ကြားရာတွင် အခြေခံပညာသင်ရိုးညွှန်းတမ်းများညှိ၍ သင်ကြားရန်၊ ရေရှည် တွင် လူမှုရေးနှင့်ဘာသာရေးမရှုပ်ထွေးစေရန်အတွက် ဘုန်းတော်ကြီးသင်ကျောင်းများတွင် သံဃာ တော် များ ကသာ သင်ကြားပို့ချစေရန်ဆိုသည့် မူဝါဒ၄ ချက်ကို ချမှတ်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများနှင့်စပ်လျဉ်းပြီး ၂၂.၆.၁၉၉၆ ရက်နေ့တွင်ကျင်းပ ပြုလုပ်ခဲ့သည့် မြန်မာ နိုင်ငံပညာရေးကော်မတီ၏ (၁/၉၆) အစည်းအဝေးတွင် ဘုန်းတော်ကြီး သင်ကျောင်းများတွင် အလယ်တန်း ပညာသင်ကြားခြင်းကို ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း။
၁၉၉၈ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို)ကြီးကြပ်ရေးအဖွဲ့ (အထူး)အစည်းအဝေးတွင် ဘုန်းတော်ကြီးသင်ကျောင်းများ ဖွင့်လှစ် သင်ကြားခြင်းနှင့် စပ်လျဉ်းပြီး ပညာရေးစနစ်သစ်ဖြင့် ဆောင်ရွက်နေခြင်းကြောင့် လက်ရှိဖွင့်လှစ် သင်ကြားဆဲဖြစ်သော အလယ်တန်းအဆင့်ကျောင်းများကို လက်ရှိအတိုင်း ထားရှိ ရန်နှင့် အဆင့် တိုးချဲ့ဖွင့်လှစ် ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများသည် သာသနာရေးဝန်ကြီး ဌာန၏ အုပ်ချုပ်မှုအောက်မှာရှိပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် မဆုံးရှုံးစေရေး၊ ပညာဆက်လက် သင်ယူခွင့် ရရှိစေရေးအတွက် အခမဲ့ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အားလုံးတွင် ကျောင်းဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေ (School Improvement Fund-SIF) များကို ကျောင်း အဆင့်အလိုက် ကျောင်းသားဦးရေအပေါ်မူတည်ပြီး အခြေခံပညာကျောင်းများနည်းတူ နှစ်စဉ်ခွဲဝေ ပေးလျက်ရှိပါကြောင်း၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်း ဝတ်စုံများ၊ သင်ထောက်ကူပစ္စည်းများနှင့် ဆရာ /ဆရာမများအတွက် ဆရာကိုင် လမ်းညွှန် စာအုပ်များကိုလည်း အခြေခံပညာကျောင်းများနည်းတူ နှစ်စဉ်အခမဲ့ ထောက်ပံ့ ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများတွင် သင်ကြားနေသည့် ဆရာ /ဆရာမ များ၏ အရည်အသွေးမြင့်မား လာစေရန်အတွက် စွမ်းရည်မြှင့်သင်တန်းများ၊ ဘာသာရပ် မွမ်းမံသင်တန်းများ၊ လက်ရှိပညာရေး စနစ် သစ်သင်ရိုးများကို သင်ကြားနိုင်ရန်အတွက် သင်ရိုးသစ်သင်တန်းများကိုလည်း အခြေခံပညာ ဆရာ ဆရာမများနည်းတူ တက်ရောက်နိုင်ရန် အတွက် နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သာသနာရေးဝန်ကြီးဌာနမှ ၂ဝ၂၂-၂၀၂၃ ပညာ သင် နှစ်မှ ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ်အထိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၇၆ ကျောင်းကို မူလတန်းအဆင့်မှ မူလတန်းလွန်အဆင့်ကို တိုးမြှင့်ဖွင့်လှစ်ပေး ခဲ့ပါကြောင်း။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်ရှိသည့် ဆရာ/ ဆရာမများကို ထောက်ပံ့ရန် အတွက် ၂၀၁၃ ခုနှစ်၊ ဇွန်လမှ ၂၀၁၉ ခုနှစ်အထိ မူလတန်းပြဆရာ ဆရာမတစ်ဦးလျှင် ၃၆,၀၀၀ နှုန်း၊ မူလတန်းလွန်နှင့် အလယ်တန်းပြဆရာ ဆရာမ တစ်ဦးလျှင် ၄၁,၀၀၀ နှုန်း၊ အထက်တန်းပြဆရာ တစ်ဦးလျှင် ကျပ် ၄၅,၀၀၀ နှုန်း ဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ မူလတန်းပြဆရာတစ်ဦးလျှင် ၃၈,၀၀၀ နှုန်း၊ မူလတန်းလွန်နှင့် အလယ်တန်းပြ ဆရာတစ်ဦးမှာ ၄၃,၀၀၀ နှုန်းနှင့် အထက်တန်းပြဆရာတစ်ဦးမှာ ၄၇,၀၀၀ နှုန်း တိုးမြှင့်ရရှိနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ယနေ့အထိ မူလတန်းပြဆရာတစ်ဦးလျှင် ၅၇,၀၀၀ နှုန်းနှင့် မူလတန်းလွန်နှင့် အလယ်တန်းပြ ဆရာတစ်ဦးလျှင် ကျပ် ၆၄,၅၀၀ နှုန်းနှင့် အထက်တန်းပြဆရာတစ်ဦးမှာ ကျပ် ၇၀,၅၀၀ နှုန်းဖြင့် တိုးမြှင့်ထောက်ပံ့ခဲ့ပါကြောင်းနှင့် ထောက်ပံ့ ပေးခဲ့သည့် ဆရာ/ဆရာမဦးရေ ၆,၉၀၂ ဦးရှိကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရှိရပါကြောင်း၊ ဆရာ/ ဆရာမများအတွက် နှစ်စဉ်အကျိုးခံစားခွင့်ရရှိရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါ ကြောင်း။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် တွဲဖက်အထက်တန်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၂ ကျောင်း၊ အလယ်တန်းအဆင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၉၃ ကျောင်း၊ မူလတန်းလွန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆၁၆ ကျောင်းနှင့် မူလတန်းအဆင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆၅၂ ကျောင်း စုစုပေါင်း ၁,၃၆၃ ကျောင်း ဖွင့်လှစ်ထားပြီး အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၉၄,၈၉၁ ဦး၊ ဆရာ ဆရာမပေါင်း ၁၀,၁၉၇ ဦးတို့ဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း ၊ ထို့ကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကို လတ်တလောတိုးမြှင့်ပေးနိုင်ခြင်း မရှိသေးပါကြောင်း နှင့် ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများမှ အတန်းအဆင့်အလိုက် ပြီးမြောက်အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် နီးစပ်ရာအခြေခံပညာကျောင်းများကို ကူးပြောင်းတက်ရောက် ပညာ သင်ကြား နိုင်ပါကြောင်း ဖြင့် ဖြေကြားခဲ့ပါသည်။
ဒေါ်စမ်းစမ်းဌေး(ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
ဆက်စပ်မေးခွန်းအနေဖြင့် တချို့နေရာများတွင် အဆင့်မြှင့်တင်ပေးရန် လိုအပ်နေ သည် ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လုပ်ထုံး လုပ်နည်းနှင့်အညီ တင်ပြလာမည်ဆိုလျှင် ဥပဒေနှင့်အညီ တိုးမြှင့်ပေးနိုင်ရန်အစီအစဉ်ရှိနိုင်ရန် အတွက် ထပ်မံပြီးတင်ပြလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က
အဆင့်တိုးမြှင့်ရေးနှင့်စပ်လျဉ်းပြီး သာသနာရေးဝန်ကြီးဌာနမှ အဓိကထားဆောင်ရွက် ပါကြောင်း၊ ၎င်း Criteria များ ပြည့်စုံမှုရှိအောင် သာသနာရေးဝန်ကြီးဌာနကနေစိစစ်ပြီး ဆက်လက် တင်ပြလာမည်ဆိုပါက မိမိတို့ပညာရေးဝန်ကြီးဌာနမှ ၎င်းကို အသိအမှတ်ပြု ပေးလျက်ရှိပါကြောင်း၊ ပြီးခဲ့သည့်ကာလများတွင်လည်း ဆောင်ရွက်ပေးပါကြောင်း၊ ယခုလက်ရှိအခြေအနေ တွင် အထက်တန်း ကျောင်းအဆင့်အထိ ခွင့်ပြုပေးသည်ကို ကန့်သတ်ထားပြီး ကျန်သည့်အခြေအနေ များကို သာသနာရေးဝန်ကြီးဌာနက စိစစ်ပြီးဆောင်ရွက်လာမည်ဆိုပါက လျှင် မိမိတို့ပညာရေး ဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်ပေးလျက်ရှိပါကြောင်း ဖြင့်ဆက်စပ်မေးခွန်းအားပြန်လည် ဖြေကြားခဲ့ပါ သည်။