နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်တင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တောင်သူလယ်သမားများဘဝဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ (၂၃-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကျင်းပ
MY EN

(က)-ဦးတင်မြင့်(ဒလမဲဆန္ဒနယ်)-မေးခွန်း

2026-07-23
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးတင်မြင့်(ဒလမဲဆန္ဒနယ်)
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးဥပဒေရေးဆွဲရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၉ အရ နိုင်ငံတော်ကို တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများဖြင့် ပိုင်းခြား သတ်မှတ်ထားပါကြောင်း၊ ပုဒ်မ ၅၁၊ ပုဒ်မခွဲ(က)အရ ကျေးရွာများကို ကျေးရွာအုပ်စုအဖြစ် စုစည်းထားပြီး ပုဒ်မ ၅၁၊ ပုဒ်မခွဲ(ခ)အရ ရပ်ကွက်ကျေးရွာများကို မြို့နယ်အဖြစ်စုစည်းသည်ဆိုပြီး ဖော်ပြထားပါ ကြောင်း၊ ပုဒ်မ ၂၈၉ တွင် ခရိုင်အဆင့်နှင့်မြို့နယ်အဆင့်အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်ရစေမည်ဆိုပြီး ပြဋ္ဌာန်းထားပါကြောင်း၊ ပုဒ်မ ၂၈၈၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးကို ရပ်ရွာမှ ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးကို ဥပဒေနှင့် အညီခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်လို့ ဖော်ပြထားပါကြောင်း၊ ၂၀၁၁ ခုနှစ်၊ စကားရပ်များအစားထိုးခြင်းဆိုင်ရာ ဥပဒေအရ ခရိုင်နှင့်မြို့နယ်အဆင့်အုပ်ချုပ်ရေးကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် မြန်မာ နိုင်ငံ၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအတွက် ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့် ပြင်ဆင်သည့်ဥပဒေများ ပြဋ္ဌာန်းထားပါကြောင်း၊ ပြီးခဲ့သည့် သမ္မတကြီးဦးသိန်းစိန်လက်ထက် ၂၀၁၀ မှ ၂၀၁၅ ခုနှစ် ကာလတွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ မူကြမ်းရေးဆွဲပြီး ရှေ့နေချုပ်ရုံး၏ သဘောထား မှတ်ချက်နှင့်အတူ ပြည်ထောင်စုလွှတ်တော်ကိုပေးပို့ပြီး ဥပဒေကြမ်းကော်မတီမှ အတည်ပြုချက်ဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း။ 

ခရိုင်နှင့်မြို့နယ်အဆင့်အုပ်ချုပ်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ၃၀-၇-၂၀၂၅  ရက်စွဲပါ ညွှန်ကြားချက်(၃/ ၂၀၂၅)နဲ့ (၄/၂၀၂၅)အဖြစ် ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက် တို့ကိုထုတ်ပြန်ထားပြီး ယခုအခါ နိုင်ငံတော်သမ္မတရုံးမှ အဆိုပါညွှန်ကြားချက်ကို အနည်းငယ် အစားထိုးပြင်ဆင်ပြီး ထပ်မံအတည်ပြုထုတ်ပြန်ခဲ့ပါကြောင်း၊ ထို့ကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး အတွက် ပြဋ္ဌာန်းထားသော်လည်း ခရိုင်နှင့်မြို့နယ်အဆင့်အုပ်ချုပ်ရေးအတွက် ညွှန်ကြားချက်သာ ထုတ်ပြန်ထားပြီး ဥပဒေပြဋ္ဌာန်းထားခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ မြို့နယ်အုပ်ချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်တွင် အခန်း ၉ ခန်း၊ အပိုဒ် ၉၂ ပိုဒ်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်နှင့် လုပ်ပိုင်ခွင့်များ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ကို ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း တွေ့ရှိရပါကြောင်း၊ ခေတ်ကာလအခြေအနေအရ မြို့နယ် အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်ဖြင့် ကော်မတီဖွဲ့၍ ဆောင်ရွက်သည် မှာအဆင်ပြေသော်လည်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ကော်မတီသဘောသာဖြစ်၍ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်း၊ ဥပဒေမဟုတ်သည့် ညွှန်ကြားချက်သာဖြစ်၍ အငြင်းပွားမှု၊ အယူခံမှုစသည်တို့ကို တာဝန်ယူရန်အားနည်းခြင်း၊ ဥပဒေအရ Binding Forte မရှိခြင်းစသည့် အားနည်းချက်များကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် ယခင်နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှလည်း ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေး ဥပဒေမူကြမ်းရေးဆွဲရေးကော်မတီဖွဲ့စည်းပြီး ဥပဒေရေးဆွဲရန် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းသည် မြို့နယ်အုပ်ချုပ်ရေးနှင့် ခရိုင် အုပ်ချုပ်ရေးကိုဖွဲ့ရန် နိုင်ငံတော်မှထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ယခုအချိန်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအရ လွှတ်တော် အသီးသီးလည်း ပေါ်ပေါက်လာပြီဖြစ်၍မြို့နယ်အဆင့်အုပ်ချုပ်ရေးယန္တရား အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးဥပဒေမူကြမ်းကိုရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော် စသဖြင့် လွှတ်တော်အသီးသီးသို့ပေးပို့ပြီး ဆောင်ရွက်သွားရန် အစီအစဉ်ရှိ /မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က

မြို့များအက်ဥပဒေ (၁၉၀၇ ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေအမှတ် ၃)နှင့် ကျေးရွာအက်ဥပဒေ (၁၉၀၇ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေ အမှတ် ၆) တို့ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေး ဥပဒေ (၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၁) ပုဒ်မ ၃၇ ဖြင့် ရုပ်သိမ်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၅၊ အုပ်ချုပ်ရေးတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသေးစိတ်ပြဋ္ဌာန်းရှိခဲ့ပြီးဖြစ်သကဲ့သို့ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေ၊ နေပြည်တော်ကောင်စီ ဥပဒေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေတို့ကိုလည်း အသီးသီးပြဋ္ဌာန်းထားရှိပြီး လိုက်နာ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်အဆင့်အုပ်ချုပ်ရေး လုပ်ငန်းများ အတွက် ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်မှုဆောင်အဖွဲ့ အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့် ဥပဒေ(၁၉၇၇ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁၃)ကို အောက်ဖော်ပြပါဥပဒေ များအရ စကားရပ်များကိုအဆင့်ဆင့်အစားထိုးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးများက ယနေ့အချိန်အထိ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း၊ စကားရပ်များအစားထိုးသည့် ဥပဒေ ၈/၈၈ ကို ပုဒ်မ ၂၊ ပုဒ်မခွဲ(ဋ)အရ မြို့နယ်ပြည်သူ့ကောင်စီ ဆိုသည့်စကားရပ်အစား မြို့နယ်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ ၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ(င)အရ မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဆိုသည့် စကားရပ်အစား မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဆိုတဲ့စကားရပ်ဖြင့် လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ စကားရပ်များအစားထိုးခြင်းဆိုင်ရာဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဓ)အရ မြို့နယ်အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီဆိုသည့် စကားရပ်အစား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဆိုတဲ့စကားရပ်များဖြင့်အစားထိုးပြီး တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်လျက်ရှိပါကြောင်း။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၈၈ တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေး ကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားရှိမှုနှင့်အညီ နိုင်ငံတော် သမ္မတရုံး၏ ၃၀-၃-၂၀၁၁ ရက်စွဲပါကြေညာချက်အမှတ်(၈/၂၀၁၁)ဖြင့် မြို့နယ်အဆင့်အုပ်ချုပ်ရေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးမှထမ်းဆောင်ရန် တာဝန်ပေးအပ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းနောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများစသည်ဖြင့် ခေတ်စနစ်အလိုက် အုပ်ချုပ်ရေး အဖွဲ့အစည်းများကို ဖွဲ့စည်းပြီးတာဝန်ပေးအပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ၃၀-၇-၂၀၂၅ ရက်စွဲပါ ညွှန်ကြားချက် အမှတ်(၄/၂၀၂၅)ဖြင့် မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်ကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၂၉-၄-၂၀၂၆ ရက်စွဲပါညွှန်ကြားချက်အမှတ် (၂/၂၀၂၆)ဖြင့် မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်များကို ပြင်ဆင်သည့် ညွှန်ကြားချက်ကိုလည်းကောင်း၊ ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့် ဥပဒေပုဒ်မ ၁၃၆ ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ထုတ်ပြန်ခဲ့ရာတွင် ၎င်းညွှန်ကြားချက်များအရ မြို့နယ် အဆင့်အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည့် မြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးက အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က တာဝန်ပေးအပ်သူတစ်ဦးတို့က အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းပြီး တာဝန်ပေးအပ်ဆောင်ရွက်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ မြို့နယ်အဆင့်အုပ်ချုပ်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ပါ ဥပဒေပါပြဋ္ဌာန်းချက်များသည် ပြည့်စုံလုံလောက်ပြီး ဖြစ်ခြင်း၊ ၎င်းဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို စကားရပ်များအစားထိုးသည့်ဥပဒေများအရ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ အုပ်ချုပ်ရေးမှူးများအား လုပ်ပိုင်ခွင့်အပ်နှင်းထားပြီးဖြစ်ခြင်း၊ ခေတ်ကာလနှင့် လျော်ညီစေရေး အတွက် မြို့နယ်အုပ်ချုပ်ရေး ဆိုင်ရာညွှန်ကြားချက်များကို ဥပဒေကဲ့သို့အာဏာတည်စေရန် ထုတ်ပြန် ထားရှိပြီးဖြစ်ခြင်းတို့ကြောင့် လတ်တလောကာလတွင် မြို့နယ်အုပ်ချုပ်ရေးဥပဒေမူကြမ်းရေးဆွဲရေး အစီအစဉ်များမရှိသေးပါကြောင်း ဖြင့်ဖြေကြားပါသည်။

မေးခွန်း
မေးခွန်း

ဦးတင်မြင့်(ဒလမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။              

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ၂.၆.၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စု ဒုတိယဝန်ကြီးဖြေကြားသွားသည်ကို ကျေးဇူးတင်ပါကြောင်း၊ ဖွဲ့စည်း ထားပြီးလည်းဖြစ်ပါကြောင်း၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးဥပဒေမူကြမ်းရေးဆွဲပြီး‌ ကော်မတီအဖွဲ့ ဆောင်ရွက်ရန် အတွက် ဒုတိယဝန်ကြီးဖြေသွားသည့် မူကြမ်းအနေဖြင့် ဘယ်အဆင့် သို့ ရောက်ရှိ နေပါကြောင်းနှင့် မိမိဌာနအဆင့်ဖြင့် ၂၀၁၂ ခုနှစ်၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးဥပဒေ ရေးဆွဲ စဉ်တုန်းက ပြည်ထဲရေးဝန်ကြီးဌာနအပြင် ဆက်စပ်သည့် ဝန်ကြီးဌာနများခေါ်ယူပြီး ညှိနှိုင်း ဆွေးနွေး ခြင်းများ အကြိမ်ကြိမ်လုပ်ရပါကြောင်း၊ အရင်တုန်းက ရှေ့နေချုပ်ရုံး ယခု ဥပဒေ ဝန်ကြီးဌာနမှ ပေးပို့ပြီး ဆောင်ရွက်သည့်အခါ ယခုဒုတိယဝန်ကြီးတို့အနေဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ဖွဲ့စည်းထားသည့် ၎င်းအမိန့်အပေါ်တွင် ဥပဒေမူကြမ်းနှင့် စပ်လျဉ်းပြီး အစည်းအဝေးများ သို့မဟုတ် ရှေ့နေချုပ်တို့ဖြင့်တိုင်ပင် တင်ပြတာများ ရှိ/မရှိကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က

ဥပဒေတစ်ရပ် အမှန်ပေါ်ပေါက်ရေးသည် ဒေသများအုပ်ချုပ်ရေးကို ပိုမိုအားကောင်းလာ စေရေး အတွက်အရေးပါသည့် ကိစ္စတစ်ရပ်ဖြစ်ပါကြောင်း၊ သို့သော် ၎င်းဥပဒေများသည် နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားအတွက် အဓိက ကျသည့်ဥပဒေများဖြစ်ပါကြောင်း၊ မူကြမ်းပြုစုသည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် သဘောတူညီထားသညသ့်အချက်များကို အခြေခံပြီး ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ ၎င်းဥပဒေကိုကိုင်တွယ် ကျင့်သုံးရသည့် ဝန်ကြီးဌာနအဖွဲ့အစည်းများက မူကြမ်းရေးဆွဲခြင်းထက် မူဝါဒကိုရေးဆွဲသည့် လွှတ်တော်နှင့် အဖွဲ့အစည်းအရပ်ရပ်ကရေးဆွဲရန် ပိုမိုသင့်လျော်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လက်ရှိအစိုးရအဖွဲ့အနေဖြင့် လက်ရှိ ဆောင်ရွက်ထားသည့် အုပ်ချုပ်ရေး၊ မြို့နယ် အုပ်ချုပ်ရေးဥပဒေမူကြမ်းနှင့်စပ်လျဉ်းပြီး ရေးဆွဲရန် အစီအစဉ်မရှိသေးပါကြောင်း ဖြင့်ဆက်စပ်မေးခွန်းအားပြန်လည်ဖြေကြားခဲ့ပါသည်။