စိုင်းထွန်းစံ(ခ)စိုင်းဆေဟန်(လင်းခေးမဲဆန္ဒနယ်)
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်(အရှေ့ပိုင်း) ကုန်စည်ပို့ဆောင်ရာလမ်းကြောင်းပေါ်တွင် အဆင်ပြေစွာ ပို့ဆောင်နိုင်ရေးဆောင်ရွက်ပေးရန် သို့မဟုတ် ကုန်စည်သီးသန့်အမြန်လမ်းကြောင်းဖော်ဆောင် ပေးရန်၊ ခရီးကုန်ကျစရိတ်ထိန်းချုပ်ရေးအတွက် သယ်ယူစရိတ်ကျဆင်းအောင်ဆောင်ရွက်ပေးရန်၊ နယ်စပ်ပေါက်ဈေးနှင့် ပြည်တွင်းဈေးကွာဟချက် ကျဉ်းမြောင်းစေရန်အတွက် အနည်းဆုံးအာမခံ ဈေးနှုန်းသတ်မှတ်ပေးရန်နှင့် မျိုးစေ့နှင့်မြေဩဇာများကို အစိုးရအစီအစဉ်ဖြင့် တိုက်ရိုက်ရောင်းချ ပေးရန် အစီအစဉ်ရှိ မရှိတို့ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ ရှိနေတဲ့မြို့များဟာ တည်ငြိမ် အေးချမ်းကာ ဖွံ့ဖြိုးတိုးတက်သောဒေသများဖြစ်ကြပြီး ပြည်သူများကုန်သွယ်မှုအဆင်ပြေ ချောမွေ့စေရန် ဒီမိုကရေစီစံနှုန်းများနှင့် ငြိမ်းချမ်းရေးအသီးအပွင့်များ ရလဒ်ကို ခံစားသိရှိနိုင်ရန် အချိန်တန်ပြီလို့ယူဆပါကြောင်း၊ကုန်စည်စီးဆင်းမှုအဆင်ပြေရန်အတွက်လမ်းများပေါ်ရှိ ဂိတ်အထပ် ထပ်အခါခါ စစ်ဆေးနေမည့်အစား စနစ်ကျသော One Stop Service ဖြင့် ပြောင်းလဲအသုံးပြုရန် အကြံပြုလိုပါကြောင်း၊ လမ်းပိုင်းများဟာ တောင်တက်၊ တောင်ဆင်း မတ်စောက်ပြီး မူလကတည်း က သွားလာရန်ခက်ခဲပြီး လုံခြုံရေးအရ စစ်ဆေးမှုမပြုလုပ်ရဟု ဆိုလိုခြင်းမဟုတ်ပါကြောင်း၊ နယ်စပ်မှာ ပြောင်းသီးနှံဈေးနှုန်းက တစ်ပိဿာမှာ ၃,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး လမ်းခရီးစရိတ်နှင့် အခက်အခဲများကြောင့် တောင်သူများ၏ လက်ဝယ်မှ ပွဲစားသို့ပေးဈေးမှာ ၁,၁၀၀ ကျပ်ဝန်းကျင် သာရှိနေပါကြောင်း၊ တောင်သူတစ်ဦးရဲ့စိုက်ပျိုးတစ်ဧက အတွက် ဈေးနှုန်းက ကျပ် ၈၄၀,၀၀၀ ခန့်ကုန်ကျပြီး လက်ရှိပေါက်ဈေးအရ တစ်ဧကမှာ အထွက်နှုန်းပိဿာချိန် ၈၀၀ လောက်ထွက်ရှိ၍ ရောင်းရလျှင် ကျပ် ၈၈၀,၀၀၀ လောက်ပဲရပါကြောင်း၊ ကုန်ကျစရိတ်နှင့်ပြန်နုတ်လိုက်လျှင် တစ်ဧကမှာ အမြတ်က ၄၀,၀၀၀ ကျပ်ပဲ သာကျန်ရှိပါကြောင်း။
တောင်သူများရဲ့ စိုက်ထုတ်ရတဲ့စရိတ်နှင့် ထွက်ကုန်များမမျှတခြင်းကြောင့် ရသင့်ရထိုက် သော ဈေးနှုန်းထက် နည်းပါးနေသဖြင့် ပြောင်းစိုက်တောင်သူအများစုမှာ အရင်းအနှီးပင်မရရှိ တော့သည့် အခြေအနေမျိုး ကြုံတွေ့နေရပါကြောင်း၊ ပြည်သူတွေရဲ့ဝမ်းရေး ဖြစ်သော ဆန်၊ ဆီ၊ တခြားစားသုံးကုန်ဈေးနှုန်းများကျဆင်းရာမှာ သယ်ယူလာရာလမ်းကြောင်းပေါ်ရှိ အထွေထွေကုန်ကျ စရိတ်များ ကျဆင်းရန် လိုအပ်သကဲ့သို့ နိုင်ငံ၏စီးပွားရေးမဏ္ဍိုင်ဖြစ်သော တောင်သူလယ်သမားများ ရှင်သန်ရာမှာလည်း နယ်စပ်ပေါက်ဈေးနှင့်ထိုက်တန်သောဈေးနှုန်းများ ကိုရရှိရန် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂၊ပုဒ်မခွဲ(ဂ)မှာ တိုးတက် ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေးစသည်တို့ပါဝင်သော လူမှုရေး၊ တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည်ဟုလည်းကောင်း၊ ပုဒ်မ ၂၃၊ ပုဒ်မခွဲ(က)မှာ နိုင်ငံတော်သည် တောင်သူလယ်သမားများ၏အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ရန် လိုအပ် သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရမည်လည်းကောင်း၊ ပုဒ်မခွဲ(ခ)စိုက်ပျိုး ထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသော တန်ဖိုးရရှိရန်နှင့် ကူညီဆောင်ရွက်ရမည်ပါရှိပါကြောင်း၊ ပုဒ်မ ၃၅ တွင်လည်း နိုင်ငံတော်၏စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည်ဟု ဥပဒေမှာပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း။
(၁) ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (အရှေ့ပိုင်း)လမ်းကြောင်းများပေါ်မှာ ကုန်စည်စီးဆင်း မှုလွယ်ကူစေရန်အတွက် အခြေခံစားသောက်ကုန်နှင့် လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်ရာလမ်းကြောင်းပေါ်မှာ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင် နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် သို့မဟုတ် ကုန်စည်များအတွက် သီးသန့်အမြန် လမ်းကြောင်းဖော်ဆောင်ပေးပါရန် အစီအစဉ်ရှိ မရှိ၊
(၂) လမ်းခရီးကုန်ကျစရိတ်ထိန်းချုပ်ရေးအတွက် လမ်းကြောင်းတစ်လျှောက် အထွေထွေ ကုန်ကျစရိတ်လျော့နည်းအောင်၊ သယ်ယူစရိတ်ကျဆင်းအောင် ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ မရှိ၊
(၃) နယ်စပ်ပေါက်ဈေးနှင့် ပြည်တွင်းဈေး ကွာဟချက်ကျဉ်းမြောင်းစေရန်အတွက် ကုန်သည်ကြီး များအသင်းနှင့်ညှိနှိုင်းကာ တောင်သူများအတွက် ထိုက်တန်သော အနည်းဆုံးအာမခံ ဈေးများကို သတ်မှတ်ပေးရန်အစီအစဉ်ရှိ မရှိ၊
(၄) မျိုးစေ့ဈေးနှုန်းကြီးမြင့်နေမှုကို ထိန်းချုပ်ပေးရန်နှင့် တောင်သူများအတွက် ဈေးနှုန်း သက်သာသောမျိုးစေ့နှင့် မြေဩဇာများကို အစိုးရအစီအစဉ်ဖြင့် တိုက်ရိုက်ရောင်းချ ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာရဲတင့်ထွန်းက
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ရှမ်းပြည်နယ်အတွင်းမှာ နယ်စပ် ကုန်သွယ်ရေးစခန်းများကို ကျိုင်းတုံ(ပို့ကုန်/သွင်းကုန်)ရုံး၊ ကျိုင်းတုံမြို့နှင့် မယ်ယန်း(ကုန်သွယ်ရေး စခန်း)၊ တာချီလိတ်မြို့နယ်တို့မှာ ရုံးများဖွင့်လှစ်ပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို အဓိကကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီရဲ့ ၅/၂၀၂၂ ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တရားမဝင်ကုန်သွယ်မှုများပိုမိုထိရောက်စွာ စစ်ဆေးနိုင်ရေးအတွက် လိုင်စင်လျှောက်ထားချိန်မှာ နည်းပညာဖြင့် QR Code စနစ်ထည့်သွင်းပြီး ကုန်သွယ်မှုလမ်းကြောင်းတောက်လျှောက်မှာရှိတဲ့ စစ်ဆေးရေးစခန်းများကိုပေးပို့ကာ တိုက်ဆိုင် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန်မှုရှိခဲ့ပါကြောင်း၊ အဲဒီအတွက်ကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပို့ကုန်တင်ပို့မှု စနစ်တကျရှိစေရေး စစ်ဆေးရေး ဂိတ်များ၌ စစ်ဆေးမှုများကို ဆောင်ရွက်ရခြင်းဖြစ်ပြီး ပို့ကုန်မော်တော်ယာဉ်များ လမ်းလွဲမရောက်စေရန် ပို့ကုန်တင်ပို့ထွက်ခွာခွင့်လက်မှတ်(Vehicle Gate Pass Certificate System) QR System ဖြင့် ၄ မိုင်-တာကော်တံတား-ကျိုင်းတုံ(နောင်နွမ်း)-မိုင်းဖြတ်-ကျိုင်းလပ်- မယ်ယန်းလမ်း၊ ၄ မိုင်-တာကော်တံတား-ကျိုင်းတုံ(နောင်နွမ်း)-မိုင်းပြည့်-ကျိုင်းလပ်လမ်း၊ ၄ မိုင်- တာကော်တံတား-ကျိုင်းတုံ(ဝမ်တာပင်း/ဝမ်တာပုံစခန်း)-ဝှေ့ရဲ-မယ်ယန်း(တာချီလိတ်စခန်း)တို့တွင်QR Code များအသုံးပြုပြီး လမ်းကြောင်းမှန်ကန်နိုင်ရေးအတွက် နည်းပညာအရ စစ်ဆေးဆောင်ရွက်ခြင်း များဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိအချိန်မှာ တချို့နယ်မြေဒေသများမှာ အကြမ်းဖက်သောင်းကျန်းသူများရဲ့ ဥပဒေမဲ့စွာ မှားယွင်းသောလုပ်ဆောင်ချက်များကြောင့် ထုတ်လုပ်သူတောင်သူများနှင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်း၊ စားသုံးသူပြည်သူများအနေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းစတဲ့ ထိခိုက်မှုများကိုလည်း ခံစားလျက်ရှိကြောင်းတွေ့ရှိရပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ (အရှေ့ပိုင်း)ကုန်သွယ်မှု လမ်းကြောင်း များတွင် လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့ နယ်မြေအေးချမ်းတည်ငြိမ်နေပေမယ့်လည်း နိုင်ငံတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေ အပြည့်အဝစိုးမိုးရေး၊ ရရှိရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားဝင်ကုန်စည်များ တင်ပို့၊ တင်သွင်းခြင်းကို စိစစ် ထိန်းကျောင်းခြင်းဟာ နိုင်ငံအတွက် အခွန်ဘဏ္ဍာများရရှိရုံသာမက ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ထုတ်ကုန်များအပေါ်မှာ မလိုလားအပ်တဲ့ ထိခိုက်နစ်နာမှုများကိုလည်း ထိန်းချုပ်နိုင်ပြီး ပြည်တွင်းမှာ ရှိတဲ့ တောင်သူလယ်သမားများရဲ့ ထွက်ကုန်ဈေးနှုန်းများအပေါ်မှာ ရောင်းလိုအား၊ ဝယ်လိုအားနှင့် အညီ ဈေးနှုန်းဖြစ်ပေါ်စေမှာ ဖြစ်ပါကြောင်း၊ လမ်းခရီးတစ်လျှောက် တရားမဝင် အခွန်ကောက်ခံ နေမှုများရှိပါကလည်း အထောက်အထားများဖြင့် တရားဝင်တိုင်ကြားနိုင်ပြီးပါဝင် ပတ်သက်သူများ ကိုလည်းဥပဒေ၊လုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ပါကြောင်း။
သီးနှံများရဲ့အနည်းဆုံးအာမခံဈေးနှုန်းသတ်မှတ်ရန်ကိစ္စနှင့်စပ်လျဉ်းပြီး ၂၀၁၃ ခုနှစ်၊ တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပုဒ်မ ၂၂ မှာ ဦးဆောင်အဖွဲ့ဟာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်နိုင်ရန်နှင့် အကျိုးစီးပွားမြှင့်တင် နိုင်ရန်အလို့ငှာ လယ်ယာထုတ်ကုန်များကို ဝယ်ယူရန်နှင့် လိုအပ်လျှင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲ ရေးအဖွဲ့က တင်ဒါစနစ်အပါအဝင် အခြားသင့်လျော်သောနည်းလမ်းများဖြင့် ဝယ်ယူနိုင်ရေးစီစဉ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ဂ)အရ လယ်ယာ ထုတ်ကုန်များရောင်းချရာမှာ သင့်တင့်မျှတတဲ့ ဈေးနှုန်းနှင့်ဈေးကွက်ရရှိရေးတို့အတွက် တောင်သူ လယ်သမားများကိုကူညီဆောင်ရွက်ရန် ရည်ရွယ်ထားရှိပြီး ဥပဒေကိုပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း၊ ဥပဒေ ပုဒ်မ ၂၁ အရ ဦးဆောင်အဖွဲ့အနေဖြင့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ကို အဖွဲ့ဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး အဖွဲ့မှတွက်ချက်တင်ပြတဲ့ အခြေခံရည်ညွှန်း ဈေးနှုန်းများအတိုင်း လက်ရှိမှာ စပါးဈေးနှုန်းကို နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ မျိုးစေ့ကြီးမြင့်မှုကို ထိန်းချုပ်ပေးရန်နဲ့ ဈေးနှုန်းသက်သာတဲ့ မျိုးစေ့ရရှိရေးမေးမြန်းချက်နဲ့စပ်လျဉ်းပြီး မျိုးစေ့စီးဆင်းမှုစနစ်အရ စိုက်ပျိုးရေး သုတေသနဦးစီးဌာနက မွေးမြူရေးပညာရှင်များကိုယ်တိုင် မွေးမြူရရှိတဲ့ မျိုးစေ့တွေကို စိုက်ပျိုးရေး ဦးစီးဌာနပိုင် ခြံများမှာ ဆင့်ပွားမျိုးစေ့၊ မျိုးသန့်မျိုးပွား မျိုးစေ့များအဖြစ် မျိုးစေ့ပွားများခြင်း လုပ်ငန်းကိုဆောင်ရွက်ပြီး စပါး၊ နေကြာ၊ အစေ့ထုတ် ပြောင်း၊ ပဲမျိုးစုံတို့ကို အဓိကထားပြီး ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန အောက်မှာရှိနေတဲ့ မျိုးသန့်ခြံ ၄၃ ခြံကလည်း ဧက ၃,၃၄၂ ဧကကိုအသုံးပြုပြီး သက်ဆိုင်ရာ သီးနှံများကို မျိုးစေ့များကိုထုတ်လုပ်ပြီး ပြန်လည် စိုက်ပျိုးပွားများထုတ်လုပ်မည့်တောင်သူများ၊ ကုမ္ပဏီများသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း၊ မျိုးစေ့လွှမ်းခြုံမှုအနေနဲ့ စပါး သီးနှံတွင် ၅၅ ရာခိုင်နှုန်း၊ အစေ့ထုတ်ပြောင်းမှာ ၃၈ ရာခိုင်နှုန်း၊ မြေပဲသီးနှံမှာ ၇၃ ရာခိုင်နှုန်း၊ နှမ်းမှာ ၇၆ ရာခိုင်နှုန်းအတိုင်း လုံလောက်ရှိတာ တွေ့ရှိရပါကြောင်း၊ ပွားများရရှိတဲ့မျိုးစေ့တွေကို မျိုးစေ့ထုတ်ကုမ္ပဏီ၊ မျိုးစေ့ထုတ်အသင်းအဖွဲ့တွေမှာ ဆက်လက်ပြီး ပွားများဆောင်ရွက်ပြီး တောင်သူများထံသို့ ဖြန့်ဝေပေးလျက်ရှိကာ လိုအပ်တဲ့မျိုးများကိုလည်း ပြည်ပက နှစ်စဉ်တင်သွင်းခဲ့ရမှုရှိကြောင်း။
မြေဩဇာနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေးဦးဆောင်ကော်မတီရဲ့ဦးဆောင်မှုနဲ့ ကုမ္ပဏီများမှ သွင်းအားစုများကို ဈေးနှုန်းကြီးမြင့်စွာ ရောင်းချမှုများမရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်လုပ်တဲ့ပြည်တွင်းထုတ် ယူရီးယားဓာတ်မြေ ဩဇာများကိုလည်း ဓာတ်မြေဩဇာခွဲတမ်း သတ်မှတ်ရေးကော်မတီမှ ယူရီးယားမြေဩဇာ တစ်တန် လျှင် စက်ရုံဈေးကျပ် ၆ သိန်းနှုန်း၊ တစ်အိတ်လျှင် ကျပ် ၃၀,၀၀ဝ ဈေး နှုန်းနှင့် စက်ရုံဈေးအနေနဲ့ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး မြေဩဇာဈေးနှုန်းသက်သာစေရေးအတွက် ပြည်တွင်းထုတ်လုပ်မှုကိုလည်း အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝမြေဩဇာနဲ့ ဇီဝမြေဩဇာများကိုလည်း ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်းမှာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုနေပြီး ၂၀၂၅-၂၀၂၆ ခုနှစ်မှာ သဘာဝမြေဩဇာ ၃၁၈ ရုံက သဘာဝမြေဩဇာ တန်းပေါင်း ၁၂၇,၈၀၀ ကျော် ထုတ်လုပ်သုံးစွဲခဲ့ကာ တိုင်းဒေသကြီး၊ ပြည်နယ် ၆ ခုမှာ ဇီဝမြေဩဇာစက်ရုံ ၁၂ ရုံက ဇီဝမြေဩဇာ တန်ချိန် ၂,၃၆၅ တန် ထုတ်လုပ်ပေးလျက်ရှိပြီး Gypsum မြေဩဇာကိုလည်း တန်ချိန် ၂၈,၀၀၀ ခန့် ပြည်တွင်းမှာ ထုတ်လုပ်ပေးလျက်ရှိပါကြောင်း။
တောင်သူလယ်သမားများ မြေဩဇာများကို အကျိုးရှိရှိ အသုံးချနိုင်ရန်နှင့် မြေဆီလွှာစစ်ဆေး စမ်းသပ်ခြင်းဆိုင်ရာ နည်းပညာပေးပွဲလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများ ဓာတ်မြေဩဇာ၊ မျိုးစေ့များကို သက်သာစွာဝယ်ယူနိုင်ရေးအတွက် တင်ပြပါအတိုင်း ဆောင်ရွက်ထားရှိမှုအပြင် ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဈေးကွက်သေချာစေရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေအစီအစဉ်မှ စပါးတစ်ဧကမှာ ၂.၅ သိန်းနှုန်း၊ မြေပဲတစ်ဧကမှာ ၄ သိန်းနှုန်း၊ နှမ်းတစ်ဧကမှာ ၂ သိန်းနှုန်းနှင့် နေကြာတစ်ဧကမှာ ၂.၅ သိန်းနှုန်း ချေးငွေတန်ဖိုးနှင့်ညီမျှတဲ့ သွင်းအားစု များဖြစ်တဲ့ မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးများကို တောင်သူများထံသို့ ဈေးနှုန်းသက်သာစွာ ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝယ်ယူကြိတ်ခွဲတင်ပို့ရောင်းချ သူများအဖွဲ့၊ သွင်းအားစု တင်သွင်းရောင်းချသူများအစုအဖွဲ့၊ တောင်သူလယ်သမားအစုအဖွဲ့တို့နှင့် ပေါင်းစပ်ဆောင်ရွက်ပေးပြီး သီးနှံစိုက်ပျိုးမှုမတိုင်ခင်ကတည်းက ကြိုတင်ညှိနှိုင်း၍ မျိုးစေ့၊ မြေဩဇာ ဖြန့်ဖြူးပေးခြင်း၊ ဈေးနှုန်း ညှိနှိုင်းခြင်းတို့ကို Contract Farming စနစ်ကိုအခြေပြုတဲ့လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံထားရှိပြီး ဖြစ်ပါကြောင်း။
တရားမဝင်ကုန်စည်များဝင်ရောက်မှုကို စစ်ဆေးကြီးကြပ်ပေးမှသာ နယ်စပ်ပေါက်ဈေးနဲ့ ပြည်တွင်းပေါက်ဈေးကွာဟမှုလည်း ကျဉ်းမြောင်းစေမှာဖြစ်ပြီး မျိုးစေ့ထုတ်လုပ်ငန်းကို ဒေသခံ မျိုးစေ့ထုတ်အစုအဖွဲ့မှ ဒေသနဲ့ကိုက်ညီပြီး လိုအပ်ချက်ရှိတဲ့ မျိုးတွေကို ထုတ်လုပ်ပေးမှုကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ လိုအပ်တဲ့နည်းပညာနှင့် အရင်းအနှီးများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်ထောင်စုရန်ပုံငွေများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခြင်းဖြင့် ဈေးနှုန်းသက်သာတဲ့ မျိုးကောင်းမျိုးသန့်များ ရရှိသုံးစွဲနိုင်စေမှာဖြစ်ပြီး နိုင်ငံတော်ပိုင်ခြံ၊ စိုက်ကွင်းများမှ ထုတ်လုပ်ခြင်း၊ ဒေသခံတောင်သူအစုအဖွဲ့က ထုတ်လုပ်တဲ့ မျိုးကောင်းမျိုးသန့်များကို သုံးစွဲနိုင်သလို သီးနှံအထွက်နှုန်းမထိခိုက်စေရန် ဓာတ်မြေဩဇာ သုံးစွဲမှုကိုလျှော့ချကာ ဒေသတွင်းမှာ ထုတ်လုပ်တဲ့မြေဩဇာတွေကို ဓာတ်မြေဩဇာနဲ့ ပေါင်းစပ် သုံးစွဲခြင်းဖြင့် ပြည်ပတင်သွင်းမှုကို လျှော့ချနိုင်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာစေမှာဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များအပါအဝင် ဒေသခံအစုအဖွဲ့များက တရားမဝင်ကုန်စည်များဝင်ရောက်နေမှုကို တည်ဆဲဥပဒေ များနှင့်အညီ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်တားဆီးထိန်းသိမ်းခြင်းဖြင့် သယ်ယူစရိတ် လျော့နည်းစေရေး၊ ဈေးနှုန်းကွာဟမှုမရှိစေရေး၊ ဈေးနှုန်းသက်သာတဲ့မျိုးစေ့၊ မြေဩဇာရရှိရေး ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။