ဦးတင့်ဝေ(ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်)
ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေး မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံတွင် ၂၀၂၂ ခုနှစ်မှစတင်ပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်ပွားခဲ့သည့် နောက်ပိုင်းလမ်းပန်းဆက်သွယ်မှုများ ခက်ခဲကာ လူတိုင်း နေ့စဉ်စားသုံးနေရသည့် အသီးအနှံ၊ အသား၊ ငါး၊ ကုန်ခြောက်မျိုးစုံနှင့် စားသုံးဆီတို့သည် ယခင် ကာလဈေးကွက်ရှိ ပုံမှန်ဈေးနှုန်းထက် သုံးဆ၊ လေးဆ မြင့်တက်နေမှုကို ကြုံတွေ့နေရလျက်ရှိပါကြောင်း၊ ဥပမာအားဖြင့် ပေါ်ဆန်းမွှေး တစ် ပြည် ၉,၀၀၀ကျပ်၊ ရိုးရိုးဆန် တစ်ပြည် ၄,၀၀၀ကျပ်၊ စားအုန်း ဆီ တစ်ပိဿာ ၁၇,၀၀၀ကျပ်၊ မြေပဲ ဆီ တစ်ပိဿာ ၂၈,၀၀၀ကျပ်၊ အားလူး တစ်ပိဿာ ၆,၀၀၀ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၇,၀၀၀ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၂,၀၀၀ကျပ်တို့ဖြစ်ပြီး အသား၊ ငါးဈေးနှုန်းဆိုလျှင် ဝက်သား တစ်ပိဿာ ၂၈,၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၃၂,၀၀၀ကျပ်၊ အမဲသား တစ်ပိဿာ ၄၂,၀၀၀ကျပ်နှင့် ငါးတစ်ပိဿာ၂၄,၀၀၀ ကျပ်နှင့် ကြက်ဥ၊ ဘဲဥ တစ်လုံးဆိုလျှင် ၆၀၀ ကျပ် ၇၀၀ ကျပ် စသည်အားဖြင့် အသီးသီးဈေးနှုန်းကြီးမြင့်လျက်ရှိပါကြောင်း၊ စားအုန်းဆီဈေးနှုန်းဆိုလျှင်ယခင်က မြေပဲဆီ တစ်ပိဿာဈေးနှုန်းအထိ တက်လာသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော ကုန်ဈေးနှုန်းကြီးမြင့်မှု နှင့် စီးပွားရေး မတည် ငြိမ်မှုများမှာ ယခုကာလတွင်မှ ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ ယခင် အစိုးရအဆက်ဆက်ကာလ များ၌လည်း ဖြစ်ပေါ်ခဲ့သည်ကိုလေ့လာတွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ကုန်ဈေးနှုန်းတက်ခြင်း၊ မတည်ငြိမ်ခြင်းသည် အကြောင်းများစွာရှိလိမ့်မည်ဖြစ်ပါကြောင်း၊ ယခင်ကာလများက လစာငွေ တိုးမြှင့်ပေးခဲ့သည့် အချိန်တိုင်းတွင် ကုန်ဈေးနှုန်းလိုက်တက်ကြသည်ကို တွေ့ရှိပါကြောင်း၊ ထို့ အပြင် စားသောက်ကုန်များကို ကိုင်တွယ်သိုလှောင်ကြသည့် ကုန်သည်အချို့၏ အမြတ်ကြီး စား ပြုလုပ်နေမှုများ၊ဈေးကစားမှုလုပ်နေသည့်သူများကြောင့်လည်းကုန်ဈေးနှုန်းတက်ကြပါကြောင်း။
၂၀၂၁ခုနှစ်နောက်ပိုင်း ကုန်ဈေးနှုန်းတက်ခြင်းမှာ ကုန်စည်သယ်ယူပို့ဆောင်ရေး တွင်ကြား ခရီးလမ်းတစ်လျှောက်စစ်ဆေးရေးဂိတ်များခြင်း၊လောင်စာဆီရှားပါးမှုဖြစ်ခြင်း၊လောင်စာဆီ ဈေး နှုန်းမြင့်တက်ခြင်း၊ကုန်ပစ္စည်းရောင်းလိုအားနှင့်ဝယ်လိုအားမညီမျှဖြစ်ပေါ်ခြင်းစသည့် အကြောင်း အခြင်းအရာများစွာရှိပါကြောင်း၊ အဆိုးဆုံးမှာ ဝိသမလောဘသမားများက ဈေးကျစဉ် ဝယ်ယူ ထားသည့်ကုန်ပစ္စည်းကို ဈေးကစား၍ ဈေးနှုန်းတက်ရောင်းချခြင်းကြောင့်လည်း ဖြစ်ပါကြောင်း၊ ကုန်ဈေးနှုန်းဆိုသည်မှာ မိမိတို့နိုင်ငံတွင် တက်ပြီးလျှင် မည်သည့်အခါမှ ပြန်ကျလေ့မရှိ သည် ကို လည်းတွေ့ရပါကြောင်း၊ ယင်းသို့ ကုန်ဈေးနှုန်းများ လူတိုင်းနေ့စဉ်စားသုံးနေရသည့် အသီးအနှံ အသား၊ ငါး၊ ကုန်ခြောက်မျိုးစုံ နှင့် ဆန်၊ စားသုံးဆီ ယခင်ကထက် မြင့်မားလျက်ရှိရာ ယင်းသို့ သောအခြေအနေများကြောင့် သာမန်လက်လုပ်လက်စားများ၊ ပုံသေလစာဖြင့် ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အသား၊ ငါးစားသုံးနိုင်ရန် အလွန်ပင်ခက်ခဲလျက်ရှိပါကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ဝင်ငွေနည်းပါးမှုတို့အပြင် မိသားစု ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အသုံးစရိတ်များလည်း ကြီးမြင့်နေမှုကို ရင်ဆိုင်ဖြေရှင်းဆောင်ရွက်ရလျက် ရှိပါကြောင်း၊
သို့အတွက်ကြောင့် တချို့သောလူများအနေဖြင့် အလွယ်တကူငွေရပေါက်လမ်းများကို မသမာသောနည်းလမ်းဖြင့် ရှာကြံလာကြသည့် အတွက်ခိုး၊ ဆိုး၊ လု၊ နှိုက်ကဲ့သို့သော ဒုစရိုက် များကို ကျူးလွန်လာကြပါကြောင်း၊ ထို့ကြောင့် ယနေ့အချိန်တွင် အစိုးရအနေဖြင့် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်နေမှုကို နိုင်ငံတော်အဆင့်အနေနှင့် ဖြေရှင်းဆောင်ရွက်ပေးရန် လည်း လိုအပ် သကဲ့သို့ တစ်ဘက်မှလည်းလက်တွေ့ကျသည့်စီမံဆောင်ရွက်မှုများ ဖြေရှင်း ဆောင်ရွက်ပေး ရန် လိုအပ်သည့်အချိန်လည်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လက်ရှိကြုံတွေ့နေရသော စားသောက်ကုန် ပစ္စည်းများ ကုန်ဈေးနှုန်းကြီးမြင့်နေမှုအတွက် ကုန်ဈေးနှုန်းကျဆင်းရေးနှင့်ဈေးနှုန်း တည်ငြိမ်ရေး ကိုမည်ကဲ့သို့ ဖြေရှင်း ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဒေါ်သန်းသန်းလင်း
ကမ္ဘာ့နိုင်ငံများတွင် ယင်းတို့၏ ဈေးကွက်ရှိ ကုန်ဈေးနှုန်းအတက်အကျကို တိုင်းတာ သည့်အခါတွင် စားသုံးသူဈေးဆနှုန်း Consumer Price Index-CPI ဖြင့်တွက်ချက် ဖော်ပြလေ့ရှိ ပါကြောင်း။
မြန်မာနိုင်ငံတွင်လည်း ပြည်သူများ၏ နေ့စဉ်စားသုံးနေရသည့် စားသောက်ကုန်ပစ္စည်း များ၏ ကုန်ဈေးနှုန်းအတက်အကျကိုလည်း CPI အရ ကြည့်မည်ဆိုလျှင် စားသုံးသူဈေးဆနှုန်း၏ လအလိုက် ပြောင်းလဲမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၂၆ ခုနှစ်၊ ဇွန်လအတွက် တစ်နိုင်ငံ လုံး၏ စားသုံးသူဈေးဆနှုန်း Consumer Price Index-CPI ၎င်းမှာ အစားအစာနှင့် အစားအစာ မဟုတ်သောအုပ်စု Food နှင့် Non Food Item ၂ ခုတွင် ၃၄၁.၁၃ ဖြစ်ပြီးယခင်လ ၂၀၂၆ ခုနှစ်၊ မေလအခြေအနေတွင် ၃၃၉.၃၁ နှင့်နှိုင်းယှဉ်ပါက၀.၅၄ ရာခိုင်နှုန်းမြင့်တက်လာသည်ကို တွေ့ရှိ ရပါကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇွန်လအတွက် ဈေးနှုန်းတည်ငြိမ်မှုမရှိသည့် အစားအစာအုပ်စု နှင့် လောင်စာဆီဈေးနှုန်းများ မပါဝင်ဘဲတွက်ချက်ထားသည့် စားသုံးသူဈေးဆနှုန်း Core CPI ဟု ခေါ်ပါကြောင်း၊ ၎င်းသည် ၃၂၄.၁၃ ရှိပြီးယခင်လအခြေအနေက ၃၂၀.၈၃ ဖြစ်သည့် အတွက် ၁.၀၃ ရာခိုင်နှုန်းမြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း။
နှစ်အလိုက်ပြောင်းလဲမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၂၆ ခုနှစ်၊ ဇွန်လက ၃၄၁.၁၃ ဖြစ်သဖြင့်ယခင်နှစ် ၂၀၂၅ ခုနှစ်၊ ဇွန်လ၏ အခြေအနေ ၃၀၁.၆၈ နှင့်နှိုင်းယှဉ်ပါက ၁၃.၀၈ ရာခိုင်နှုန်းမြင့်တက်လာပါကြောင်း၊ ယခု ၂၀၂၆ ခုနှစ်၊ ဇွန်လအတွက် Core CPI ဈေးနှုန်း အပြောင်းအလဲမြန်ဆန်သည့် အစားအစာနှင့်လောင်စာဆီဈေးနှုန်းကိုဖယ်ပြီးတွက်ချက်ထား ချက် အရ ၃၂၄.၁၃ ဖြစ်ပြီးယခင်နှစ် အလားတူကာလ ဇွန်လ၏အခြေအနေတွင် ၂၈၀.၂၁ ဖြစ် သည့် အတွက် ၁၅.၆၇ ရာခိုင်နှုန်းမြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း။
၂၀၂၆ ခုနှစ်၊ ဇွန်လအတွက် အစားအစာအုပ်စု Food အတွက်ကို ဈေးဆနှုန်းကိန်းမှာ၃၅၄.၈၁ ဖြစ်ပြီးယခင်လ အခြေအနေ ၃၅၁.၂၉ ဖြစ်သည့်အတွက် ၁.၀၀ ရာခိုင်နှုန်းမြင့်တက် လာပါကြောင်း၊ အဆိုပါအစားအစာအုပ်စုတွင်ပါဝင်သည့် မြေပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီ၊ ဝက်သား၊ ဘဲဥ ဈေးနှုန်းများက အသီးသီးကျဆင်းလာသော်လည်း ဧည့်မထဆန်၊ ကြက်သား၊ အမဲ သား၊ ကြက်ဥ၊ ငါးခူ၊ ငါးရံ့၊ ငါးမြစ်ချင်း၊ ပုစွန်ခြောက်နှင့် ငါးရံ့ခြောက်များ၏ ဈေးနှုန်းများနှင့် စားဖို ဆောင်သုံးအဓိကပစ္စည်းများဖြစ်သည့် ကုလားပဲခြမ်း၊ အာလူး၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီ ဈေးနှုန်းများ အသီးသီးအနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရှိရပါကြောင်း၊ ဟင်းသီး ဟင်းရွက် ဈေးနှုန်းများမှာ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်နှင့် သခွားသီး ဈေးနှုန်း များက ကျဆင်းလာပြီး ကျန်ဟင်းသီးဟင်းရွက်ဈေးနှုန်းများက မြင့်တက်လာသည်ကို တွေ့ရှိ ရပါကြောင်း။
၂၀၂၆ ခုနှစ်၊ ဇွန်လအတွက် ပျမ်းမျှ ငွေကြေးဖောင်ပွမှုနှုန်း Annual Average Rate of Inflation သည် ၁၃.၆ ရာခိုင်နှုန်းရှိပြီးယခင်နှစ်အလားတူ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ၂၉.၅၄ ရာခိုင်နှုန်းရှိ၍ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းလာသည်ကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း၊ စားသုံးသူ ဈေးဆနှုန်းဆိုသည်မှာ ကုန်ဈေးနှုန်းများ၏ ဈေးနှုန်အတက်အကျပေါ်တွင်မူတည်ပြီး တွက်ချက် ထားတာဖြစ်ပါကြောင်း၊ ကုန်ဈေးနှုန်းအတက် အကျဆိုသည်မှာလည်း ရာသီအလိုက် ထုတ်ကုန် ထွက်ရှိမှု Seasonal Variation နှင့် သက်ဆိုင်သကဲ့သို့ ဈေးကွက်အတွင်းသို့ကုန်စည်များ ဝင်ရောက်မှုပေါ်တွင် မူတည်နေသည်ကိုသုံးသပ်ရပါကြောင်း၊ မြန်မာနိုင်ငံရှိပြည်သူများ၏ နေ့စဉ်စားသုံးနေသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး နှင့် ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေကို ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန အနေဖြင့်အခြားဝန်ကြီးဌာနများမှ အချက်အလက်များကိုစုစည်းပြီးတင်ပြသွား မည် ဖြစ်ပါကြောင်း။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်ပြည်တွင်းဆန်စားသုံးမှု ဖူလုံ စေရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်း မဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးနှင့် သင့်တင့်မျှတ သည့် ဆန်၊ စပါး၊ အခြေခံရည်ညွှန်းဈေးနှုန်းများကို အခါအားလျော်စွာ ထုတ်ပြန်ခြင်းတို့ကို မြန်မာနိုင်ငံ ဆန် စပါး အသင်းချုပ်နှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထို့အပြင် စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်း ပြီး သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ ကို ဖွဲ့စည်းပြီး စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက် အကျပေါ်မူတည်၍ ပြည်တွင်း ၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြည်ပမှစားအုန်းဆီတင်သွင်းပြီး ဆိပ်ကမ်းအရောက် CIF ဈေးနှုန်းအပေါ်အခြေခံ၍ ပြည်တွင်းကုန်ကျစရိတ်များ ထည့်သွင်းတွက်ချက်ကာ ရန်ကုန်ဆီအထိုင်လက်ကား ရည်ညွှန်းဈေး နှုန်းကိုအပတ်စဉ် သောကြာနေ့တိုင်း နိုင်ငံပိုင်သတင်းစာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင် လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Website၊ Facebook Page များတွင်လည်းကောင်းထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း။
ရန်ကုန်ဆီကန်အထိုင်လက်ကားရည်ညွှန်ဈေးနှုန်းကိုအခြေခံ၍သယ်ယူပို့ဆောင်ခကုန်ကျ စရိတ်များနှင့် လက်ကား လက်လီကိုယ်စားလှယ်တစ်ဆင့်လျှင် ၂ ရာခိုင်နှုန်းအမြတ် သတ်မှတ်၍ ကိုယ်စားလှယ်အဆင့် ၃ ဆင့်ထက်မပိုစေဘဲ ဒေသအလိုက်၊ မြို့နယ်များအလိုက် စားသုံးသူ ပြည်သူများထံ ဖြန့်ဖြူးရောင်းချရမည့် ဈေးနှုန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် စားသုံးသူဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့များကသတ်မှတ်ပေးလျက်ရှိရာ ဆိုင်အမည်၊ ကိုယ်စားလှယ်အမည်နှင့် ရောင်းချသည့်ဈေးနှုန်းတို့ကို ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချစေလျက် ရှိပါကြောင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းမရှိဘဲ ဈေးနှုန်းမြှင့်တင်ရောင်းချမှုများရှိနေရာသက်ဆိုင်ရာတိုင်းဒေသကြီး၊ပြည်နယ်၊ခရိုင်နှင့်မြို့နယ်စာသုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး အဖွဲ့များက ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများဖြင့် ဖော်ထုတ်အရေးယူ ဆောင်ရွက် လျက်ရှိပါကြောင်း။
ယခုလတ်တလော ပင်လယ်ကွေ့အခြေအနေများကြောင့် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်း မြင့် တက်မှုများဖြစ်ပေါ်လျက်ရှိသဖြင့် မြန်မာနိုင်ငံတွင်လည်းစက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို မဖြစ် ပေါ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို လျှော့ချ နိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိက အသုံးပြုလျက်ရှိသည့် ဒီဇယ် HSD 500 ppm အပေါ်တွင် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ၊ မေလနှင့် ဇွန်လတို့ အတွက် ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ၎င်းသည် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အောက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ တစ်ဖက် တစ်လမ်း မှကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ကုန်ဈေးနှုန်းမြင့်တက်မှု မရှိစေရေးအတွက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
ထို့ပြင် စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ၏ ဈေးနှုန်းကျဆင်းစေရေးအတွက် အထောက် အကူပြု စေရန် ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ၊ မေလနှင့် ဇွန်လတို့တွင် အခွန်ကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီး၊ ပြည်နယ် ၁၄ ခုနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ၆ခုက သက် ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်ထုတ်လုပ်မှုတိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့်ကုန် ဈေးနှုန်းတည်ငြိမ်ရေးတို့ကို ဆောင်ရွက်နိုင်ရန်အတွက်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှသက်သာ သောအတိုးနှုန်းဖြင့် အရင်းမပျောက် မတည်ငွေ၊ မတည်ထောက်ပံ့ငွေနှင့် တိုက်ရိုက်ထုတ်ချေး ငွေ တို့ကိုပံ့ပိုးပေးလျက်ရှိပါကြောင်း၊ထို့အပြင်သွင်းအားစုများဖြစ်သည့်ဓာတ်မြေဩဇာများဝယ်ယူ ရန်၊ စိုက်ပျိုးရေးကိရိယာများ Drum Seeder များဝယ်ယူရန်နှင့် စိုက်ပျိုးရေးထွက်ကုန်များကို ကုန် ချောအဖြစ် ရရှိစေရန် ဆန်စက်၊ဆီစက်လုပ်ငန်းများ အတွက်လည်း ချေးငွေများထုတ်ချေး ပေးလျက်ရှိပါကြောင်း။
အထက်ပါလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များက နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI နှင့်ညီနောင်အသင်းအဖွဲ့များကလည်း မြန်မာနိုင်ငံရှိ ပြည်သူများ၏ နေ့စဉ်စားသုံး နေရသည့် စားသောက် ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်း တည်ငြိမ်ရေး အတွက် သတင်းအချက် အလက်များ ပံ့ပိုးခြင်းနှင့် ပုဂ္ဂလိကကဏ္ဍမှ နိုင်ငံတော်အစိုးရ၏လုပ်ငန်း စဉ်တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ ပါသည်။
ဦးတင့်ဝေ(ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်) ကဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
အသေးစိတ်ရှင်းလင်းပြောကြားသွားသည့် ပြည်ထောင်စုအဖွဲ့ဝင်ပုဂ္ဂိုလ်ကိုလည်း ကျေးဇူး တင်ပါကြောင်း၊ မိမိအနေဖြင့် ကြယ်ပွင့်ပြမေးခွန်းတွင် ဆက်စပ်ပြီး မေးလိုသည့် အချက် များ လည်းရှိပါကြောင်း၊ အဓိက စားသုံးသူပြည်သူများအနေဖြင့် မိမိတို့နှင့်ထိတွေ့သည့် ပတ်ဝန်းကျင် တွင် လက်လုပ်လက်စားများနှင့် ပုံသေလစာနည်းဝန်ထမ်းများ များသည့်အတွက် လက်ရှိ ဈေးကွက် တွင် အမှန်တကယ် ဝယ်ယူ စားသုံးနေသည့် ဈေးနှုန်းများက ယခငနှင့် ယခုကြုံတွေ့ရ သည်နှင့် ယှဉ်လျှင်မည်မျှကျသွားမည်နည်း၊ မည်သူက မည်ကဲ့သို့ဆောင်ရွက်မေးမည်ကို သိလို ကြပါကြောင်း၊ ဥပမာအားဖြင့် အတွေ့အကြုံ တစ်ခုတင်ပြရမည်ဆိုလျှင် ၁၉၆၆ ခုနှစ်တွင် အရေးအခင်းတစ်ခုဖြစ်ပါကြောင်း အညာဒေသက သမဝါယမအသင်းများက အောက်ပြည် အောက်ရွာသွားပြီး အောက်ပြည်အောက်ရွာရှိကုန်များနှင့် အညာထွက်ကုန်များလဲပြီး ဖလှယ် သည့် စနစ်လုပ်လိုက်သည့် အတွက်စိုက်ပျိုး စားသောက်တာများလျော့ပြီးမှ အောက်ပြည် အထွက် မှ ဆန်၊ ဆား၊ ငပိ၊ ငါးခြောက်စသည် အားဖြင့် ဝယ်ယူစားသုံးခဲ့သည့် အတွေ့ အကြုံရှိ ပါကြောင်း၊ အလားတူပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရလက်ထက် မှာလည်း ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးဆိုပြီးမှအစိုးရဗဟိုအဆင့်မှ ပြည်ထောင်စု အဆင့်ဖွဲ့စည်းပြီး ဆောင်ရွက် ပေးခဲ့ သည်ကိုလည်း တွေ့ကြုံဖူးပါကြောင်း၊ လက်ရှိ စဉ်းစားမိသလောက် ပြောလျှင် ဥပမာ အား ဖြင့် အင်းလေးဒေသထွက်သည့် ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၃၀၀၊ ၄၀၀၊ ၅၀၀ ရှိသည်က အခြားဒေသတွင် ကျပ်၃,၀၀၀၊၄,၀၀၀ပေါက်သွားသည်ရှိပါကြောင်း။
ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)သည် ကြက်သွန်ဖြူ၊ အားလူး အင်မတန် ထွက်ပါ ကြောင်း၊ သို့သော်လည်းရန်ကုန်ရောက်လျှင် ၆၀၀၀ ဈေးလောက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အစိုးရ အဖွဲ့အစည်းမှ အကောင်အထည်ဖော်ရန် ကုန်စည်အစီအစဉ်များ မြန်ဆန် ချောမွေ့စေရန် အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ရထားများ၊ ရေကြောင်းသွား သင်္ဘောများ ရပ်နားထား တာ အများကြီးရှိပါကြောင်း၊ ၎င်းယာဉ်များဖြင့် အစိုးရအစီမံနှင့် အပေါ်ကုန်ကို အောက်ပို့ အောက် ကုန်ကို အပေါ်ပို့လိုက်ခြင်းအားဖြင့်လည်း လတ်တလောတွင် ကုန်ဈေးနှုန်းကျဆင်းရေးကို အထိုက် အလျောက် ကူညီဖြေရှင်းရာကျရောက်မည်ဟုလည်း မြင်ပါ ကြောင်း။
ပြီးခဲ့သည့်ကာလက ရွေးကောက်ပွဲကာလတွင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာမှ ၎င်းတို့ မြို့တော်စည်ပင်မှကြက်မွေးသည့်ခြံများ၊ ပုဂ္ဂလိကခြံများမှ ကြက်ဥများသယ်၍ မြို့တော် စည်ပင်သာယာရေး ကော်မတီရုံးများမှ တစ်ဆင့် လူများ ကိုဖြန့်ဖြူးပါကြောင်း၊ အပြင်တွင် ကျပ် ၅၀၀ ပေါက်ဈေးရှိနေ သည်ကို ကျပ် ၃၅၀ နှင့် ဖြန့်နိုင်သည်များရှိပါကြောင်း၊ အဆိုပါ ဖြစ်စဉ် မှာလက်တွေ့သာဓကလက်တွေ့ကျကျဆောင်ရွက်နေတာဖြစ်ပါကြောင်း၊ ယခုလည်း စားသုံး သူ ပြည်သူ များအနေဖြင့် လက်တွေ့ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်း မတန်တဆ ကြီးမြင့်နေမှုကို ကျဆင်းသွားအောင်လုပ်ဆောင်ပေးသည်ကို အစိုးရဆီမှ ပြည်သူများကမျှော်လင့်နေပါကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် စားသုံးပြည်သူများ အတွက်လက်တွေ့ကျကျဖြေရှင်းဆောင်ရွက် ပေးရန် မည်သို့ စီမံဆောင်ရွက်နေသည် ကိုသိလိုပါကြောင်း မေးမြန်း ခဲ့ပါ သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဒေါ်သန်းသန်းလင်း
ကုန်ဈေးနှုန်း ကျဆင်းရေးဆိုသည်မှာ ထုတ်လုပ်သည်မှ ဖြန့်ဖြူးသည်အထိ Supply Change တစ်ခုလုံးနှင့် ဆက်စပ်နေပါကြောင်း၊ Supply Change တစ်ခုလုံးလုပ်သည့် အခါတွင် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်အရှေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှလည်း ဆောင်ရွက် တာရှိပါကြောင်း၊ မိမိတို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် တခြားသက်ဆိုင်ရာဌာနများ အားလုံး က ၎င်းတို့၏ကဏ္ဍအလိုက် Supply Change နှင့် ဆောင်ရွက်နေတာ မျိုးဖြစ်ပါ ကြောင်း၊ မိမိတို့ သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ရှင်းလင်းတင်ပြထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းများကိုလည်း လုပ်ငန်းစဉ်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် နောက်ပိုင်းတွင် Government အစိုးရအဖွဲ့တစ်ခုတည်းမဟုတ်ဘဲစားသုံးသူနှင့် ထုတ်လုပ်သူများပါသည့်အတွက် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ညီနောင်အသင်းများနှင့်လည်း ချိတ်ဆက်ပြီး ဆောင်ရွက်ရန်ရှိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဌာနများ၊ ပုဂ္ဂလိကကဏ္ဍများ၊ အသင်းအဖွဲ့များနှင့် ဆက်လက်ပူးပေါင်းပြီး ဆောင်ရွက်သွားသင့်ကြောင်း ကို လက်ခံ ပါကြောင်း၊ မိမိအနေဖြင့် လည်း အဆင့်ဆင့်ဆောင်ရွက်နေကြောင်း ကို ပြန်လည်ဖြေကြားခဲ့ပါသည်။