ဒေါက်တာထိန်ဝင်း(ကျောင်းကုန်းမဲဆန္ဒနယ်)
လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၌ လျှပ်စစ်စွမ်းအင်ကဏ္ဍ မည်မျှ ပါဝင်သည်၊ မည်သည့်လုပ်ငန်းများတွင် ဆောင်ရွက်မည့် နောက်နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လျှပ်စစ်ကဏ္ဍ မည်သို့ဆောင်ရွက်သွားမည်၊ ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ဆဲ၊ ရှေ့ ဆောင်ရွက်မည့် အစီအစဉ်များကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ယခုလို နိုင်ငံတော်မျက်နှာစာအသစ် အခန်းကဏ္ဍတွင် အစိုးရအား မြို့ပြနှင့် ကျေးလက်ဒေသ များပါမကျန် ပြည်သူများ၏ လိုအင်ဆန္ဒသည် လျှပ်စစ်မီးလုံလောက်စွာရရှိရေးဖြစ်ပါကြောင်း၊ လျှပ်စစ် မီး လုံလောက်စွာရရှိရေးသည် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားခြင်း၊ စွမ်းအင်အရင်းအမြစ်၊ နည်းပညာ တို့အပြင် မိမိနိုင်ငံ၏ လုံခြုံရေး ကန့်သတ်ချက်များရှိပါသော်လည်း တိုင်းပြည်ကို အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်ရန် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မှု၊ ပညာရေး၊ ကျန်းမာရေးကအစ လျှပ်စစ် စွမ်းအင်ကဏ္ဍသည် အဓိကဖြစ်နေပါကြောင်း။
လျှပ်စစ်ထုတ်လုပ်မှုနှင့်သုံးစွဲမှု မမျှတခြင်း၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများကြောင့် လျှပ်စစ်ဓာတ်အား အပြည့်အဝ မရရှိခြင်း၊ ဥပမာအားဖြင့် မိမိတို့တိုင်းဒေသကြီး၏ မြို့ကြီးတချို့တွင် မီးလာချိန်ကို အုပ်စု ၃ စုခွဲပြီး ၂ နာရီ၊ ၆ နာရီ စသည်ဖြင့် အချိန်ဇယားနှင့် ဆောင်ရွက် နေပါကြောင်း၊ လျှပ်စစ်မီးလုံလောက်စွာရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏများခြင်း၊ စွမ်းအင်အရင်းအမြစ်၊ နည်းပညာ၊ လုံခြုံရေးအခြေအနေစသဖြင့် ကန့်သတ်ချက်များရှိနေပါကြောင်း၊ နိုင်ငံတော်အတွင်း လျှပ်စစ်လိုအပ်သော အရေးကြီးသည့်အခန်းကဏ္ဍများတွင် လူမှုစီးပွားဘဝတိုးတက်မှုကဏ္ဍ၊ ပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ စသဖြင့် ကဏ္ဍများစွာတွင် လျှပ်စစ်စွမ်းအင် များစွာလိုအပ်နေသည်ကို အားလုံး အသိဖြစ်ပါကြောင်း၊ ပြည်သူများ ကြုံတွေ့နေရသည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု အခက်အခဲ များမှာ လျှပ်စစ်ထုတ်လုပ်မှုနှင့်သုံးစွဲမှု မမျှတခြင်း၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများပြားခြင်း၊ လျှပ်စစ်ဓာတ်အားအပြည့်အဝနှင့် မတည်မငြိမ်ဖြင့် ရရှိခြင်းတို့ ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သွယ်တန်းရေး၊ ဖြန့်ဖြူးရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ပမိတ်ဆွေနိုင်ငံမှ ကိုယ့်နိုင်ငံကိုချေးငွေ အမေရိကန်ဒေါ်လာ ၆၈၆.၃၀၉ သန်းချေးယူပြီး စီမံကိန်း ၁၅ ခု ရင်းနှီးမြှုပ်နှံထားသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ နိုင်ငံခြား ချေးငွေဖြင့် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးသော စီမံကိန်းများကို တင်ပြအပ်ပါကြောင်း၊ နည်းပညာ ဆိုင်ရာ၊ ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများ Technical Assistant အရ မိတ်ဆွေနိုင်ငံများမှ အကူအညီရယူထားသော အခြေအနေဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လာမည့်ဘဏ္ဍာရေးနှစ်နှင့် လျှပ်စစ်စွမ်းအင် ကဏ္ဍ မည်မျှပါဝင်သည်၊ မည်သည့်လုပ်ငန်းများတွင် ဆောင်ရွက်မည့် နောက်နှစ်စဉ် ဘဏ္ဍာရေးနှစ် အလိုက် လျှပ်စစ်ကဏ္ဍမည်သို့ဆောင်ရွက်သွားမည်၊ ပြည်ပမိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအစဉ်(Plan)များကို သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေတွင် လျှပ်စစ်ကဏ္ဍ၌ ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ကဏ္ဍခွဲ ၃ ခုဖြစ်သည့် ဓာတ်အားထုတ်လုပ်မှုအပိုင်း၊ ဓာတ်အားပို့လွှတ်မှုအပိုင်းနှင့် ဓာတ်အား ဖြန့်ဖြူးရေးအပိုင်း အနေနှင့် အပိုင်းလိုက် ရှင်းလင်းဖြေကြားသွားမည်ဖြစ်ပါကြောင်း။
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၌ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ်တောင်းခံပြီး ဆောင်ရွက်လျက်ရှိသည့် ရေအား လျှပ်စစ်စီမံကိန်းများမှာ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းအနေဖြင့် ၁၆၆ မဂ္ဂါဝပ် တပ်ဆင်အင်အားဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ကုန်အထိ ၈.၇ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်း၊ ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်းအနေနှင့် တပ်ဆင်အင်အား ၁,၀၅၀ မဂ္ဂါဝပ်ဖြစ်ပြီး ပြီးစီးမှု ၁၂.၉၂ ရာခိုင်နှုန်း၊ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအနေဖြင့် တပ်ဆင်အင်အား ၂၈၀ မဂ္ဂါဝပ်ဖြစ်ပြီး ပြီးစီးမှု ၅၃.၉၅ ရာခိုင်နှုန်း၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနေဖြင့် ၁၁၁ မဂ္ဂါဝပ် တပ်ဆင်အင်အား ဖြစ်ပြီး ပြီးစီးမှု ၈၂.၆၁ ရာခိုင်နှုန်းနှင့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းအနေဖြင့် ၅၁ မဂ္ဂါဝပ်ဖြစ်ပြီး ၉၅.၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း၊ တင်ပြပါရေအားလျှပ်စစ်စီမံကိန်းများ တည် ဆောက်ပြီးစီးရန်အတွက် လိုအပ်သည့် ဘဏ္ဍာရန်ပုံငွေကို နောင်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက် တောင်းခံပြီး နယ်မြေအခြေအနေအရ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့် အခါ နိုင်ငံတော်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်ကို လျှော့ချနိုင်ရန်နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး အလယ်ပေါင်းလောင်းစီမံကိန်းအား တရုတ်ကုမ္ပဏီ ဖြစ်သည့် Dongfang Electric International Corporation। TBEA Co., Ltd. နှင့် မြန်မာကုမ္ပဏီဖြစ် သည့် Pan Theingi Energy Co., Ltd. (PTG)တို့ ပူးပေါင်းဆောင်ရွက်ရန်အတွက် Notice to Proceed (NTP) ကို ၂၀.၁.၂၀၂၅ ရက်နေ့တွင် ထုတ်ပေးခဲ့ပြီး ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်းကိုလည်း နယ်မြေအခြေအနေအပေါ် မူတည်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန် အတွက် ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင် စသည့် ပြန်ပြည့်မြဲစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများကိုလည်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နိုင်ရန်အတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။
လျှပ်စစ်ဓာတ်အားပို့လွှတ်မှုအပိုင်းအနေဖြင့် လက်ရှိမဟာဓာတ်အားလိုင်းစနစ် မရောက်ရှိသေး သည့် ဒေသများကို ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် ပင်မဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ်တောင်းခံပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ၅၀၀ ကေဗွီ စနစ် စီမံကိန်းလုပ်ငန်း ၁ ခု၊ ၂၃၀ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း ၁၉ ခု၊ ၁၃၂ ကေဗွီစနစ် စီမံကိန်း လုပ်ငန်း ၂ ခု နှင့် ၆၆ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း ၈ ခုတို့ကို လျာထား ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အဆိုပါ စီမံကိန်းလုပ်ငန်းများ တည်ဆောက်ပြီးစီးရန် လိုအပ်သည့် ဘဏ္ဍာရန်ပုံငွေကို နောင်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်တောင်းခံ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအပိုင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဓာတ်အား ဖြန့်ဖြူးမှုစနစ် တိုးတက်ကောင်းမွန်စေရေးနှင့် ဓာတ်အားတိုးချဲ့ပေးနိုင်ရေးတို့အတွက် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ်တောင်းခံပြီး ၆၆ ကေဗွီ စနစ်စီမံကိန်းလုပ်ငန်း ၈ ခုနှင့် ၃၃ ကေဗွီစနစ် လုပ်ငန်း ၇ ခုတို့ကို လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။
အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ဓာတ်အားဖြန့်ဖြူးမှုစနစ် တိုးတက် ကောင်းမွန်စေရေးနှင့် ဓာတ်အားတိုးချဲ့ပေးနိုင်ရေးတို့အတွက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်တောင်းခံပြီး ၆၆ ကေဗွီ စနစ် စီမံကိန်းလုပ်ငန်း ၄ ခု၊ ၃၃ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း ၁၈ ခုနှင့် ၁၁ ကေဗွီစနစ် စီမံကိန်း လုပ်ငန်း ၁၂ ခုတို့ကို လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ် များ တွင်လည်း ဓာတ်အားဖြန့်ဖြူးမှုစနစ် တိုးတက်ကောင်းမွန်စေရေးနှင့် ဓာတ်အားတိုးချဲ့ပေးနိုင်ရေးတို့ အတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်းအသုံးစရိတ်တောင်းခံပြီး ၆၆ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း ၉ ခုနှင့် ၃၃ ကေဗွီစနစ် လုပ်ငန်း ၂၇ ခု တို့ကို လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်ပမိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံက ချေးငွေ၊ ထောက်ပံ့ငွေ၊ နည်းပညာအကူအညီ ရယူထားမှုနှင့်စပ်လျဉ်း၍ မေးခွန်းနှင့်အတူ ပူးတွဲပါရှိသည့် စာရင်းများမှ ပြန်လည်ပေးဆပ်နေဆဲ နိုင်ငံခြားချေးငွေအဟောင်းများ ဖော်ပြထားသည့် ဇယား-၁၅ တွင် စီမံကိန်း လုပ်ငန်း ၁၅ ခု၊ နိုင်ငံခြားချေးငွေ (Loan) ဖြင့် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ စီမံကိန်းများ ဖော်ပြထားသည့် ဇယား-၁၆ နှင့် စီမံကိန်းလုပ်ငန်း ၂၁ ခုနှင့် နိုင်ငံခြားချေးငွေ(Loan)ဖြင့် ဆောင်ရွက် ရန် အဆိုပြုစီမံကိန်းများ ဖော်ပြထားသည့် ဇယား-၁၇ တွင် စီမံကိန်းလုပ်ငန်း ၁၅ ခုတို့သည် ယခင် ၂၀၁၁ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ အစိုးရလက်ထက် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုမှတ်တမ်းများမှ စာရင်း ဇယားများဖြစ်ပြီး ယခုလက်ရှိအခြေအနေသည် အဆိုပါစာရင်းများရှိ စီမံကိန်းလုပ်ငန်းများအနက် စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီး၍ ချေးငွေပေးဆပ်ပြီး ၉ ခု၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီး၍ ချေးငွေပေးဆပ်ဆဲ ၂၁ ခု၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ဆဲ ၈ ခုနှင့် ချေးငွေ အဆိုပြုခဲ့သော်လည်း ရရှိခဲ့ခြင်းမရှိသည့် စီမံကိန်းလုပ်ငန်း ၁၃ ခု တို့ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဒေါက်တာထိန်ဝင်း(ကျောင်းကုန်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
ယခုလို မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည့်ပြည့်စုံစုံဖြေကြား ပေးပါသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါ ကြောင်း၊ အစိုးရသစ်မျက်နှာစာသစ်တွင် အစိုးရစတင်ဖွဲ့စည်းချိန်မှစ၍ အရှိန်အဟုန်နှင့် လျင်လျင် မြန်မြန် ဆောင်ရွက်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးကိုလည်း အစိုးရစတင်ဖွဲ့စည်း သည့်နေ့မှစ၍ အရှိန်အဟုန်နှင့်ဆောင်ရွက်နေသည်ကို ကျေးဇူးတင်ပါကြောင်း၊ ဝန်ကြီး စောစောက လျာထားသည့် ၆၆ ကေဗွီလျှပ်စစ်သွယ်တန်းရေး၊ ဖြန့်ဖြူးရေး၊ လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ တွင်ရသည့် အရင်းအမြစ်ပေါ်မှာမူတည်၍ ပြည့်ပြည့်စုံစုံ မျှမျှတတ ဆောင်ရွက်ပေးသည်ကို တွေ့ရပါကြောင်း၊ ပြီးခဲ့သည့်ကာလက အမျိုးသားဓာတ်အားပေးလျှပ်စစ် စီမံချက်များ၊ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်(National Electrification Plan)များ၊ ဓာတ်အားစနစ်စီမံချက် (Power System Plan)အရ ADB ချေးငွေနှင့် ဆောင်ရွက်ခဲ့သည့် မိမိတို့မြို့နယ်၏ ဓာတ်အားခွဲရုံကိစ္စ လေးကိုလည်း မည်သို့ဆောင်ရွက်မည်ဆိုသည်ကို သိရှိလိုပါကြောင်း၊ အဆိုပါ ဓာတ်အားခွဲရုံမှ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ဓာတ်အားခွဲရုံ ပြီးခဲ့သည့် ADB ချေးငွေနှင့် ဆောင်ရွက်ခဲ့ပြီး အဆင် သင့် မြေနေရာကအစ၊ သီးနှံလျော်ကြေးကအစ စီမံဆောင်ရွက်မှု အရှိန်အဟုန်နှင့် တော်တော်လေး ခရီးပေါက်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါဓာတ်အားခွဲရုံ တည်ဆောက်မည်ဆိုလျှင် ရွာပေါင်း ၁၄ ရွာဖြစ် သည့် ဂုန်မင်းကျေးရွာ၊ ရေတာကြီးကျေးရွာ၊ လက်ပံချောင်ကျေးရွာ၊ လှည်းဆိပ်ကျေးရွာ၊ ဇီးချောင် ကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ ဗြိုက်ကြီးကျေးရွာ၊ ကန်ကလေးကျေးရွာ၊ ဆင်ဖိုးမြေကျေးရွာ၊ ရွှေဖောင်းကူကျေးရွာ၊ ကျုံဖားရိုးကျေးရွာ၊ လှည်းခုံကျေးရွာ၊ ရေဆိုင်ကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ စသည့် ရွာပေါင်း ၁၄ ရွာမှ ဓာတ်အားစနစ် ပြည့်ပြည့်စုံစုံ တည်တည်ငြိမ်ငြိမ်နှင့် ဓာတ်အားအပြည့် ရရှိမှာဖြစ်သည့်အတွက် အဆိုပါ ၆၆ ကေဗွီ ဓာတ်အားခွဲရုံကိစ္စ မည်သို့ဆောင်ရွက်မည်ကို မေးမြန်း ခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က
လွှတ်တော်ကိုယ်စားလှယ်ကြီးရှင်းပြသည့် ၆၆ ကေဗွီစီမံကိန်းသည် ADB နှင့် လျာထားပြီး ၂၀၂၁ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည့် စီမံကိန်းလျာထားချက်ဖြစ်ပါကြောင်းနှင့် မိမိတို့ ပြန်လည်စိစစ်၍ ဖြေကြားသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။