နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်တင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ (၂၂-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ အစိုးရမဟုတ်သော ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီအားတွေ့ဆုံ ပြည်သူ့လွှတ်တော် စီမံကိန်းနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဆောင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(င)-စိုင်းဆိုင်နော်(မောက်မယ်မဲဆန္ဒနယ်)-မေးခွန်း

2026-07-22
တတိယအကြိမ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

စိုင်းဆိုင်နော်(မောက်မယ်မဲဆန္ဒနယ်)

မောက်မယ်မြို့နယ် ဟိုနမ့်နှင့် ပန်းတန်ကျေးရွာအုပ်စုတို့တွင်လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးနှင့် မည်သို့ဆက်လက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မောက်မယ်မြို့နှင့် ၁၈ မိုင်ကွာဝေးသောဒေသဖြစ်သည့် ဟိုနမ့်ကျေးရွာအုပ်စုနှင့်ပန်းတန် ကျေးရွာအုပ်စုတို့တွင် ဒေသခံပအိုဝ်းတိုင်းရင်းသားများ စုပေါင်းနေထိုင်သည့် ကျေးရွာအုပ်စု ကြီး ၂ စု ဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်း၊ ၁၆ ခုတင်ဆံ့တိုက်နယ် ဆေးရုံတစ်ရုံတစ်ခု၊  ရဲစခန်းတစ်ခုရှိပြီး ဟိုနမ့်ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း၂၈ ရွာ၊ အိမ်ထောင်စုပေါင်း ၂,၂၇၇ စု၊ ပန်းတန်ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၀ ရွာ အိမ်ထောင်စု ပေါင်း ၁,၂၆၂ စုရှိပြီး စုစုပေါင်းလူဦးရေ ၁၈,၅၃၂ ဦးနေထိုင်လျက်ရှိပါကြောင်း။

          ၃.၆.၂၀၁၉ရက်နေ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်း အဝေး (၁၄) ရက်မြောက်နေ့မှတ်တမ်းအရ ၎င်းလျှပ်စစ်မီးကိစ္စကို အရင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက မေးမြန်းထားသည်ကိုတွေ့ရှိရပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဖြေကြားချက်အရ  ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်တွင် ထည့်သွင်းလျာထားဆောင်ရွက်ရန် စီစဉ်ထားပြီးသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ယခုအချိန်ထိ ဆောင်ရွက်နိုင်ခြင်းမရှိ သေးပါကြောင်း၊ သို့ဖြစ်ပါ၍ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စုနှင့် ပန်းတန်ကျေးရွာအုပ်စု တွင် လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မည်သို့ဆက်လက် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။ 

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော် က

          ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စုနှင့် ပန်းတင်ကျေးရွာအုပ်စု တို့တွင် ကျေးရွာပေါင်း ၃၈ ရွာနှင့် အိမ်ထောင်စု ၃,၅၂၀ စုရှိပြီး ၃၃ ကေဗွီဓာတ်အားခွဲရုံ တည်ရှိသည့် မောက်မယ်မြို့မှ ၂၇ မိုင်ခန့်ကွာဝေးသည့်အတွက်ကြောင့် ၃၃/၁၁ ကေဗွီ မောက်မယ် ဓာတ်အား ခွဲရုံမှ ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် အတွက်ကို မသင့်တော်ဘဲ ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားခွဲရုံအသစ် တည်ဆောက် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာ ၃၈ ရွာ လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် မောက်မယ်- ဟိုနမ့် ၃၃ ကေဗွီ ဓာတ်အားလိုင်း ၂၇.၅ မိုင်နှင့် ဟိုနမ့်ကျေးရွာတွင် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေဓာတ်အားခွဲရုံ ၁ ရုံ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီး ခန့်မှန်းကုန်ကျငွေ ၁၁.၂၃ ဘီလီယံကို ပြည်ထောင်စုရန်ပုံငွေဖြင့် ဦးစွာလျာထားဆောင်ရွက် ၍လည်းကောင်း၊ အဆိုပါ ဟိုနမ့်ဓာတ်အားခွဲရုံမှတစ်ဆင့် ကျေးရွာများသို့ ၁၁ ကေဗွီဓာတ်အား လိုင်း ၈၈ မိုင်၊ ကျေးရွာ များအတွင်းမှာ ၁၁/၀.၄ ကေဗွီ ၁၀၀ ကေဗွီအေထရန်စဖော်မာ ၃၃ လုံး၊ ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီ အေထရန်စဖော်မာ ၁၁ လုံးနဲ့ ၄၀၀ဗို့ဓာတ်အားလိုင်း ၃၈ မိုင် တည်ဆောက်ခြင်း တို့အတွက် စုစုပေါင်းခန့်မှန်းကုန်ကျစရိတ် ငွေကျပ် ၂၇.၉၁၃ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး ပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဆက်လက်လျာထား ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ကျေးရွာမီးလင်း ရေးများ ဆောင်ရွက်လျက်ရှိရာ မြန်မာတစ်နိုင်ငံလုံး ကျေးရွာပေါင်း ၆၃,၂၁၇ ရွာရှိသည့်အနက် ၂၀၂၆ ခုနှစ်၊ မတ်လအထိ ကျေးရွာပေါင်း ၂၇,၇၇၅ ရွာကို နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားပေးနိုင်သေးပြီး ဆက်လက်ဆောင်ရွက်ရန် ကျေးရွာများစွာကျန်ရှိနေပါသေး ကြောင်း၊ ကျန်ရှိနေသည့် ကျေးရွာများအတွက်ကို တချို့ကျေးရွာများမှာလက်ရှိ ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိသည့် ၆၆ ကေဗွီနှင့် ၃၃ ကေဗွီဓာတ်အားခွဲရုံများမှ ၁၁ ကေဗွီ ဓာတ်အား လိုင်းများ တည်ဆောက်ပြီး ဓာတ်အားပေးရန် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကျန်ကျေးရွာအများစုက ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံများအသစ် ထပ်မံတည်ဆောက်ပြီး နောက်မှ ၁၁ ကေဗွီလိုင်းနှင့် ၁၁/၀.၄ ကေဗွီထရန်စဖော်မာများ တည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်များစွာဖြင့် လျာထားဆောင်ရွက်သွားရမည်ဖြစ်သည့် အတွက်ကြောင့် ဘဏ္ဍာငွေ ခွင့်ပြုရရှိမှုအပေါ်မူတည်ပြီး အချိန်ယူလျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ 

            သို့ဖြစ်ပါ၍ မောက်မယ်- ဟိုနမ့် ၃၃ ကေဗွီဓာတ်အားလိုင်း ၂၇.၅ မိုင်နှင့် ဟိုနမ့်ကျေးရွာမှာ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေထရန်စဖော်မာ ဓာတ်အားခွဲရုံ ၁ ရုံ တည်ဆောက်ခြင်းလုပ်ငန်း အတွက် ခန့်မှန်းကုန်ကျငွေကျပ် ၁၁.၂၃ ဘီလီယံကို ၂၀၂၉-၃၀ ဘဏ္ဍာနှစ်မှစတင်ပြီး ပြည်ထောင်စုရန်ပုံငွေတွင်လျာထားပြီး ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျေးရွာများသို့ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၈၈ မိုင်၊ ကျေးရွာ များအတွင်းမှာ ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေထရန်စဖော်မာ ၃၃ လုံး၊ ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွအေထရန်စဖော်မာ ၁၁ လုံးနှင့် ၄၀၀ဗို့ ဓာတ်အားလိုင်း ၃၈ မိုင်တည် ဆောက်ခြင်းလုပ်ငန်းများကို ဟိုနမ့် ၃၃ ကေဗွီဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ တည်ဆောက် ပြီးစီးချိန်နှင့် ဟန်ချက်ညီစွာ ရှမ်းပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်းရန်ပုံငွေတွင်  နှစ်အလိုက် ထည့်သွင်းလျာထား ထည့်ပေးပြီး ဘဏ္ဍာငွေရရှိမှုအရ အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။