နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်တင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ (၂၂-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ အစိုးရမဟုတ်သော ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီအားတွေ့ဆုံ ပြည်သူ့လွှတ်တော် စီမံကိန်းနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဆောင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ဇ)- ဦးတင်မြင့်(ဒလမဲဆန္ဒနယ်)-မေးခွန်း

2026-07-22
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးတင်မြင့်(ဒလမဲဆန္ဒနယ်)

ဒလမြို့နယ် ကျေးရွာအုပ်စု ၂၃ အုပ်စုရှိ ရွာမြေများကို မြေငှားဂရန်ထုတ်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

          ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်မှာ ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာ ၅၄ ရွာ၊ လူဦးရေ ၁၈၀၀၀၀ ကျော်နဲ့ မှီတင်းနေထိုင်လျက်ရှိကာ နိုင်ငံတော် အစိုးရရဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများကြောင့် ယခင်ထက်များစွာ ဖွံ့ဖြိုးတိုးတက်လာကာ မြန်မာ- ကိုရီးယားချစ်ကြည်ရေးတံတားကြီးကို နိုင်ငံတော်သမ္မတကြီးက ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဒလမြို့နယ်အတွင်းရှိတဲ့ ကျေးရွာများသည်လည်း ရပ်ကွက်များနှင့်အတူဖွံ့ဖြိုး တိုးတက်လာ ပြီဖြစ်ပါကြောင်း ၊  မြန်မာ- ကိုရီးယားချစ်ကြည်ရေးတံတားကို နိုင်ငံတော်က ဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်ကာ ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးတိုက်နယ်၊ ဓနုတ်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဓနုတ်စေတီတော်မြတ်ကြီးဟာလည်း အနယ်နယ်အရပ်ရပ်က လာရောက်ပြီး ဖူးမြော်ရတဲ့ ရှေးဟောင်းသမိုင်းဝင်ဘုရားကြီးတစ်ဆူအဖြစ်ရှိခဲ့ပြီး ကျေးရွာများလည်း ဖွံ့ဖြိုး တိုးတက်လာပြီ ဖြစ်ပါကြောင်း ၊ ကျေးရွာသူ ကျေးရွာသားတွေရဲ့ ထည့်ဝင်ငွေများနဲ့ သာသနာ့ ဗိမာန်တော်ကြီး ကိုလည်း တည်ဆောက်နေတဲ့အတွက်ကြောင့် ဘာသာသာသနာ ဆိုတာလည်း ဖွံ့ဖြိုးတိုးတက် လာနေပြီဖြစ်ကြောင်း ။

          ဒလမြို့နယ်မှာ လမ်းအစ မြို့ရွာတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာကာ  ပျော်ဘွယ်ကြီးကျေးရွာ၊ မူလဝိပဿနာ ကမ္မဋ္ဌာန်းတရား ရိပ်သာရှိ လွယ်တော်မူအနာဂါမ်ဆရာသက်ကြီး ကိုလည်း အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမြော်ကြည်ညိုကြကြောင်း၊  ပျော်ဘွယ်ကြီး၊ရခိုင်ညောင် စသည့် ရွာများအားလုံးသည်လည်း မြို့အသွင်သဏ္ဌာန်များ ဖြစ်နေကြပြီး ဒလမြို့နယ် ကျက်သရေဆောင်အဖြစ် နာရီစင်၊ ဆိပ်ကမ်းနဲ့ ဈေးများရှိပါကြောင်း ၊ ရေကန်ရဲ့အနောက် ဘက်ပိုင်းက မြို့ပြင်ဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်က မြေငှားဂရန်များ ရရှိထားပါကြောင်း ရေကန်ရဲ့အရှေ့တောင်ဘက်က အရင်တွံတေးခရိုင်၊ တွံတေး မြို့နယ်မှ လွှဲပြောင်းပေးလိုက်တဲ့ ရွာတွေဖြစ်ကာ မြေငှားဂရန်မရထားပါကြောင်း ၊ ယခုချိန်ထိလည်း မရတဲ့အတွက်ကြောင့် မြေဂရန်များရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးများ ကွာဟမှုများရှိ နေတဲ့အတွက်ကြောင့် ယနေ့ရပ်ကွက်၊ ကျေးရွာမှာလည်း ရပ်ကွက်များနည်းတူ ဂရန်များ‌ပေး နိုင်ရန် တင်ပြခြင်း ဖြစ်ပါကြောင်း ။

          ၆ ရပ်ကွက် အိမ်ခြေ ၈၁၉ အိမ်၊ အံကြီးနောက်ရပ် အိမ်ခြေ ၁,၉၁၂ အိမ်၊ ၁၁၊ ၁၄ ရပ်ကွက် အိမ်ခြေ ၁,၀၃၅ ရှိသော မြို့အနေဖြင့်သာ ရှိနေပြီး မြေငှား ဂရန်များရရှိထားခြင်းမရှိပါကြောင်း၊  မြို့ဖွဲ့စည်းထားပေးမယ့် မြေကအခြားနည်းမရရှိသလိုစည်ပင်သာယာကလည်းမပေး၊ပြည်ထဲရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ဆက်စပ်ပေါင်းစပ်ရန် လိုတဲ့အတွက်ကြောင့် မြေငှားဂရန်များမရရှိသေးခြင်းဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံအတွင်း ကျေးရွာမြေများစနစ်တကျရှိစေရေး မြို့မြေ၊ ရွာမြေ၊ မြစ်ကမ်းသဲသောင်မြေ၊ ရေကန်မြေ၊ သုဿန်မြေ၊ ကျေးရွာပုံမြေ၊ စားကျက်မြေ၊ သာသနာမြေ၊ သိမ်မြေစတာတွေကို ပေးနိုင်တာ ကတော့ ပြည်ထဲရေးဝန်ကြီး ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြစ်ပါကြောင်း ၊ နိုင်ငံသား တစ်ဦးကို မြို့နယ်ကျေးရွာမြေများ လက်ဝယ်ထားပိုင်ခွင့်နှင့်စပ်လျဉ်းပြီး ကော်လတ္တိတော် အရာရှိ(ခရိုင်အုပ်ချုပ်ရေးမှူး)က နှစ်တိုနှစ်ရှည်ဂရန်များချပေးနိုင်ပြီး လိုင်စင်နဲ့ အငှားချရန်၊ လူမှုရေး၊ သာသနာရေး စသဖြင့် အခြေခအနေမျိုးဖြင့် အငှားချထားနိုင်ပါကြောင်း ၊  ဒါကြောင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥပဒေလုပ်ထုံး လုပ်နည်းများ ကျေးရွာမြေငှား ဂရန်များ ခွင့်ပြုဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုမှာ အသေအချာဖြစ်ပါကြောင်း ။ 

            သို့ဖြစ်ပါ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ကျေးရွာမြေငှားဂရန်များ ခွင့်ပြုဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူ များအတွက် ပိုင်ဆိုင်မှုအထောက်အထားများ ခိုင်မာတဲ့ကျေးရွာမြေငှားဂရန်များကို ထုတ်ပေး သွားရန် လိုအပ်ပြီး မြေငှားဂရမ်ထုတ်ပေးသွားရန် အစီအစဉ်ရှိ မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့ ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူက

ကျေးရွာများရှိ နိုင်ငံတော်အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကို မြေငှားချထားခြင်း နှင့်စပ်လျဉ်းပြီး အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများနည်းဥပဒေ ၄၁ မှ ၄၉ (ခ) အထိတွင် လည်းကောင်း၊ အထက်မြန်မာနိုင်ငံမြေနှင့်အခွန်နည်းဥပဒေ ၇၉(က)မှ ၇၉(ဋ) အထိတွင် လည်းကောင်း ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်း ကျေးရွာအုပ်စု၂၃ အုပ်စု၊ ကျေးရွာ ၅၄ ရွာရှိသည့်အနက် ညောင်ငုတ်တိုကျေးရွာအုပ်စု၊ ညောင်ငုတ်တိုကျေးရွာရှိ ၃၁.၉၄ ဧကအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် (မြေငှား စာချုပ်များ) ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း ၊  ကျေးရွာမြေငှားဂရန် (မြေငှား စာချုပ်)ထုတ်ပေးနိုင်ရေးအတွက်နယ်နိမိတ်သတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေး အရာရှိတို့ကို ခန့်အပ်နိုင်ရေးသက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ တင်ပြဆောင်ရွက် သွားရ မှာဖြစ်ပါကြောင်း၊ ခန့်အပ်တာဝန်ပေးအပ်သည့်အမိန့်ရရှိပါက ကျေးရွာနယ်နိမိတ်ဧရိယာ အတွင်း မြေပြင်လက်ရှိအသုံးပြုမှုကို မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးဆောင်ကာ ကွက်စိပ် ကွက်ကြဲ တိုင်းတာပြီး မြေပုံရေးဆွဲခြင်း ဆောင်ရွက်ရမှာဖြစ်ပြီး တိုင်းတာရရှိမှုအပေါ်မှာ ပိုင်ဆိုင်မှုအလိုက် သက်သေခံမြေစာရင်းပုံစံ ၁၀၅၊ ဦးပိုင်တစ်ခု၏ မြေရာဇဝင်ပုံစံ(၁၀၆)တို့ကို ရေးဆွဲရယူပြီး မြေငှားဂရန်လျှောက်ထားခြင်း၊ စိစစ်ခြင်း၊ မြေငှားဂရန် ထုတ်ပေးခြင်း တို့ကို ဆက်လက် ဆောင်ရွက်ရတာဖြစ်ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင် ၅ ခရိုင်၊ မြို့နယ် ၁၂ မြို့နယ်မှတစ်ရွာစီ ရွေးချယ်ထားသော ကျေးရွာ ၁၂ ရွာအား ကျေးရွာမြေငှားဂရန်ထုတ်ပေးရန် စီမံထားရှိပါသဖြင့် ၎င်းကျေးရွာ ၁၂ ရွာအတွင်း ပါဝင်သည့် ဒလမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်း ကျေးရွာ၊ ရွာမြေ ၃၈ ဧကတွင် အိမ်ထောင်စု ၁၃၀၇ စု၊ လူဦးရေ ၄၉၉၀ ဦးဟာ ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်များဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊သပြေကုန်းကျေးရွာအုပ်စု၊သပြေကုန်း ကျေးရွာအား ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် နယ်နိမိတ်သတ်မှတ်ရေးအရာရှိ နှင့်နယ်နိမိတ်ကြပ်မတ်ရေးအရာရှိများကို အတည်ပြုခန့်ထားနိုင်ရေး ရန်ကုန်တိုင်း ဒေသကြီး  အစိုးရအဖွဲ့ကနေပြီး  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကို ၄-၅-၂၀၂၆ ရက် မှာ တင်ပြထားရှိပြီးဖြစ်ပါကြောင်း ၊ ဒလမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု လုပ်ငန်းအဖွဲ့များရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ကျင်းပဆောင်ရွက်ခြင်း၊ တွံတေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ကျေးရွာအုပ်စုအလိုက်လုပ်ငန်းအဖွဲ့များမှ သပြေကုန်း ကျေးရွာအတွင်း ကွင်းဆင်းပြီး ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံပြီး ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီးရှင်းလင်းဆွေးနွေးခြင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့တို့မှ အကြမ်းဖျဉ်း မြေတိုင်းတာခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း။ 

တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းမှာ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာ ၅၄ ရွာရှိတဲ့အနက် ညောင်ငုတ်တိုကျေးရွာအုပ်စု၊ ညောင်ငုတ်တိုကျေးရွာကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ဆောင်ရွက်ပေးခဲ့နိုင်ပြီး၊ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာအား ကျေးရွာမြေငှား ဂရန်ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊   ကျေးရွာ အုပ်စု ၂၃ အုပ်စုရှိ ရွာမြေများနှင့် ပြည်သူများအတွက် ကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်းများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ မရှိနှင့်စပ်လျဉ်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနရဲ့ နယ်နိမိတ်သတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိများ ခန့်ထား ဆောင်ရွက် နိုင်ရန် ခွင့်ပြုမိန့်များ တင်ပြထားမှုမရှိခြင်း၊ မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ဘဏ္ဍာငွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခုဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေလျာ ထားနိုင်မှုမရှိ ခြင်းတို့ကြောင့် ဆက်လက်ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါ သည်။

မေးခွန်း
မေးခွန်း

ဦးတင်မြင့်(ဒလမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

           ဖွံ့ဖြိုးတိုးတက်လာတဲ့ ဒလမြို့နယ်အတွင်းရွာများဟာ မြေငှားဂရန်မရတဲ့အတွက်ကြောင့် ရွာနဲ့မြို့ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ တော်တော်ကွာဟလာပါကြောင်း၊ ရေကန်လေးခြားနေပေမယ့် ဒီဘက်ကမြေငှားဂရန်ရတဲ့အတွက်ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေပြီး လမ်း၊ မီတာ၊ လျှပ်စစ်၊ ရေ၊ သောက်သုံးရေကအစ ပေးနိုင်ပြီး ရေကန်ဟိုဘက်ခြားနေတဲ့ တွံ့တေးမြို့နယ်ကနေပြီး ပူးပေါင်းပါဝင်လာတဲ့ရွာလေး တွေဟာ လယ်ယာမြေအမျိုးအစားပဲဖြစ်နေပါကြောင်း ၊ ဒလမြို့နယ်အတွင်းရှိရွာ၊ ၆ ရပ်ကွက် ၁၁ ၊ ၁၄ ရပ်ကွက်၊ အံ့ကြီးရပ်ကွက်တွေကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန အိုးအိမ်ဦးစီးဌာနတွေရဲ့ ၁၉၈၉-၁၉၉၀ ခုနှစ်မှာ နေရာတွေ ချထားပေးတာဖြစ်ပြီး အခြားနည်းရရှိရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက ပယ်ဖျက်ပေးရန်လိုပါကြောင်း။ 

              လယ်ယာမြေအမျိုးအစားပေါက်နေတဲ့ ဒလမြို့နယ်အတွင်းရှိနေပြီး ဒလမြို့နယ်နဲ့ ကပ်နေတဲ့ ရွာတွေရော၊ ဒလမြို့နယ်အတွင်းမှာရှိပင်ရှိပြီး ၆ ရပ်ကွက် ၁၁၊ ၁၄ ရပ်ကွက်၊ အံ့ကြီးအနောက်ရပ်ကွက်များမှာ တချို့အပိုင်းများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရဲ့အခြားနည်းလယ်ယာမြေပယ်ဖျက်ပေးခြင်း လုပ်ပေးရန်လိုပါကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးပါရန်နဲ့ ပူးပေါင်းဆောင်ရွက်ပေးရန် အတွက် အစီအစဉ်ရှိ မရှိကိုလည်း ဆက်စပ်မေးခွန်းအဖြစ် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူက

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ပေါင်းစပ်ပြီး ဆက်လက် ဆောင်ရွက် နိုင်ခြင်း ရှိ မရှိ ဆိုတဲ့အပေါ်မှာမူတည်ပြီး လက်ရှိမှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အဓိကဦးစားပေးရွေးချယ်ပြီး ခရိုင် ၅ ခရိုင်၊ မြို့နယ် ၁၂ မြို့နယ် မှာရှိတဲ့ တစ်ရွာစီကိုရွေးရပြီး ကျေးရွာ ၁၂ ရွာကို ကျေးရွာမြေငှားဂရန်ချထား ပေးနိုင်ရေး အတွက်ကို ဦးစားပေးဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ၊ လက်ရှိကျေးရွာ ၅၂ ရွာနဲ့စပ်လျဉ်းပြီးမြေငှားဂရန်၊ မြေငှားစာချုပ်ချုပ်ပေးနိုင်ရေးအတွက်ကို သက်ဆိုင်ရာဝန်ကြီးဌာန တွေနဲ့ ပေါင်းစပ်ပြီး မူဝါဒလမ်းညွှန်ချက်များနှင့်အညီအကောင်အထည်ဖော်ဆောင်ရွက် သွားရမှာဖြစ်ပါကြောင်း ပြန်လည်‌ဖြေကြားခဲ့ပါသည်။