ဦးဂုဏ်ဝမ်း(ခန္တီးမဲဆန္ဒနယ်)
ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေကိုကျော်လွန်ပြီး ဆောင်ရွက်နေမှုများကို မည်ကဲသို့ ထိန်းညှိဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ခန္တီးမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးတွင်တည်ရှိပြီး ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာပေါင်း ၈၁ ရွာ၊ လူဦးရေ ၄၃,၀၅၃ ဦးခန့်ရှိပါကြောင်း၊ ခန္တီးမြို့နယ်သည် ယနေ့အထိ နိုင်ငံရေးအခြေအနေတည်ငြိမ်အေးချမ်းသည့် မြို့နယ်ဖြစ်ပါကြောင်း၊ ခန္တီးမြို့နယ်အတွက် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လူဦးရေ ခွဲတမ်းအရ အပတ်စဉ်တစ်ခုတွင် ၆ ဦးနှုန်းသတ်မှတ်ပေးထားကြောင်း၊ ပြည်သူ့စစ်မှုထမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ကျေးရွာများသို့ ကွင်းဆင်းရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို ပြည်သူများသိရှိနိုင်ရန် ရှင်းလင်းလျက်ရှိပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို အများပြည်သူသိရှိနားလည်အောင် ရှင်းလင်းချပြသော်လည်း အုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများသိရှိအောင် ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်းချပြမှုအားနည်းနေသည်ကို လေ့လာသိရှိရပါကြောင်း၊ မိမိတို့ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီလုပ်ဆောင်ရန် အုပ်ချုပ် ရေးအဖွဲ့များနှင့် အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ခန္တီးမြို့နယ်တွင် အုပ်ချုပ်ရေးအဖွဲ့များမှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်မညီဘဲ အတင်းအဓမ္မဖမ်းဆီးမှုများ လုပ်ဆောင်နေသည် ကို တွေ့ရှိရပါကြောင်း။
ယခုအခါ ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ရွေးကောက်ခံပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များနှင့်အတူ လွှတ်တော်နှင့် ပြည်သူ့အစိုးရလည်း ပေါ်ပေါက်လာပြီဖြစ်ပါ ကြောင်း၊ ပြည်သူ့အစိုးရပေါ်ပေါက်လာပြီဖြစ်သော်လည်း မိမိတို့ခန္တီးမြို့နယ်သည် ပြည်သူ့စစ်မှုထမ်း အတွက် အတင်းအဓမ္မဖမ်းဆီးနေမှုများကြောင့် ပြည်သူများ ကြောက်လန့်စွာ နေထိုင်သွားလာနေရ သည်ကို စိတ်မသက်သာဖွယ်ရာ မြင်တွေ့နေရပါကြောင်း၊ ဥပဒေနှင့်မညီဘဲ လမ်းမပေါ်၊ မြို့ဝင်ဂိတ်နှင့် လူနေအိမ်အထဲထိ ဝင်ရောက်ပြီး ဖမ်းဆီးနေခြင်းသည် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ ဖမ်းဆီးခံရသူတချို့သည် ကျောင်းသားများလည်း ပါဝင်နေကြောင်း၊ ယခုလို အတင်းအဓမ္မ ဖမ်းဆီးမှုကြောင့် ယခုအခါ ခန္တီးမြို့ပေါ်တွင် အမျိုးသား လူငယ်များ မနေထိုင်ရဲကြတော့ပါကြောင်း၊ ရပ်ကွက်အတွင်း သာရေး၊ နာရေးကိစ္စများဆောင်ရွက် ရာတွင်လည်း သက်ကြီးအမျိုးသားများနှင့် အမျိုးသမီးများမှသာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့ပေါ်နေမိဘပြည်သူများသည် နေ့စဉ်နှင့်အမျှ ကျီးလန့်စာစား နေထိုင်ကြရသည်မှာ အမှန်ဖြစ်ပါ ကြောင်း၊ ယင်းကျေးရွာများမှ မွေးလူနာများ၊ အရေးပေါ်လူနာများ၊ ခန္တီးမြို့ရှိ ဆေးရုံ၊ ဆေးခန်းများသို့ လာရောက်ရာတွင် လူနာစောင့်အကူများပါ ဖမ်းဆီးနေမှုများကြောင့် လူနာများ များစွာဒုက္ခရောက် နေကြရပါကြောင်း၊ ထို့အတူ တခြားနယ်မှ အရေးပေါ်ခရီးသွားပြည်သူ အမျိုးသားများသည်လည်း ခန္တီးမြို့သို့လာရောက်ရန် စိုးရိမ်ကြောက်လန့်နေရပြီး အများပြည်သူအတွက် အဟန့်အတားကြီးသဖွယ် ဖြစ်နေသည်ကို စိတ်မကောင်းစွာ လေ့လာသိရှိရပါကြောင်း၊ အပတ်စဉ် ၆ ယောက်နှုန်းဆိုသော် ငြားလည်း ဆက်တိုက်ဖမ်းဆီးနေမှုအရ ၆ ယောက်နှုန်းကျော်လွန်နေပြီး မသမာမှုများရှိနေသယောင် မြင်တွေ့နေရပါကြောင်း။
ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းကိစ္စလုပ်ဆောင်ချက်များ ဥပဒေ၊ နည်းဥပဒေနှင့်မညီညွတ် ဘဲ ဖမ်းဆီးနေခြင်းသည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ဂ)၊ အခန်း(၈)၊ ပုဒ်မ ၃၄၇ တွင် အခွင့်အရေးများကို ထိခိုက်ဆုံးရှုံးသကဲ့သို့ အစိုးရအပေါ် ပြည်သူများ၏ အယုံအကြည် လျော့နည်းပျက်ပြားစေမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံ၏ပြည်သူ့စစ်မှု ထမ်းဥပဒေကို လိုက်နာထမ်းဆောင်ရမည်ဖြစ်သော်လည်း ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအတိုင်းသာ လုပ်ဆောင်ရန်ဖြစ်ပါကြောင်း၊ သို့မှသာ နယ်မြေအတွင်း မလိုလားအပ် သည့်ပြဿနာများ မပေါ်ပေါက်မည်ဖြစ်ပါကြောင်း။
ယခုအခါ ပြည်သူ့အစိုးရပေါ်ပေါက်လာပြီဖြစ်သကဲ့သို့ ပြည်သူများစိုးရိမ်ကြောက်လန့်မှုမှ ကင်းဝေးစွာ နေထိုင်ကြနိုင်ရေးအတွက် ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာ၌ ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအတိုင်းသာ ဆောင်ရွက်ပြီး ကျော်လွန်ဆောင်ရွက်မှုများကို မည်ကဲသို့ ထိန်းညှိဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၄-၁၁-၂၀၁၀ ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့်ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့် ကြော်ငြာစာအမှတ်၊ ၂၇/၂ဝ၂၄ အရ ၁ဝ-၂-၂ဝ၂၄ ရက်တွင် စတင်အာဏာတည်ခဲ့ပါကြောင်း၊ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေး လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများအား ၂၃-၁-၂၀၂၅ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ၊ ခရိုင်၊ မြို့နယ်အဖွဲ့များအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ခန္တီးခရိုင်၊ ခန္တီးမြို့နယ်သည် ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာပေါင်း ၈၁ ရွာဖြင့် ဖွဲ့စည်းထားရှိပြီး မြို့နယ်၏လူဦးရေ ၄၃,ဝ၇၁ ဦးအနက် ပြည်သူ့စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသား ၄,၉၆၈ ဦးရှိပါကြောင်း၊ ပြည်သူ့စစ်မှု ထမ်း ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် ၂ မှ ၆ ထိပါ ယာယီရွှေ့ဆိုင်းလျှောက်ထားနိုင်သည့် နိုင်ငံဝန်ထမ်း ၁,၅၉၇ ဦး၊ အခြားပြုစုစောင့်ရှောက်သူမရှိသော မိအိုဖအိုများကို လုပ်ကျွေးနေရသူ ၆၂၀ ဦးနှင့် ပညာသင်ကြားနေသော တက္ကသိုလ်/ကောလိပ်ကျောင်းသား ၁၃၇ ဦး၊ ကိုယ်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူ ၄၁၆ ဦး၊ ကျန်းမာရေးဦးစီးဌာန၏မှတ်တမ်းအရ မူးယစ်ဆေးစွဲနေ၍ ဆေးဖြတ်ရန် မက်သဒုန်းဆေးသောက်သုံးနေသူ အမျိုးသား ၂၀၈ ဦးဖြစ်သည့်အတွက် စုစုပေါင်း ၂,၉၇၈ ဦးတွင် လတ်တလော ဆင့်ခေါ်နိုင်ခြင်းမရှိသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ယနေ့ အထိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်နိုင်သူဦးရေမှာ ၁,၉၉၀ ဦးသာရှိပြီး ယနေ့အထိ ပြည်သူ့စစ်မှု ထမ်းဆောင်နိုင်ရန် ၃၂၀ ဦးအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်မှုထမ်းဆောင်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ စစ်မှုထမ်းရန် အကျုံးဝင်သူများအား နည်းလမ်းတကျ စစ်မှုထမ်းဆောင်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြည်သူများ သိရှိနားလည်နိုင်စေရေးအတွက် ရပ်ကွက်၊ ကျေးရွာအတွင်းသို့ ကွင်းဆင်း၍ အသိပညာပေး ဟော ပြောခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လစဉ်ပုံမှန်ပြုလုပ်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများတွင်လည်းကောင်း၊ ခရိုင်၊ မြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ မှ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင် ရေးအတွက် အသိပညာပေး ချပြရှင်းလင်းခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ခန္တီးမြို့ နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သည် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများအရ ပုံစံ(၁)ဖြင့် ပေးပို့လာသော ပြည်သူ့စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူများ၏ စာရင်း အပေါ် အခြေခံပြီး စစ်မှုထမ်းရန် အရွယ်ရောက်သူများအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ် စာပုံစံ(၂)များအား ဖြန့်ဝေခြင်း၊ စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းသူကို ထုတ်ပေးရန် မှတ်ပုံတင်လက်မှတ်ပုံစံ(၅)အား ဖြန့်ဝေခြင်း၊ မှတ်ပုံတင်လက်မှတ် ထုတ်ပေးထား သူများအနက်မှ စစ်မှုထမ်းဆောင်ရန် အလှည့်ကျသူများအား ဆေးစစ်ရန် ဆင့်ခေါ်စာ ပုံစံ(၆)ဖြင့် ဆင့်ခေါ်ခြင်းများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက် လျက်ရှိပါတယ်။
စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွှဲလိုသူမျာသည် အခြားဒေသသို့ တိမ်းရှောင်နေထိုင်ခြင်း များအား နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီဆင့်ခေါ်သည့်အခါ တာဝန် ရှိသူများအနေဖြင့် မြေပြင်တွင် အခက်အခဲများစွာ ကြုံတွေ့ရကြောင်းလည်း တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ တိမ်းရှောင်သူများကိုသွားရောက်ရာ လမ်းခရီးများတွင် စောင့်ကြည့်ဆင့်ခေါ်ခြင်း၊ နေအိမ် များတွင် ဝင်ရောက်ဆင့်ခေါ်ခြင်းများအား တာဝန်ရှိသူများမှ ဆောင်ရွက်သည့်အခါတွင်လည်း အများ ပြည်သူများအမြင်တွင် အဓမ္မဖမ်းဆီးခြင်းသဘောမျိုးဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ ခန္တီးမြို့နယ် အတွင်း ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် ဥပဒေနှင့်အညီ စစ်မှုထမ်းဆောင်ရန် အလှည့်ကျသူများ အား ဆေးစစ်ရန် ဆင့်ခေါ်ချိန်တွင် သတင်းပို့ပျက်ကွက်သူများ၏ အမည်စာရင်းကို မြို့ဝင်/မြို့ထွက် လုံခြုံရေးဂိတ်များတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးရုံးများသို့ ဖြန့်ဝေထားပါကြောင်း၊ ၎င်းအမည်စာရင်းပါ ပြည်သူ့စစ်မှုထမ်းရန် တိမ်းရှောင်သူများကို မြို့ဝင်/မြို့ထွက် စစ်ဆေးရေး ဂိတ်များတွင် စစ်ဆေးတွေ့ရှိလျှင်လည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် နယ်မြေလုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဧည့်စာရင်းစစ်ဆေးချိန်များ၌ စစ်ဆေးတွေ့ရှိလျှင်သော် လည်းကောင်း စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်သူ့စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ် လျက်ရှိပြီး ဆင့်ခေါ်ချိန်တွင် လာရောက်သတင်းပို့ရန် ပျက်ကွက်သူ ၁၆ ဦးရှိသည့်အတွက်ကိုလည်း ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးကိုလည်း ဆောင်ရွက်ထားရှိပါကြောင်း။
မေးမြန်းချက်တွင်ပါသ်ည့ ခန္တီးမြို့နယ်အတွင်း ၉-၅-၂၀၂၆ ရက်မှ ၁၃-၅-၂၀၂၆ ရက်အထိ ပြည်သူ့စစ်မှုထမ်းရန်အတွက် အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများနှင့် စပ်လျဉ်း၍ စိစစ်သည့်အခါ ဦးဆားပါအပါ ၉ ဦးနှင့်စပ်လျဉ်း၍ စိစစ်ခဲ့သည့်အခါ ဦးဆားပါ၊ ဦးဖိုးချစ်လုံး၊ ဦးနောင်မိုင်၊ ဦးဇော်ဝင်းတို့ ၄ ဦးသည် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြည်သူ့စစ်မှုထမ်းရမည့်သူ များဖြစ်သောကြောင့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅)တွင် သင်တန်းတက်ရောက် လျက်ရှိပါကြောင်း၊ ဦးသီဟစိုးသည် သတ်မှတ်အသက်ကျော်လွန်နေခြင်း၊ ဦးသန်းထွန်းအောင်၊ ဦးရှိန်မင်းအောင်နှင့် ဦးမင်းသန့်တို့သည် လက်ရှိပညာသင်ကြားနေသည့် ကျောင်းသားများဖြစ်ခြင်း၊ ဦးဉာဏ်မြင့်လှိုင်သည် မိအိုဖအိုတို့ကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ခြင်းကြောင့် အဆိုပါ ၅ ဦးကို သတ်မှတ်စုရပ်သို့ မပို့ဆောင်မီ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ မိဘအုပ်ထိန်းသူများထံ စနစ် တကျပြန်လည်အပ်နှံဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူ ၉ ဦးသည် ပုံစံ(၁)ပါအမည်စာရင်း ရေးသွင်းထားရှိသူများဖြစ်၍ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့မှ ပုံစံ(၂)ဖြင့်ဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းရန် အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်း မဟုတ်ပါ ကြောင်း စိစစ်ပြန်ကြားအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် အနေဖြင့် ဥပဒေနှင့်မညီသော ဆင့်ခေါ်မှုများ မဖြစ်ပေါ်စေရေးအတွက် အဆင့်ဆင့် ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ပြီး လုပ်ကိုင်ဆောင်ရွက် ပါကလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ပြန်လည်ဖြေကြားခဲ့ ပါသည်။