နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စီမံကိန်းနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဆောင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ တို့အား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ (၂၀-၇-၂၀၂၆) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ
MY EN

(ခ)- ဦးဝင်းဆွေ(ခ) ဦးဝင်းရွှေ(လပွတ္တာမဲဆန္ဒနယ်)-မေးခွန်း

2026-07-20
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးဝင်းဆွေ() ဦးဝင်းရွှေ(လပွတ္တာမဲဆန္ဒနယ်)

လပွတ္တာမြို့နယ်အတွင်းရှိ ဆားကျင်းချောင်း တိမ်ကောမှုအား တူးဖော်ပေးရန်  အစီအစဉ်ရှိမရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဆားကျင်းချောင်းသည် အလျား ၈ မိုင်ခန့်ရှည်လျားပြီး ရွေးမြစ်နှင့် သက္ကယ်သောင်မြစ်ကို ဆက်သွယ်ထားသည့် ချောင်းတစ်ခုဖြစ်ပါကြောင်း၊ သက္ကယ်သောင်မြစ်၏ တစ်ဖက်တစ်ချက်ရှိ ဆားကျင်း၊ ဂန့်အိတ်၊ ကန့်ဘလာ၊ ဆင်ခြေရာ၊အထက်ပျော်၊ ကိုးထောင်၊ ဇီးဖြူဆိပ်၊ မန်ကျည်းပင်၊ ကြာခံ၊ သမန်းကုန်း၊ သက္ကယ်သောင် စသည့် ကျေးရွာအုပ်စုများနှင့် ကျေးရွာ အုပ်စု အတွင်းရှိ ရွာခွဲများရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ နေလှန်း ဆား ထုတ်လုပ်သည့်လုပ်ငန်း၊ ရေ လုပ်ငန်းနှင့် သဘာဝပုစွန်၊ ကဏန်းများမွေးမြူသည့် လုပ်ငန်းများကို လုပ်ကိုင်ကြပါကြောင်း၊ လယ်ယာလုပ်ငန်းခွင်မှ ထွက်ရှိသည့် စပါးများကို စက်လှေကြီး ငယ်များ နှင့် သယ်ယူပြီး ဆားကျင်း ချောင်းကိုဖြတ်ပြီး လပွတ္တာမြို့ရှိ ဆန်စက်များကို သယ်ယူကြ ပါကြောင်း၊ နေလှန်းဆားမှ ထွက်ရှိသည့် ဆားများကိုလည်း ကုန်တန်ချိန် ၄၀၀၊ ၅၀၀ ပါသော သင်္ဘောကြီးများဖြင့် သယ်ယူပြီး ဆားကျင်းချောင်း ကို ဖြတ်ပြီး ရန်ကုန်မြို့ကို တိုက်ရိုက် သယ်ဆောင်ကြပါကြောင်း၊ ရေလုပ်ငန်းမှ ရရှိသည့် သား၊ ငါး၊ ပုစွန်၊ ကဏန်းများကိုလည်း ဆားကျင်း ချောင်းကိုပဲဖြတ်ပြီး လပွတ္တာမြို့ရှိ ဒိုင်များမှတစ်ဆင့် တချို့ကို သုံးမိုင်မြို့ရှိ ကဏန်း ရေပျော့ကန်နှင့် အအေးခန်းစက်ရုံများ တချို့ကို ရန်ကုန်မြို့ကိုသယ်ပို့ကြပါ ကြောင်း၊ ထို့အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများအတွက် ခရီးသွား ပြည်သူများနှင့် ကုန်စည်များကို သယ်ယူပို့ဆောင်ပေးနေသော လိုင်းသင်္ဘောများသည် အထက်ဖော်ပြပါ ကျေးရွာ များမှ လပွတ္တာမြို့သို့ ဆားကျင်းချောင်းကိုပဲဖြတ်ပြီး နေ့ချင်းပြန် ပြေးဆွဲခုတ်မောင်း လျက်ရှိ ပါ ကြောင်း။

ဆားကျင်းချောင်းသည် တဖြည်းဖြည်းတိမ်ကောလာရာ လပွတ္တာမြို့ဘက်အပိုင်း ၄ မိုင်ခန့် တွင် ရေစစ်ချိန်၌ လမ်းလျှောက်ဖြတ်ကူး၍ ရသည့်အခြေအနေဖြစ်နေပြီဖြစ်ပါကြောင်း၊ လပွတ္တာ မြို့သည် ကပ္ပလီပင်လယ်နှင့် ၁၈ မိုင်ခန့်သာဝေးပြီး ပင်လယ်ဒီရေအတက်အကျရှိသည့် နေရာ လည်း ဖြစ်ပါ ကြောင်း၊ ဒီရေအတက်အကျကြောင့် ရေစစ်ချိန်၊ ရေပြည့်ချိန်နှင့် ရေသေရက်၊ ရေထရက်ဆိုတာ ရှိပါကြောင်း၊ အထက်ဖော်ပြပါ ကုန်တင်သင်္ဘောကြီးငယ်များ လိုင်းသင်္ဘော ကြီးငယ်များနှင့် တခြားခရီးသွားစက်လှေများသည် ရေကျချိန်၊ ရေစစ်ချိန်များတွင် အဆိုပါ ဆားကျင်းချောင်းသည် ဖြတ်သန်း သွားလာ၍မရဘဲ စောင့်ဆိုင်းရပါကြောင်း၊ ရေဝပ်တာကျော်ပြီး ရေပြည့်မှ ဖြတ်သန်းမောင်းနှင်၍ ရပါကြောင်း၊  ကုန်နှင့်ခရီးသည်တင်လိုင်းသင်္ဘောများသည် အချိန်မှန် ဝင်ချိန်၊ ထွက်ချိန် သတ်မှတ် သွား၍မရသည့်အတွက် ခရီးသည်များ နေ့ချင်းပြန်သွား၍ မရခြင်းရှိပါကြောင်း၊ တင်ပို့လိုက်သည့် ကုန်ပစ္စည်းများသည် ဈေးကွက်သို့ အချိန်မီ မရောက်ခြင်း၊ သား၊ ငါး စသည့် ပုပ်သိုးလွယ်သော ကုန်စည်များ အရည်အသွေးကျဆင်းခြင်း စသည့် ပြဿနာ များနှင့်လည်း ကြုံတွေ့လျက်ရှိပါကြောင်း။ 

ငပုတောမြို့နယ်၊ အလယ်ကျွန်းဒေသနှင့် လပွတ္တာမြို့နယ် သင်္ကန်းကြီး ကျွန်းဆွယ် တို့သည် မြန်မာနိုင်ငံတွင် နေလှန်းဆားထုတ်လုပ်မှု အများဆုံးနေရာများဖြစ်ပါကြောင်း၊ အဆိုပါ ဒေသတွင် ထွက်ရှိသည့် ဆားများကို ရန်ကုန်မြို့သို့ ပို့ဆောင်ရာတွင် ဆားကျင်းချောင်းသည် အနီးဆုံးနှင့် အတိုဆုံးဖြတ်လမ်းလည်းဖြစ်ပါကြောင်း၊ အဆိုပါချောင်းသည် တဖြည်းဖြည်း တိမ်ကောလာသည့် အတွက် ရေရှည်တွင် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်ရေးနှင့် လမ်းပန်း ဆက်သွယ်မှု လုံခြုံ ချောမွေ့စေရေးအတွက် အဟန့်အတားဖြစ်နိုင်သည့်အပြင် အချိန်မီ တူးဖော် ခြင်းမပြုပါက ကုန်စည် စီးဆင်းမှု လုံးဝရပ်ဆိုင်းသွားနိုင်ပါကြောင်း။ 

သက္ကယ်သောင်မြစ်နှင့် ရွေးမြစ်ကို ဆက်သွယ်ထားသည့် ဆားကျင်းချောင်းဖြစ်ပါကြောင်း၊ ဆားကျင်းချောင်းကို နှစ်စဉ်ဖြတ်သန်း သွားလာနေသည့် သက္ကယ်သောင်မြစ်၏ ဘယ်ညာအခြမ်း တွင် ကျေးရွာအုပ်စုများဖြစ်ပါကြောင်း၊ ဆားကျင်းချောင်းတစ်ဖက်တစ်ချက်ရှိ မြို့အနီးနားတွင် ဆန် စက်များ၊ ဆားစက်များနှင့် ဒေါက်ရေများရှိပါကြောင်း၊ ဆားကျင်းချောင်း ရေစစ်ချိန်တွင် တိမ်ကောလာ ပါကြောင်း၊ ချောင်းကို ဖြတ်သန်းသွားလာရန်အတွက် ကုန်တင် သင်္ဘောကြီးများ ရေဆိုင်းစောင့်ဆိုင်း ရပါကြောင်း၊ ကမ်းဘေးတစ်ဖက်တစ်ချက်စီတွင် သောင်တင်ခံပြီးမှ သင်္ဘော များကိုဆိုက်ကပ် ထားသည့် အနေအထားဖြစ်ပါကြောင်း။ 

ထို့ကြောင့် လပွတ္တာမြို့နယ် ရွေးမြစ်နှင့် သက္ကယ်သောင်မြစ်တို့အား ဆက်သွယ်ထားသည့် ဆားကျင်းချောင်းတိမ်ကောမှုအား ပြန်လည်တူးဖော်ပေးပါရန် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

 ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က

          ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ဆားကျင်းချောင်းသည် ရွေးမြစ်နှင့် သက္ကယ်သောင်မြစ်များကို ဆက်သွယ်ထားသည့် ချောင်းဖြစ်ပြီး ရွေးမြစ်အား လပွတ္တာ မြို့ အနီး အနောက်ဘက်မှလည်းကောင်း၊ သက္ကယ်သောင်မြစ်အား ဆားကျင်း ကျေးရွာ အနီး အရှေ့ဘက်မှ လည်းကောင်း ဝင်ရောက်ဆက်သွယ်ထားသော ချောင်းတစ်ခုဖြစ်ပါကြောင်း၊ လပွတ္တာမြို့အနီး ဆားကျင်းချောင်းအဝ လပွတ္တာ-သင်္ကန်းကြီး ကားလမ်းပေါ်တွင် ဆားကျင်း ချောင်းအား ဖြတ်၍ တည်ဆောက်ထားသော ဆားကျင်းချောင်းတံတားလည်း တည်ရှိပါကြောင်း၊ ဆားကျင်းချောင်း၏ မြစ်ကမ်းဘေးတွင် ဆန်စက်များနှင့် စိုက်ပျိုးမြေများရှိပါကြောင်း၊ တံတား ရှိရာ ရွေးမြစ်ဘက် ချောင်းအဝတွင် ရေစစ်ချိန် ပျှမ်းမျှအနက် ၁.၂ မီတာခန့်၊ ရွေးမြစ်ဘက် ချောင်းဝမှ ၁.၅ မိုင်အတွင်း ရေစစ်ချိန် ပျှမ်းမျှအနက် ၀.၉ မီတာခန့်၊ ရွေးမြစ်ဘက်ချောင်းအဝမှ ၁.၅ မိုင်မှ ၂.၅ မိုင်အတွင်း ရေစစ်ချိန် အနက် ၀.၅ မီတာမှ ၁ မီတာအတွင်း၊ ရွေးမြစ်ဘက်ချောင်းဝ ၂.၅ မိုင်မှ ၅.၅ မိုင်အတွင်း ရေစစ်ချိန် အနက် ၁ မီတာမှ ၂ မီတာအတွင်း၊ ၎င်းနေရာမှ သက္ကယ် သောင်မြစ်ဝအထိ ၂ မီတာမှ ၃.၄ မီတာ အတွင်း အသီးသီးရှိကြောင်း။

          အဆိုပါချောင်းသည် ဒီရေအတက်အကျရှိသော ချောင်းဖြစ်ပြီး ချောင်းအတွင်း ရေပါး သောင်များကြောင့် စက်လှေ၊ သင်္ဘောများသည် ရေနည်းချိန်တွင် သွားလာနိုင်ခြင်း မရှိသော် လည်း ရေများချိန်တွင် တန် ၁၆၀ အထိ တင်ဆောင်သည့် သင်္ဘောများ ဝင်ထွက်သွားလာနိုင် ကြောင်း၊ သင်္ဘောများ အချိန်မရွေး ဝင်ထွက်သွားလာနိုင်ရန် ချောင်းအတွင်း ရေစူးအနက်ပိုမိုရရှိ ရန် ရေပါးသောင်များ တူးဖော်ပေးရန် လိုအပ်ပါကြောင်း၊ သို့သော် ဒီရေအတက်အကျရှိ သော ချောင်း ဖြစ်သည့်အတွက် ၃ နှစ်ခန့်အကြာတွင် နုန်းများ ပြန်လည်ပို့ချနိုင် သည့်အတွက် နုန်းတား သည့် အစီအမံများနှင့်လည်း ပူးတွဲဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ချောင်းကို အသေးစိတ်တိုင်းတာမှုများ ပြုလုပ်၍   သင်္ဘောများ သွားလာနိုင်ရေးကို တိုင်းဒေသကြီးအစိုးရမှ စိစစ်ဆောင်ရွက်ပြီး ဆောင်ရွက်သင့်သည့် အစီအမံများကိုလည်းရေးဆွဲသွားရမည်ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ရေကြောင်းသွားလာမှုရှိသော မြစ်ကြီးများတွင်သာ ရေလမ်း ကြောင်း ဖွံ့ဖြိုးရေး၊ ကမ်းပြိုကာကွယ်ရေး၊ ရေကြီး ရေလျှံမှုလျော့နည်းစေရေးတို့အတွက် ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆားကျင်းချောင်းအား ပြန်လည် တူးဖော်မည်ဆိုပါက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ချောင်းများ၏ရေလမ်းထိန်းသိမ်း ပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေ ချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေး တို့အတွက် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆားကျင်းချောင်းတွင် သင်္ဘောများအချိန်မရွေး ဝင်ထွက်သွား လာနိုင်ရေး ချောင်းအတွင်း ရေစူးအနက်ပိုမိုရရှိရန်အတွက် ရေပါးသောင်များကို တူးဖော်ပေးရန် လိုအပ်ပါ ကြောင်း၊ ချောင်းအား အသေးစိတ်တိုင်းတာမှုများ ဆောင်ရွက်ပြီး ဆောင်ရွက်သင့်သည့် အစီအမံများကို ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ ဆားကျင်းချောင်းအား ပြန်လည်တူးဖော်မည်ဆိုပါက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ချောင်းများ၏ ရေလမ်းထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေပါးသောင်များ တူးဖော်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါသဖြင့် လတ်တ လော ၌ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း။ 

          သို့ဖြစ်ပါ၍ ဆားကျင်းချောင်းရေပါးသောင်များအား တူးဖော်ရန်အတွက် ကုန်ကျစရိတ်နှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို နှိုင်းယှဉ်သုံးသပ်၍ ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် လတ်တ လော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသော်လည်း ဖြစ်နိုင်ခြေဆန်းစစ်ခြင်းနှင့် လုပ်ငန်း အစီအမံ ရေးဆွဲ ခြင်းတို့ကို ဦးစွာဆောင်ရွက်သင့်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးဝင်းဆွေ() ဦးဝင်းရွှေ(လပွတ္တာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

ထိုချောင်းသည် ကျေးရွာအုပ်စု ၁၄ ခုရှိ လုပ်သားပြည်သူများ မှီခိုနေသော ချောင်းလည်း ဖြစ်ပါကြောင်း၊ ဒုတိယဝန်ကြီးတင်ပြသွားသလို ဆားကျင်းဘက်အခြမ်းတွင် ရေကသင့်တင့်သည့် အနက်ရှိပြီး လပွတ္တာဘက်အခြမ်းတွင် ရေတိမ်ပါကြောင်း၊ ထို့အပြင်ချောင်းသည်ကျဉ်းပြီး အကွေ့ ကောက်လည်းများပါကြောင်း၊ ဆားကျင်းတံတားဆိုသည့် ချောင်းကူးတံတားလည်းရှိပါကြောင်း၊ မိမိတို့ အခက်အခဲရှိဖြစ်နေသည်မှာ ရေစစ်ချိန်ဆိုလျှင် အောက်မှ ဗိုက်မလွတ်၍ သွား မရ၊ ရေပြည့် ချိန်တွင်လည်း အပေါ်မှ တံတားမလွတ်၍ သင်္ဘောကြီးလျှင် ဖြတ်မရပါ ကြောင်း၊ ထို့ကြောင့် ထိုလုပ်ငန်းကြီးသည် ကြီးမားသော်လည်း အရေးတကြီးလိုအပ်နေသည့် လပွတ္တာမြို့ဘက် အခြမ်း ဆားကျင်းချောင်းတံတား၏ အနီး တစ်မိုင်ဖြစ်စေ၊ နှစ်မိုင်ဖြစ်စေ ထိုနေရာမျိုးကို ကျဉ်းပြီး ကောက်ကွေ့သောနေရာ၊ တိမ်ကောသော နေရာများကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ကဲ့သို့အနေအထားမျိုးတွင် ထည့်သွင်း၍ ဦးစားပေးဆောင်ရွက်နိုင်ခြင်း ရှိ မရှိ မေးမြန်း ခဲ့ ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က

လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ပြောသွားသကဲ့သို့ တံတားလည်းရှိနေသည့်အတွက် အောက်ကလည်း ရေအနက်ကနည်းပါးကြောင်း၊ အပေါ်တွင်လည်း တံတားရှိနေပါကြောင်း၊ ဒီရေဝင် ရောက်သည့်အချိန်တွင် ရေမြင့်လာသည့်အချိန်၌ ဖြတ်သည့်အခါ တံတားနှင့် မလွတ်ပါ ကြောင်း၊ရေစစ်ချိန်တွင်လည်းအောက်၌ရေစူးမလွတ်သည့်အခက်အခဲမျိုးရှိပါကြောင်း၊ထို့ကြောင့် တံတားနေရာကိုသာ တူးမည်ဆိုလျှင်လည်း တံတား၏ ကြံ့ခိုင်မှုအောက်ရှိ တံတား၏ ပိုင်၊ တံတား အခြေအနေကို စဉ်းစားပြီးမှ လုပ်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ တခြားနေရာများ၏ ရေတိမ်နေ သည့် နေရာများကို တူးမည်ဆိုလျှင်လည်း တံတားနှင့်ဆက်စပ်နေသလား၊ အရမ်းတူးဖော် ရန်လို သလားဆိုသည်ကို သေချာစွာ Survey လုပ်ရန် အရင်လိုအပ်မည်ဖြစ်ပါကြောင်း၊ Survey လုပ်ပြီး မှသာလျှင် မဖြစ်မနေ လုပ်ဆောင်သင့်သော လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရ အနေဖြင့် စီမံချက်ရေးဆွဲပြီးမှသာ ဆောင်ရွက်သင့်ကြောင်းနှင့် တိုင်းဒေသကြီး၏ ဘဏ္ဍာငွေလျာထား မှု နှစ်အပေါ်မူတည်၍ ဆောင်ရွက်သင့်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။