နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ (၁၇-၇-၂၀၂၆) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ကြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ခ)- ဒေါက်တာထိန်ဝင်း(ကျောင်းကုန်းမဲဆန္ဒနယ်)-မေးခွန်း

2026-07-17
တတိယအကြိမ်
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါက်တာထိန်ဝင်း(ကျောင်းကုန်းမဲဆန္ဒနယ်)

MSME လုပ်ငန်းများနှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်မည့်အစီအမံများ သိရှိ လိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတော်သမ္မတကြီးကလည်း အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်း MSME ဖွံ့ဖြိုးတိုးတက်စေခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိက အခန်းကဏ္ဍတွင် ပါဝင် ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်  အထူးဦးစားပေးဆောင်ရွက်သွားမည်ကို ပြောကြား လမ်းညွှန်ခဲ့ပြီးဖြစ်ပါကြောင်း၊မကြာမီအချိန်အတွင်းလည်း ကမ္ဘာ့ MSME နေ့အခမ်းအနားကို လည်း နိုင်ငံတော်အဆင့် ကျင်းပပြီးစီးခဲ့သည်ကိုလည်း သိရှိခဲ့ရပါကြောင်း၊  MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ဗဟိုကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့သလို တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် MSME Agency များ ဖွဲ့စည်းတည်ထောင်ဆောင်ရွက်ရန် ယခင်ကာလများက ကြိုးစား ဆောင်ရွက် သော်လည်း ထင်သလောက် တိုးတက်မှုမရှိတာကို အရှိတရားဖြင့် လက်ခံရမှာဖြစ်ပါကြောင်း၊ အမှန်တကယ် လိုအပ်ချက်မှာ ပထမတစ်ချက်အနေဖြင့် Finanical Assistant ၊ ဒုတိယ အချက်မှာ Technical Assistant တို့ဖြစ်ပြီး ထိရောက်စွာ ဆောင်ရွက်ပေးရန် တို့ကို အကြံပြု ဆွေးနွေး လိုပါကြောင်း၊  MSME လုပ်ငန်းများလည်း လိုအပ်သောချေးငွေများကို ဘဏ်များက ချေးပေးရုံ နှင့် ပြည့်စုံ လုံလောက်မှုမရှိဘဲ ဈေးကွက်(Market) အထိ ရှာဖွေပေးပြီး Supply Chain တစ်ခုလုံး ကို အနီးကပ် Monitoring လုပ်သင့်ပါသည်ဟု ထင်မြင်ယူဆမိပါကြောင်း၊ MSME ဥပဒေ၊ နည်းဥပဒေ များမှာ ပြဋ္ဌာန်းချက်များပါသော်လည်း ထိရောက်စွာပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်များ ရှိနေ သည် ကို လေ့လာတွေ့ရှိရပါကြောင်း။

ဒုတိယအနေဖြင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရန် နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် နံပါတ်(၁) လိုအပ်ချက်မှာ ငွေကြေးထောက်ပံ့ရန်၊ ဒုတိယက နည်းပညာ၊ တတိယက ဈေးကွက်နှင့် စတုတ္ထက Supply Chain တစ်ခုလုံး၊ နောက်ဆုံး Law of Procedure Rule များ၊ ဥပဒေ၊ နည်းဥပဒေ များ၏ အထောက်အပံ့များ လိုအပ်ပါကြောင်း ၊ အငယ်စား၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ၊ MSME များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် နိုင်ငံတော်အနေဖြင့် အထူးအားပေး ဆောင်ရွက်သွား မည်ကို နိုင်ငံတော်သမ္မတကြီးက လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး အတွင်း စက်မှုဇုန်အားဖြင့် ပုသိမ် စက်မှုဇုန်၊ ဟင်္သာတစက်မှုဇုန်၊ မြောင်းမြစက်မှုဇုန်၊ မအူပင်စက်မှုဇုန်၊ ကနီစက်မှုဇုန် စုစုပေါင်း ၅ ဇုန် ရှိသည်ကို တင်ပြလိုပါကြောင်း၊ ပုသိမ် စက်မှုဇုန်(၁)အပိုင်းအနေနှင့် စက်မှုဇုန်သည် ၁၉၉၃ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ပြီး တည်နေရာအားဖြင့် ပုသိမ် (၁၉)ရပ်ကွက်တွင်ရှိပါကြောင်း၊ အကျယ် အဝန်း  ၄၅.၄ ဧကရှိပြီး စက်မှု လုပ်ငန်းအရေအတွက် အကြီးစား ၁၂ ခု၊ အလတ်စား ၉ ခု၊ အငယ်စား ၄ ခု၊ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါကြောင်း၊  လုပ်သားဦးရေက ၈,၃၂၆ ဦးရှိပြီး မြေဂရန်၊ လျှပ်စစ်မီး အခက်အခဲများရှိပါကြောင်း ။

ပုသိမ်စက်မှုဇုန်အပိုင်း(၂)တည်နေရာပြမြေပုံ သည်၁၉၉၆ ခုနှစ်တွင် စတင်အကောင် အထည်ဖော်ပြီး ပုသိမ်မြို့ (၁၃) ရပ်ကွက်တွင် တည်ရှိပါကြောင်း၊ အကျယ်အဝန်းအားဖြင့် ၂၅.၇ ဧက ရှိပြီး လုပ်ငန်းအရေအတွက်သည် စက်ရုံ ၅ ရုံ၊ ဂိုဒေါင် ၉ ခု၊ ဆိုင်ခန်း ၄ ခုနှင့် တခြား ၂၂ ခု၊ ထုတ်လုပ်မှုတန်ဖိုး တင်ပြပါအတိုင်းဖြစ်ပါကြောင်း၊ အခက်အခဲမှာ မြေဂရန်၊ လျှပ်စစ်မီးအခြေအနေ ဖြစ်ပါကြောင်း၊ ဟင်္သာတဇုန်သည်  ၁၉၉၅ ခုနှစ်တွင် နမ့်မော် ကျေးရွာအုပ်စု၌ အကောင် အထည် ဖော်ဆောင်ရွက်သည့် မြေဧက ၈၆.၂၁ ဧကပေါ်တွင် ဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း၊ အကြီးစား လုပ်ငန်း ၁၅ မျိုး၊ အလတ်စား ၁၃ မျိုး၊ အငယ်စား ၁ မျိုးနှင့် ရင်းနှီး မြှုပ်နှံမှုပမာဏ တင်ပြပါ အတိုင်းဖြစ်ပြီး လုပ်သားဦးရေ ၂၅၉ ဦးရှိပါကြောင်း၊ လုပ်ငန်းပမာဏ အင်မတန်မှ နည်းပါး သည့် အနေအထားကို တင်ပြလိုပါကြောင်း၊ မြောင်းမြစက်မှုဇုန်သည် ၁၉၉၅ ခုနှစ်၊ မြောင်းမြ၊ ကွယ်လွယ်ရွာရှိ မြေဧက ၅၈.၀၉ ဧကပေါ်တွင် လုပ်ငန်းကြီး ၁၂ ခု၊ လုပ်ငန်းအလတ် ၅ ခု၊ လုပ်ငန်းအငယ် ၄ ခု၊ ရင်းနှီးမြှုပ်နှံမှု တင်ပြပါအတိုင်းဖြစ်ပြီး လုပ်သားဦးရေ ၁၁၄ ဦးနှင့် အခက် အခဲမှာ မြေဂရန်ရရှိရေးနှင့် လျှပ်စစ်မီး၊ ကျွမ်းကျင်လုပ်သားရရှိရေးပဲဖြစ်ပါကြောင်း၊ မအူပင် ရှန်ဟိုင်းစက်မှုဇုန်သည် ၂၀၁၈ ခုနှစ်တွင် ညောင်ဝိုင်း ကျေးရွာ၊ ပံတစ်ပတ်ကျေးရွာ၌ တည်ဆောက်၍ အကောင်အထည်ဖော်သည့် မြေဧက အကျယ်အဝန်း ၂၄၉.၄၈ ဧကရှိ စက်မှုဇုန်ဖြစ်ပါကြောင်း၊ လုပ်ငန်းကြီးအရေအတွက် အကြီး ၃ ခုသာရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုမှာ တင်ပြပါအတိုင်းဖြစ်ပြီး လုပ်သားဦးရေ ၁,၄၇၅ ဦး ဖြစ်ပြီး အခက်အခဲမှာ လျှပ်စစ်မီးနှင့် အဓိကမှာ တကယ့်ကုန်ထုတ်လမ်းမဖြစ်သည့် Main လမ်းမကြီးနှင့် အလှမ်းကွာနေသည့် အတွက် ကုန်စည်ပို့ဆောင်ရေးအခက်အခဲဖြစ်ကြောင်း ။

စက်မှုဇုန်၏ အဓိကလိုအပ်ချက်များမှာ အောက်ပါအတိုင်း ထင်မြင်ယူဆပါကြောင်း တင်ပြအပ်ပါတယ်။ 

(၁)      လျှပ်စစ်မီးလုံလောက်စွာရရှိရေး၊ 

(၂)      Skill Labour ကျွမ်းကျင်လုပ်သားနည်းပါးခြင်း၊

(၃)     ထုတ်လုပ်မှုပိုင်းအားနည်းခြင်း၊ 

(၄)     အုပ်ချုပ်မှုပိုင်း 

(၅)     ပေါင်းစပ်ညှိနှိုင်းမှုအပိုင်းများဖြစ်သည်ဟု တင်ပြလိုပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် MSME လုပ်ငန်းများ တိုးတက်စေရေးအတွက် ရေတိုရေရှည်အစီအမံများ၊ ဘဏ္ဍာရေးနှစ် (Financial Year) အလိုက် ဆောင်ရွက်သွားမယ့်အစီအမံများ စသဖြင့် လိုအပ်သည်များကို ကြယ်ပွင့်ပြ မေးခွန်းအနေဖြင့် မေးခွန်းမေးမြန်းခြင်းဖြစ်သည့် အတွက်ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရေတိုရေရှည် အစီအမံများ သိရှိလိုပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် မည်သို့ဆောင်ရွက်သွားမည့်အစီအစဉ်များ သိရှိလိုပါ ကြောင်းနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Zone Level ၊ Regional Level ၊ State Level အလိုက်၊ နှစ်အလိုက် ပြည်ထောင်စုအစိုးရ၏ ဆောင်ရွက်မည့်အစီအမံများသိရှိလို ကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဒေါက်တာချာလီသန်း (ပြည်ထောင်စုဝန်ကြီး၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန)က

လွှတ်တော်ကိုယ်စားလှယ်ကြီး ထောက်ပြသွားသည့်အတိုင်း နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ MSME ကဏ္ဍသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကမောင်းနှင်အား ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုအပ်ပါကြောင်း။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီကို နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယသမ္မတများက ဒုတိယ ဥက္ကဋ္ဌများ အဖြစ် လည်းကောင်း၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့် စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်နှင့် စီးပွားရေးပညာရှင်များ၊ အတတ်ပညာရှင်များက အဖွဲ့ဝင် များအဖြစ်လည်းကောင်း၊ မိမိက အတွင်းရေးမှူးအဖြစ်လည်းကောင်း ဖွဲ့စည်း ဆောင်ရွက် လျက် ရှိပါကြောင်း။

ထို့အတူ အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို ဒုတိယသမ္မတ (၁)က ဥက္ကဋ္ဌနှင့် မိမိက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များ၊ အသင်းအဖွဲ့များမှ သင့်လျော်သော ပုဂ္ဂိုလ်များ၊ စီးပွားရေး ပညာရှင်များ၊ အတတ်ပညာရှင်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ ဤဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက အတွင်းရေးမှူးအဖြစ်လည်းကောင်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက် လျက်ရှိရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းရှင်များ၏ အခက်အခဲများ၊ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေး အတွက် နိုင်ငံတော်အကြီးအကဲသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၆ ခုနှစ်၊ မေလအထိ ၄၄ ကြိမ်တိုင် တိုင်းဒေသကြီး ပြည်နယ်များသို့ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ် ခဲ့ပါ ကြောင်း။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲများအတွင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ သည် နိုင်ငံတော်အတွက် အရေးပါတဲ့ စီးပွားရေးနှင့် စက်မှုလုပ်ငန်းမူဝါဒ (Ecomomic & Industrial Policy)၊ စိုက်ပျိုးရေးအခြေခံ စက်မှုမြှင့်တင်ရေးမူဝါဒ (Agro-based Industrialization Policy)၊ စွမ်းအင်မူဝါဒ (Energy Policy)၊ လူသားအရင်းအမြစ်မူဝါဒ (Human Resourse Policy)၊ လူမှုရေး မူဝါဒ (Social Policy )၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒ (Environmental Policy)၊ မူဝါဒ မဏ္ဍိုင် (Policy Pillars) များကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ MSME ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လမ်းညွှန်မှာကြားချက် ၂၄၆ ချက် အနက် ၂၂၅ ချက် ၉၁.၅ ရာခိုင်နှုန်း၊ MSME လုပ်ငန်းရှင်များ၏ တင်ပြချက် ၃၁၁ ချက်အနက် ၂၉၇ ချက် ၉၅.၅ ရာခိုင်နှုန်းကို အကောင် အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်ကာ ကျန်ရှိသည့်အချက်များကိုလည်း ဆက်လက် ဆောင်ရွက် လျက်ရှိပါကြောင်း။

MSME လုပ်ငန်းများရင်ဆိုင်နေရသော စိန်ခေါ်မှုများ(ဘဏ္ဍာရေး၊ နည်းပညာ၊ ဈေးကွက်) စသည်တို့ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် သိရှိနားလည်ပြီးဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှု (Financial Assistance)အနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ကျပ်ဘီလီယံ ၁၇၀ ဖြင့် အခိုင်အမာထူထောင်ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါရန်ပုံငွေအနက်မှ ကျပ် ၁၅၀ ဘီလီယံကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှစပြီး MSME ချေးငွေအဖြစ် ထုတ်ချေးပေးလျက်ရှိပြီး ကျန်ရှိသည့် ရန်ပုံငွေ ကျပ်၂၀ ဘီလီယံကို ချေးငွေမဟုတ်သည့် MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များတွင် ထိရောက်စွာ ခွဲဝေကျခံသုံးစွဲလျက်ရှိပါကြောင်း၊ ရေတိုစီမံကိန်းအဖြစ် ၂၀၂၆ ခုနှစ်၊ မေလအထိ MSME လုပ်ငန်းရှင် ၂၃၆ ဦးသို့ ချေးငွေစုစုပေါင်း ကျပ်သန်း ၈,၉၄၀ ကို ထုတ်ချေးပေးခြင်း၊ ချေးငွေ မဟုတ်သော ရန်ပုံငွေ ကျပ်ဘီလီယံ  ၂၀ မှ သုံးစွဲ၍ ပြည်ထောင်စုအဆင့် MSME ထုတ် ကုန် ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်များကို ကျင်းပခြင်း၊ လုပ်ငန်းရှင်များအတွက် ဈေးကွက် ချိတ်ဆက်မှု များဖော်ဆောင်ပေးခြင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲ များ၊ နည်းပညာလွှဲပြောင်းခြင်းများနှင့် လူ့စွမ်းအားအရင်းအမြစ်သင်တန်းများကို ၁-၂-၂၀၂၁ ရက်မှ ၃၁-၅-၂၀၂၆ ရက်ထိ(၅၉)ကြိမ်ဖြင့် MSME ၆,၃၅၄ ဦး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာန ၁၀ ခုနှင့်ပူးပေါင်းပြီး MSME များအတွက် လုပ်ငန်းခွင့်ဆိုင်ရာ(On Job Training)၊ Online သင်တန်းများ စုစုပေါင်း ၄၆၃ ခုကို ၉,၆၈၅ ကြိမ်ဖြင့် သင်တန်းသားဦးရေ ၁၉၈,၄၈၉ ဦးကို ဖွင့်လှစ်ပို့ချပေးခြင်းများ ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ရေရှည်စီမံကိန်းအဖြစ် ချေးငွေများ ဆက်လက်ထုတ်ချေးခြင်း၊ အာဆီယံ MSME ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ(ASEAN Coordinating Committee on Micro, Small and Medium Enterprises-ACCMSMES)နှင့်ပူးပေါင်းကာ ဒေသတွင်းဈေးကွက်(ASEAN Economic Community-AEC)သို့ ဝင်ရောက်နိုင်ရန် ပြည်တွင်းလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင် ပေးခြင်း၊ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ရရှိလာသည့် ရန်ပုံငွေစီမံကိန်းများအရ ပံ့ပိုးပေးခြင်း များကိုလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများကို ထုတ်ပြန်ထားရှိပြီး အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဥပဒေ ကိုအသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး နှင့် အကာအကွယ်ပေးရေး ဥပဒေအဖြစ် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး အတွက်ကို လည်း လုပ်ထုံး လုပ်နည်း နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးရှိ စက်မှုဇုန် များအတွင်း လက်ရှိလျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ဆိုလာပြား ထုတ်လုပ်မှု တိုးတက်စေရေး အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြည်တွင်း၌ Solar Panel များအား လုံလောက်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို တစ်နိုင်တစ်ပိုင်သုံးစွဲခြင်းမှသည် စက်ရုံ၊ အလုပ်ရုံများ လည်ပတ် နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားချက်များနှင့်အညီ မိမိတို့ဝန်ကြီး ဌာနရှိ ဆိုလာ အလုပ်ရုံနှင့် LED အလုပ်ရုံများကို ပုဂ္ဂလိကသို့ ဌားရမ်းဆောင်ရွက်ထားရှိပြီး ဆိုလာ၊ LED ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ဧရာဝတီ တိုင်းဒေသကြီး၊ မှန်စက်ရုံ၏ မြေလွတ်များအပါအဝင် ဝန်ကြီးဌာနရှိ မြေနေရာလွတ်များတွင် နေရောင်ခြည် စွမ်းအင် သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးကိုလည်း ညှိနှိုင်း ဆောင်ရွက် လျက်ရှိပါကြောင်း။

ဧရာဝတီတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ကျွမ်းကျင်မှု လေ့ကျင့် ရေးသင်တန်းကျောင်းတွင် အခြေခံအိမ်တွင်းမှုလျှပ်စစ်သွယ်တန်းခြင်းသင်တန်း၊ လေအေးပေး စက် တပ်ဆင် ပြုပြင်ခြင်းသင်တန်းများကို တစ်နှစ်လျှင် ၄ ကြိမ်၊ တစ်ကြိမ်လျှင် ၂၀ ဦးဖြင့် တိုင်းဒေသ ကြီး ဘတ်ဂျက် အပေါ်မူတည်ပြီး ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျွမ်းကျင်မှု အကဲဖြတ် စစ်ဆေးခြင်းလက်မှတ် (National Skills Standards Authority-NSSA)များကိုလည်း နှစ်စဉ် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မိမိတို့ဝန်ကြီးဌာနရှိ လျှပ်စစ် စစ်ဆေး ရေးဌာန(ကျိုက်ဝိုင်း)တွင် လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု အခြေခံ (ဆိုလာစနစ်) သင်တန်းများ၊ ဘွိုင်လာစစ်ဆေးရေး ဌာန(ရန်ကုန်)တွင် ဘွိုင်လာ ကိုင်တွယ် ထိန်းသိမ်း သူများ သင်တန်းများသို့ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ သင်တန်း သားသင်တန်းသူများ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးခဲ့ပါ ကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများကို နည်းပညာအသုံးပြု ဆောင်ရွက်နိုင်ရေးအတွက်ကိုလည်း  လယ်ယာ သုံးစက်ကိရိယာများဖြစ်သည့် မျိုးစေ့ချကိရိယာ၊ ကောက်စိုက်စက်၊ အမှိုက်မီးရှို့စက်များ ကို ကိုယ်ပိုင်ဒီဇိုင်းဖြင့် တီထွင်ထုတ်လုပ်နိုင်ရန် ငွေကြေးအရင်းအနှီးလိုအပ်ချက်များကို နိုင်ငံ့ စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးကူညီပေးလျက်ရှိပြီး နည်းပညာလွှဲပြောင်းရယူနိုင်ရေးအတွက် လုပ်ငန်း ရှင်များကို နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းများမှ တာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း။

          ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်စက်မှုဇုန်၊ မြောင်းမြစက်မှုဇုန်၊ ဟင်္သာတစက်မှုဇုန်၊ မအူပင်စက်မှုဇုန်များအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ တည်ထောင်ပြီးစက်မှုဇုန်များအား စက်မှုဇုန် ဥပဒေအရ အမျိုးအစား၊ အဆင့်အတန်းခွဲခြားသတ်မှတ်ပြီး စက်မှုဇုန်အဖြစ် ကြေညာနိုင်ရန်အတွက် တိုင်းဒေသကြီး ပြည်နယ်အလိုက် စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီများက အပြန်အလှန် Cross-Check များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး စိစစ်သုံးသပ်ရေးအဖွဲ့ဖြင့်လည်း စိစစ် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ စိစစ်ချက်များအရ ပုသိမ်စက်မှုဇုန်စီမံကိန်းအား (ခ)အဆင့်၊ ပုသိမ် စက်မှုဇုန် (စီးပွားရေးဇုန်)အား (ဂ)အဆင့်၊ ပုသိမ်စက်မှုဇုန်အပိုင်း(၁)နှင့် (၂)အား (ဂ)အဆင့်နိမ့်၊ မအူပင် စက်မှုဇုန်အား (ဂ)အဆင့်၊ ဟင်္သာတစက်မှုဇုန်နှင့် မြောင်းမြစက်မှုဇုန်တို့အား (ဂ) အဆင့်နိမ့် အဖြစ် စိစစ်တွေ့ရှိရပါကြောင်း။

          ဧရာဝတီတိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီကို အသစ် ပြန်လည်ဖွဲ့စည်းခြင်း၊ စက်မှုဇုန်များအား အမျိုးအစား၊ အဆင့်အတန်း သတ်မှတ်ကြေညာခြင်း၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ရွေးချယ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး စက်မှုဇုန်အလိုက် စက်မှုဇုန် စီမံ ခန့်ခွဲရေးကော်မတီများကို ဆက်လက်ပြင်ဆင်ဖွဲ့စည်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်မှု ဇုန်အမျိုးအစားနှင့် အဆင့်အတန်းတိုးတက်လာစေရေးအတွက် ဒေသဆိုင်ရာ စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ၊ သက်ဆိုင်ရာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် လုပ်ငန်း ရှင်များက ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

          ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များအနေဖြင့် အောင်မြင်ရန် လိုအပ်လျက်ရှိရာ ယခုမေးခွန်းပါအချက်များသည် အဓိကကျသော အချက်များဖြစ်ပြီး လာမည့်ဘဏ္ဍာရေးနှစ်များ၏ စီမံကိန်းများရေးဆွဲရာတွင် များစွာအထောက်အကူပြုပါကြောင်း၊ လိုအပ်ချက်များကို စက်မှုလုပ်ငန်း နှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဝင်၊ ဝန်ကြီးဌာနများ၏ ဘဏ္ဍာငွေခွဲဝေရရှိမှုအရ လည်းကောင်း၊ ဒေသဆိုင်ရာကော်မတီများနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများ၏ စက်မှုဇုန် ဖွံ့ဖြိုးရေးရန်ပုံငွေမှလည်းကောင်း နှစ်အလိုက် ဦးစားပေးအစီအစဉ်ဖြင့် လျှပ်စစ်မီး အပြည့်အဝ ရရှိရေး၊ ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး၊ ထုတ်လုပ်မှုပိုင်းဆိုင်ရာ လိုအပ် ချက်များ ပိုမို ဖြည့်ဆည်းပေးနိုင်ရေးတို့ကို အစီအမံများ ချမှတ်ဆောင်ရွက်ပေး သွားမည် ဖြစ် ကြောင်း၊ စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဗဟိုကော်မတီအနေဖြင့် မူဝါဒချမှတ်ခြင်း၊ အခက်အခဲများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ ဒေသဆိုင်ရာကော်မတီများနှင့် စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီများအနေဖြင့် အနီးကပ်ကြီးကြပ်အ ကောင်အထည် ဖော်ဆောင်ရွက်ခြင်း တို့ဖြင့် အုပ်ချုပ်မှုအပိုင်း၊ ပေါင်းစပ်ညှိနှိုင်းမှု အပိုင်းများကို Zone Level, Regional Level, State Central Level အလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဒေါက်တာထိန်ဝင်း(ကျောင်းကုန်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

ကြယ်ပွင့် ပြမေးခွန်းကို ပညာရပ်ဆိုင်ရာ၊ စေတနာပိုင်း၊ တာဝန်ပိုင်းပါ ပြည့်ပြည့်စုံစုံ ဖြေကြား ပေးသည့် ပြည်ထောင်စုဝန်ကြီးအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဖြေကြားချက် များတွင် ဘဏ္ဍာငွေခွဲဝေမှု ရရှိရေးအတွက် နှစ်အလိုက်ဆောင်ရွက်ရမယ့် အစီအမံများရှိသည့် အတွက် နံပါတ် ၁ အနေဖြင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကကျသည့် Incentive Factor က အဓိကစိန်ခေါ်မှုမှာ လျှပ်စစ် မီးရရှိရေးဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် မည်သည့်စက်မှုဇုန် လျှပ်စစ်မီး ပြည့်စုံစွာရရှိရေးအတွက်  မည်သည့် ဘဏ္ဍာ ငွေလျာ ထားမှုရှိ ပါသနည်း။ နံပါတ် ၂ အချက်အနေဖြင့် MSME လုပ်ငန်းများ ဆောင်ရွက်သည့် အခါတွင် နိုင်ငံတော် အစီအမံများဖြင့် တွန်းအားပေးဆောင်ရွက် ချက်များကို ဝမ်းမြောက်စွာ တွေ့ရှိ ရကြောင်း၊ သို့သော် လည်း Home Industry ဆိုသည့် ပြန့်ကျဲနေသော အိမ်မှထုတ်လုပ်သည့် အငယ်စားလုပ်ငန်းရှင်များ၊ အိမ်မှုလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေမည်သို့ ဆက်စပ်ဆောင်ရွက်ရမည့် မည်သည့် ပမာဏကို မည်သည့်ဘဏ္ဍာရေးနှစ်တွင်ထည့်ဝင်ဆောင်ရွက်မည်ကို ဆက်စပ် မေးခွန်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဒေါက်တာချာလီသန်း (ပြည်ထောင်စုဝန်ကြီး၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန)က

ဆက်စပ်မေးခွန်းနှင့်စပ်လျဉ်းပြီး အချက် ၂ ချက်ကို အဓိကမေးသွားတာရှိပါကြောင်း၊ အဆိုပါအချက်နှင့်စပ်လျဉ်းပြီး ကိုယ်စားလှယ်တော်ကြီး မေးသွား သည့်အတိုင်း Zone Level, Regional Level, State Level နှင့် နှိုင်းယှဉ်ပြီး ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ စက်မှုဇုန်များတွင် အဓိကအားဖြင့် တာဝန်ယူရမည့် Zone Level က စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဖြစ်ပါကြောင်း၊  Industrial Zone Management Committee ဖြစ်ပါကြောင်း။

စက်မှုဇုန်ဥပဒေအရ စက်မှုဇုန် ၁ ဇုန်၊ တစ်ခုချင်းစီ နေ့စဉ်စီမံခန့်ခွဲရေးနှင့် လည်ပတ်ရေး တာဝန်ကို စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီက ဆောင်ရွက်ရတာဖြစ်ပါကြောင်း၊ ဆောင်ရွက်ရမည့် အချက်များ မှာ စက်မှုဇုန်အတွင်း လမ်း၊ ရေ၊ လျှပ်စစ်၊ ဆက်သွယ်ရေးစနစ်များထည့်သွင်းခြင်း၊ ရေဆိုးနှင့် အမှိုက်စီမံခန့်ခွဲမှု၊ မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ဥပဒေလိုက်မှုကို ကြီးကြပ်ခြင်း၊ လုပ်ငန်းရှင်များ၏ အခက်အခဲများကို စုစည်းတင်ပြခြင်း၊ ရင်းနှီးမြှုပ်နှံသူများ၏ ဝန်ဆောင်မှုပေးခြင်း၊ Common Facility များစီမံခန့်ခွဲခြင်းဖြစ်ပါကြောင်း။

Regional Level အနေဖြင့်တာဝန်အရ တာဝန်ယူဆောင်ရွက်ရမည့်အဖွဲ့သည် တိုင်းဒေသကြီး ပြည်နယ် စက်မှုဇုန်ဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီဖြစ်ပါကြောင်း၊ စက်မှုဇုန်ဥပဒေနှင့် နည်းဥပဒေတို့အရ တိုင်းဒေသကြီး ပြည်နယ်အတွင်းရှိ စက်မှုဇုန်များ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ကြီးကြပ်ရေး၊ ညှိနှိုင်းရေးတို့ကို ကော်မတီကဆောင်ရွက်ရပါကြောင်း၊ ဆောင်ရွက်ရမည့့်် အချက်များ မှာ စက်မှုဇုန်များစစ်ဆေးကြီးကြပ်ခြင်း၊ စက်မှုဇုန်အဆင့် သတ်မှတ်ခြင်းအတွက် စိစစ်ခြင်း၊ Zone Management Committee များဆောင်ရွက်များကို ကြီးကြပ်ခြင်း၊ တိုင်းဒေသကြီးအဆင့် ဖွံ့ဖြိုးရေး အစီအစဉ်များရေးဆွဲခြင်း၊ လိုအပ်သောအခြေခံအဆောက်အဦများအတွက် သက်ဆိုင်ရာ ဌာနများ နှင့် ညှိနှိုင်းခြင်း၊ ဗဟိုကော်မတီသို့ အစီရင်ခံတင်ပြခြင်းဖြစ်ပါကြောင်း။

Central and State Level ဖြစ်ပါကြောင်း၊ တာဝန်ယူဆောင်ရွက်ရမည့်အဖွဲ့အစည်းမှာ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဖြစ်ပါကြောင်း၊ ဥပဒေအရ ဗဟို ကော်မတီ သည် စက်မှုဇုန်များ၏ မူဝါဒချမှတ်ခြင်း၊ အမျိုးသားအဆင့်စီမံခန့်ခွဲမှုကို တာဝန်ယူ ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရမည့်အချက်များမှာ စက်မှုဇုန်မူဝါဒချမှတ်ခြင်း၊ စက်မှုဇုန် များ၏ အမျိုးအစားနှင့် အဆင့်သတ်မှတ်ခြင်းနှင့် အတည်ပြုခြင်း၊ စက်မှုဇုန် ဖွံ့ဖြိုးရေး စီမံကိန်းများကို အတည်ပြုခြင်း၊ လိုအပ်သည့် ဘဏ္ဍာငွေမက်လုံးများနှင့် မူဝါဒ အထောက် အပံ့ များပံ့ပိုးခြင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနများအကြား ညှိနှိုင်းပေးခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်း၊ စက်မှုဇုန်ဥပဒေနှင့် နည်းဥပဒေအရ အကောင်အထည်ဖော်စေရန် ကြီးကြပ်ခြင်း တို့ဖြစ်ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်ကို စက်မှုလုပ်ငန်းနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီမှ တိုင်းဒေသကြီး ပြည်နယ် စက်မှုဇုန်ဖော်ဆောင်ရေး၊ ကြီးကြပ်ရေး ကော်မတီများနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ။

ဒုတိယမေးသည့် ချေးငွေနှင့် ပတ်သက်သည့် MSME လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေး ပေးလျက်ရှိပါကြောင်း၊ အဆိုပါချေးငွေများကို ပြည်နယ် တိုင်း MSME Agency များတွင် လျှောက်ထား နိုင်ပါကြောင်း နှင့် ယခုအခါတွင် လျှင်မြန်စွာ ရရှိနိုင်ရေး အတွက် MSME ရန်ပုံငွေ အဖွဲ့မှလည်း အထူးအစီအစဉ်များနှင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။