နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ (၁၇-၇-၂၀၂၆) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ကြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(စ)- ဦးသက်ပိုင်ထူး(ဖားကန့်မဲဆန္ဒနယ်)-မေးခွန်း

2026-07-17
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးသက်ပိုင်ထူး(ဖားကန့်မဲဆန္ဒနယ်)

မိုးကောင်းကာမိုင်း- ဖားကန့်ကားလမ်းမကြီးအား နိုင်လွန်ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဖားကန့်ရတနာနယ်မြေဒေသသည် ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ အရေးပါသော သယံဇာတများ ထွက်ရှိရာဒေသဖြစ်ပြီး ဖားကန့်ဒေသ၏ အဓိကအသက်သွေးကြောဖြစ်သော မိုးကောင်းကာမိုင်းဖားကန့်လမ်းမကြီးသည် အစိုးရအဆက်ဆက် ပြုပြင် ထိန်းသိမ်းမှု အားနည်း ခဲ့ခြင်းကြောင့်လက်ရှိတွင် အဆိုပါလမ်းမကြီးသည် ဆိုးရွားစွာပျက်စီးနေပြီး ဒေသခံ ပြည်သူများ၏ နေ့စဉ်သွားလာရေးကိစ္စများ၊ အရေးပေါ်လူနာများနှင့် ကျန်းမာရေး ဆိုင်ရာ ကိစ္စများ၊ ပညာရေးဆိုင်ရာကိစ္စများ၊ အခြေခံစားသောက် ကုန်နှင့် ကုန်စည်စီးဆင်းရေး ဆိုင်ရာကိစ္စရပ်များအတွက်များစွာဒုက္ခပေးလျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင်အဆိုပါ လမ်းပိုင်း ၏ နေရာတော်တော်များများတွင် နှစ်ရှည်လများစွာ ပြင်ဆင်ထိန်းသိမ်းမှု လုံးဝ မရှိ နေပါသဖြင့် ပျက်စီးယိုယွင်းမှုများစွာရှိနေပြီး ယခုမိုးရာသီတွင် သွားလာရေးပိုမို ခက်ခဲကာ ဒေသခံပြည်သူများ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များနှင့် လူနာတင်ယာဉ်များ အတွက် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိပါကြောင်း။

ဖားကန့်မြို့နယ်သည် နိုင်ငံတော်အတွက် အရေးပါသော ကမ္ဘာကျော်ကျောက်စိမ်း သယံဇာတ ထွက်ရှိရာဒေသဖြစ်သော်လည်း ဒေသခံမိဘပြည်သူများအတွက် အခြေခံ အဆောက် အဦနှင့် လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲဒုက္ခများကိုတော့ အစဉ်အမြဲ ခံစား နေကြရသည်ကို မြင်တွေ့ရမည် ဖြစ်ပါကြောင်း။ 

ဖားကန့်ကို ပထဦးဆုံးလာလည်ဖူးသည့် သူတိုင်းက များသောအားဖြင့် ပြောကြသည်မှာ လမ်းအရမ်းဆိုးသည်ဟု ပြောကြပါကြောင်း၊ ဖားကန့်အဝင်ဆိုင်းဘုတ်မရောက်ခင် အရင်ဆုံး မြင်တွေ့ရ သည့်လမ်းသည် ပိုက်ဆံပေးစရာမလိုဘဲအခမဲ့ Roller coaster စီးခွင့်ရရှိမည့် လမ်းဖြစ်ပါကြောင်း၊ မအူပင်နှင့်ကာမိုင်းကြားမှလမ်းသည် ကားအသေးများ၊ ကားအကြီးများ၊ဆိုင်ကယ်များ အဆိုပါလမ်းကိုသာ အဓိကအသုံးပြုပြီး သွားလာနေရတာဖြစ်ပါကြောင်း၊ ကား အသေး များပင်မပြောနှင့် ကားအကြီးများပင် တအိအိနှင့် မနည်းဖြတ်သန်း မောင်းနှင် နေရ သည်ကို တွေ့ရှိရမည် ဖြစ်ပါ ကြောင်း။

Roller coaster လမ်းကို မိုးရွာသည့်အခါတွင် ရေကျန်ခဲ့သည့်အခြေအနေ တွင် အဆိုပါရေခမ်းရန်အတွက်အနည်းဆုံး ၁၀ ရက်လောက် စောင့်ရကြောင်း၊ ဘယ်ဘက်တွင် အပြင်ဆင်တာအရမ်းကြာပြီဖြစ် သည့်အတွက်ကြောင့် ပျက်စီးနေသည့် အခြေအနေကို မြင်ရမည် ဖြစ်ပါကြောင်း၊ညာဘက်တွင် ချိုင့်များ အရမ်းနက်သည့် အတွက်ကြောင့်မိုးရွာပြီးသည့် အခါတွင် ရေကျန် နေသည့် အတွက်ဆင်များနှင့်ဆွဲပြီးသွားလာနေရတာဖြစ်ပါကြောင်း၊ တောင်ဆင်း တောင်တက် များပြီး လမ်းများအင်မတန်ချော်သည့် အတွက်ကြောင့် Slip ဖြစ်ပြီး ကားများ မတော်တဆမှုများ ခဏခဏဖြစ်နေသည်ကို မြင်တွေ့ရမည်ဖြစ်ပါကြောင်း။  

သို့ဖြစ်ပါ၍ အစိုးရအဆက်ဆက် ပြုပြင်ထိန်းသိမ်းရန်အားနည်းခဲ့သော အဆိုပါလမ်းအား ယခု အစိုးရလက်ထက်တွင် အဆင့်မြှင်တင်ဆောင်ရွက်ပေးမည်ဆိုပါက ဖားကန့်ဒေသခံ ပြည်သူ များ၏ ထောက်ခံအားပေးမှုကို များစွာရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် သယံဇာတ အမြောက် အမြားပေးဆပ်နေသည့် ဖားကန့်ဒေသခံများ၏ နစ်နာမှုများကို ကုစားပေးနိုင်ရန်နှင့် လမ်းပမ်းဆက်သွယ်ရေးလုံခြုံချောမွေ့စေရန်အတွက်အဆိုပါ မိုးကောင်း-ကာမိုင်း-ဖားကန့်          လမ်းမကြီးအား နိုင်လွန်ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တိတိကျကျ ဆောင်ရွက် ပေးမည် ကိုသိရှိလိုပါကြောင်း၊ မရှိသေးပါက ယာယီပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ကိုမည်သို့ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးမျိုးသန့်  က

လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသည့် လမ်းသည် လမ်းအရှည်၁၇ မိုင်နှင့် ၄၀ မိုင်၊ ၇ ဖာလုံ စုစုပေါင်း ၅၇ မိုင် ၇ ဖာလုံခန့်ရှိပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံ ခန့်ခွဲသည့် လမ်း တစ်လမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေအရ ကျောက်ခင်းလမ်းများပါကြောင်း၊ ကျောက်ခင်းလမ်းတော့ လမ်းပိုင်းအလိုက် ကျောက်ခင်းလမ်း ဧရိယာအများဆုံးဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင်းတွင်လည်း ပြန်ကြည့်မည်ဆိုလျှင် စုစုပေါင်းလမ်းမိုင် ပေါင်း ၂,၆၃၅ မိုင်ရှိပါကြောင်း၊ ကျောက်ခင်းလမ်းဖြစ်နေသည်မှာ ၂၆၉ မိုင်ကျော် အမာခံလမ်း ၄၂၁ မိုင်နှင့် မြေသားလမ်း ၇၃၂ မိုင် ကျန်ပါကြောင်း။

အဆိုပါလမ်းပိုင်းအား နယ်မြေ အခြေအနေအရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှစတင်၍ ယနေ့အချိန်အထိ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲရှိသည့်အတွက် လမ်းလုပ်ငန်းများဆောင်ရွက်ခြင်း ရပ်ဆိုင်းထားခဲ့ရပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း နယ်မြေအခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိပါသဖြင့် ရန်ပုံငွေလည်းလျာထားခဲ့ခြင်းမရှိပါ ကြောင်း၊ အဆိုပါလမ်းအား နိုင်လွန်ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပေးရန် ရှိ မရှိနှင့်စပ်လျဉ်းပြီး လတ်တလော တွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသော်လည်းနယ်မြေ အခြေအနေအရ ဆောင်ရွက်နိုင် သည့် အချိန်တွင် လမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုနီးစပ်ရာဘဏ္ဍာရေးနှစ်တွင် ကချင် ပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်းဦးစားပေးအစီအစဉ်အလိုက် နှစ်စဉ်ရန်ပုံငွေများ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသည့် အချက်အလက်များနှင့်ပေါင်းစပ်၍ ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးသက်ပိုင်ထူး(ဖားကန့်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက်အဓိကမှာ ဖားကန့်ကိုသွားသည့် လမ်းမကြီးက ၂ ခု ရှိပါကြောင်း၊ ပထမမှာ မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်း ဖြစ်ပါကြောင်း၊ ဒုတိယမှာ မိုးညှင်း-ဆိပ်မူတည်-ဖားကန့်လမ်းဖြစ်ပါကြောင်း၊ မိုးညှင်း-အင်းတော်ကြီး ဖားကန့် လမ်းဖြစ်ပါကြောင်း၊ အဆိုပါမိုးညှင်း-အင်းတော်ကြီးဖားကန့်လမ်းမှာ တစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်း များက နယ်မြေစိုးမိုးထားသည့် အခြေအနေရှိပါကြောင်း၊ အဆိုပါ လမ်းကိုအသုံးပြုမှုမရှိပါကြောင်း၊ မိမိတင်ပြသည့် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းမှာ လက်ရှိအချိန်တွင် တပ်မတော်နှင့်ပြည်သူ့စစ်အဖွဲ့များက လမ်းကြောင်းတစ်လျှောက်လုံးကို နယ်မြေစိုးမိုးထား ပြီး ဖြစ်သည့် အတွက် တည်ငြိမ် အေးချမ်းစွာနှင့် မိဘပြည်သူများ သွားလာနေသည်ကို လက်ရှိ အချိန်မှာတွေ့ရပါကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြင်ဆင်ပေး တာမျိုး မရှိနိုင်သေး သော်လည်း ယာယီပြင်ဆင်ထိန်းသိမ်းပေးခြင်းကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိ ဆက်စပ် မေးခွန်းမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးမျိုးသန့်  က

မိုးကောင်း-ကာမိုင်းဖားကန့်-မိုးကောင်း(ပါဟုတ်)ကာမိုင်းလမ်းပိုင်းအရှည်သည် ၁၇ မိုင် ဖြစ်ပါကြောင်း၊ လဝါး-ကာမိုင်း-လုံးခင်း-ဖားကန့်သည် မိုင် ၄၀ ၇ ဖာလုံ စုစုပေါင်း ၅၇ မိုင် ၇ ဖာလုံဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်ဝန်ကြီးအသိဆုံးဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်မှလည်း အခြေ အနေပေးလျှင် ဆောင်ရွက်မည်ဟု ပြောပါကြောင်း၊ မိမိတို့လည်း ပြန်မေးဆောင် ရွက်နိုင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်စပ်ပြီး တင်ပြပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့ပါသည်။