နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ (၁၇-၇-၂၀၂၆) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ကြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ဆ)- ဒေါက်တာနန္ဒာလှမြင့် (ကလောမဲဆန္ဒနယ်)-မေးခွန်း

2026-07-17
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါက်တာနန္ဒာလှမြင့် (ကလောမဲဆန္ဒနယ်)

ကလောမြို့နယ်တွင် ဝန်ထမ်းအိမ်ရာများကို မည်သည့်အချိန်တွင် စီမံဆောက်လုပ်ပေးမည်ကို  သိရှိ လိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်သည် ခရိုင်အဆင့်အုပ်ချုပ်ရေးမြို့ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့် ဟိုတယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ပြီး အရေးပါသည့် မြို့တစ်မြို့ဖြစ်သည့်အပြင် ကလောမြို့နယ်သည် ရာသီဥတုအေးမြပြီး တောင်ပေါ်ဒေသမြို့တစ်မြို့လည်းဖြစ်ပါကြောင်း၊ ကလော မြို့နယ်တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များစွာ တာဝန်ထမ်းဆောင် လျက်ရှိပါကြောင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ၁၂ ခုနှင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းအင်အား ၂၃၉ ဦးရှိပြီး ဝန်ထမ်းအင်အား ၅၆ ဦးသည် အိမ်ထောင်စု အိမ်ရာမရှိပါကြောင်း၊ မှီခိုသူနှင့်ပေါင်းမည် ဆိုလျှင် ခရိုင်အဆင့်တွင် စုစုပေါင်းလူဦးရေ ၁၇၄ ဦး အိမ်ရာလိုအပ်ချက်ရှိနေပါကြောင်း၊ မြို့နယ် အဆင့်တွင် ဌာနဆိုင်ရာ ၃၁ ဦးရှိပြီး အရာထမ်း၊ အမှုထမ်းဝန်ထမ်းအင်အား ၁,၀၆၀ ဦးရှိသည့်အထဲမှ ၂၀၅ ဦးသည် အိမ်ရာမရရှိဘဲ မှီခိုသူ ၅၀၀ နှင့်ပေါင်းမည်ဆိုလျှင် စုစုပေါင်းလူဦးရေ ၇၀၅ ဦးအတွက် မြို့နယ်အဆင့်တွင် အိမ်ရာလိုအပ်ချက်ရှိပါကြောင်း၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ပေါင်းမည်ဆိုလျှင် လူဦးရေ ၈၉၇ ဦးအတွက် အိမ်ရာလိုအပ်ချက်ရှိသည်ကို တွေ့ရပါကြောင်း၊  လက်ရှိအခြေအနေအရ ကလောမြို့နယ်သည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သည့် မြို့ဖြစ်သည့်အတွက် နေထိုင်မှုစရိတ် ကြီးမားပြီး အိမ်ရာငှားရမ်းခများလည်း ကြီးမြင့်ပါကြောင်း၊ ထို့ကြောင့် နယ်မှလာရောက်ပြီး တာဝန်ထမ်းဆောင်ကြသည့် ဆရာဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် သင့်တော်သည့် နေရာထိုင်ခင်းမရှိခြင်းသည် သူတို့၏လုပ်ငန်းဆောင်ရွက်မှုနှင့် လူနေမှု ဘဝ အခက်အခဲများ ဖြစ်ပေါ်စေပါကြောင်း၊ တချို့ဝန်ထမ်းများအနေဖြင့်လည်း ၎င်းတို့၏ လစာ များမှ အိမ်ငှားခ အသုံးပြုရသည့်အတွက် ငွေရေးကြေးရေးကျပ်တည်းမှုနှင့် အခက်အခဲများစွာ တွေ့ရှိနေရပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို တာဝန် ယူဆောင်ရွက်နေရသည့် အရေးကြီးသည့်အခန်းကဏ္ဍတွင်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ပါကြောင်း၊ ၎င်းတို့၏ နေထိုင်ရေး၊ လူမှုဘဝတည်ငြိမ်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှုတို့ကို စီမံပေးရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ နေထိုင်မှုဘဝ အဆင်ပြေမှသာ ပြည်သူများကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး စိတ်လက်ကြည်သာစွာနှင့် နိုင်ငံ့တာဝန်များကိုလည်း ထမ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။

ထို့ကြောင့် ကလောမြို့နယ်တွင် ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများကို စနစ်တကျ စီမံဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က

ကလောမြို့နယ်တွင် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအတွက် သီးခြားအိမ်ရာ မရှိသေးပါကြောင်း၊ လက်တလောအခြေအနအရ သက်ဆိုင်ရာဦးစီးဌာနများအလိုက် ရုံးများနှင့် တွဲလျက် တည်ဆောက်ထားသော အိမ်ရာများတွင်သာ အများအားဖြင့် နေထိုင်လျက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များမှ စီမံခန့်ခွဲဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါအစိုးရအဖွဲ့များမှ ချမှတ်ပေးထားသော ရည်မှန်းချက် တာဝန်များအတိုင်း ၎င်းတို့ကွပ်ကဲမှုအောက်ရှိ ညွှန်ကြားရေးမှူးများဦးစီးသော မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ နှစ်အလိုက်ဘဏ္ဍာရန်ပုံငွေ ခွင့်ပြုချက်အရ ရှမ်းပြည်နယ်အတွင်းရှိ အိမ်ရာအခက် အခဲရှိသော မြို့များကို စိစစ်ရွေးချယ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဝန်ထမ်း အိမ်ရာများကို ဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်း ဝန်ထမ်းအိမ်ယာ ၁၉၅ လုံး၊ ၂၁၂၈ ခန်း တည်ဆောက်ပေးပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့ ၁၂ မြို့တွင် ဝန်ထမ်းအိမ်ရာ အဆောက်အဦး ၈၀ လုံးကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကလောမြို့နယ်မပါသေးပါ ကြောင်း၊  မြို့အလိုက် အဆင့်ဆင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။ 

ကလောမြို့တွင် ဝန်ထမ်းအိမ်ရာများကို စီမံဆောက်လုပ်ပေးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ  မြေနေရာရရှိရေး ကနဦး လျာထားဆောင်ရွက်မည်ဖြစ်ပြီး မြေနေရာသတ်မှတ်ပြီးလျှင် ဝန်ထမ်း လိုအပ်ချက်ကို စစ်ဆေးပြီး အရေးကြီးအလိုက် နှစ်အလိုက်ရန်ပုံငွေလျာထား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လောလောဆယ် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်အခြေအနေသည် လျာထားဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးပါကြောင်း  ရှမ်းပြည်နယ် အစိုးရအဖွဲ့မှပေးပို့လာသည့် အချက်အလက်များနှင့် ပြန်လည်ဖြေကြားခဲ့ပါသည်။