နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ (၂၈-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်
MY EN

(ည)- ဦးစိုးဝင်း(မြို့သစ်မဲဆန္ဒနယ်)-မေးခွန်း

2026-07-17
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစိုးဝင်း(မြို့သစ်မဲဆန္ဒနယ်)

တောင်တွင်းကြီးနှင့် မြို့သစ်မြို့နယ်ကြားရှိ သံကူကွန်ကရစ်ရေကျော်အား သံကူကွန်ကရစ် “အမြင့်” ရေပေါ်အဖြစ် လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်မှု ရှိ၊ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

မြန်မာနိုင်ငံ၏ ကျေးလက်နှင့်မြို့ပြများတွင် လမ်းပန်းဆက်သွယ်ရေးသည် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု၊ ကုန်သွယ်စီးဆင်းမှု အရေးပေါ်ကျန်းမာရေးကိစ္စ၊ လုံခြုံရေးကိစ္စမှန်သမျှကို အရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်တွင်းကြီးမြို့နယ်နှင့် မြို့သစ်မြို့နယ်ကြားတွင်ရှိသော ပုလင်းချောင်းသည် မိုးရာသီကာလတွင် ရေစီးရေသန်ပြီး မကြာခဏ ရေဖြတ်စီးလျက်ရှိပါကြောင်း၊ ၎င်းချောင်းသည် မြို့သစ်မြို့တောင်ဘက် ၁ မိုင် ခန့်အကွာတွင် ရှိပါကြောင်း၊ ၎င်းပုလင်းချောင်းတွင် ယခင်ကသံကူကွန်ကရစ် ရေကျော်တည်ဆောက်ပြီး ဖြစ်သော်လည်း မိုးရာသီတွင် မကြာခဏ ရေစီးသန်စွာ ဖြတ်စီးနေပါသောကြောင့် ခရီးသွားယာဉ်များ ကားများ၊ ပညာရေးဝန်ထမ်းများ၊ ပြည်သူ များသည် ရေစီးနှုန်းကျဆင်းသွားသည်အထိ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပါသဖြင့် အရေးပေါ်ကိစ္စ မှန်သမျှ အခက်အခဲကြုံတွေ့နေရပါကြောင်း၊ ၎င်းလမ်းသည် တောင်တွင်းကြီးမြို့နယ်နှင့် မြို့သစ်မြို့နယ် လုပ်သားပြည်သူများအနေဖြင့် မြို့သစ်မှ မကွေးမြို့၊ မြို့သစ်မှ နေပြည်တော်၊ မန္တလေးအလယ်ပိုင်း၊ အထက်ပိုင်းနေရာအနှံ့သွားလာရန် အချက်အချာကျသောလမ်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မကွေးတိုင်း ဒေသကြီးအတွင်းရှိ တောင်ကြီးမြို့နယ်နှင့် မြို့သစ် မြို့နယ်တွင်ရှိသော ပုလင်းချောင်းသည် အကျယ်၂၄ ပေ၊ အရှည်၂၄၀ ပေ ရှိသော လက်ရှိ သံကူကွန်ကရစ်ရေကျော်သည် ရေများအားလုံး ဖြတ်သန်း သွားလာနိုင်ရန် အခက်အခဲများရှိနေပါသဖြင့် ၎င်းပုလင်းချောင်းရေကျော်အား သံကူကွန်ကရစ် အမြင့်ရေပေါ်တံတားအဖြစ် တည်ဆောက်ပေးနိုင်ရန် ရှိ မရှိ၊ ရှိပါက လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်မှု ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

 ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က

ပုလင်းချောင်း ရေကျော်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော တောင်တွင်းကြီး-မြို့သစ်-နတ်မောက်လမ်းပိုင်းအတွင်းတွင် တည်ရှိပါကြောင်း၊ အဆိုပါရေကျော်အား ၁၉၉၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၃၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ ပုလင်း ချောင်းရေကျော်သည် ကျောက်ကြီးစီကွန်ကရစ်ရေကျော်ဖြစ်ပြီး ယခင်ကအရှည် ၉၀ ပေရှိပါကြောင်း၊ ချောင်းရေစီးဆင်းမှု ပိုမိုများပြားသောကြောင့် လိုအပ်ချက်အရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့တည်ဆောက်ခဲ့သဖြင့် လက်ရှိအခြေအနေတွင် အရှည် ၂၄၀ ပေ ခန့်ရှိပြီးဖြစ်ပါကြောင်း၊ မိုးတွင်း ကာလတွင် ချောင်းရေကျပါက ယာဉ်များ သွားလာရန် ခက်ခဲ၍ ချောင်းရေလျော့နည်းသည့်အချိန်ထိ ဖြတ်သန်းသွားလာမှုကို စောင့်ဆိုင်းရခြင်းဖြစ်ပါကြောင်း၊ မိုးရာသီတွင် မကြာခဏ ချောင်းရေများ ရေစီးသန်စွာ ဖြတ်သန်းစီးဆင်းခြင်းကြောင့် လည်းကောင်း၊ ချောင်းရေစီးဆင်းချိန်တွင် ချောင်းအကျယ် ပိုမိုကျယ်ပြန့်လာသဖြင့် လက်ရှိရေကျော်၏ ကြမ်းခင်းမှ ပျမ်းမျှအနည်းဆုံး ၆ ပေအထက် ရေကျော် နေသည်ကို မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါရေကျော်ကို သံကူကွန်ကရစ်တံတား အသစ်အဖြစ် အဆင့်မြှင့်တင်တည်ဆောက်နိုင်ရန်အတွက် တံတားဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်တွင် ပဏာမကြိုတင်ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှု(Pre Feasibility Study) လုပ်ငန်း ဖြစ်သည့် မြေစမ်းသပ်ခြင်းလုပ်ငန်းနှင့် တံတားအူကြောင်းတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း။

အဆိုပါရေကျော်နေရာအားသံကူ ကွန်ကရစ်တံတားအသစ် အလျား ၂၄၀ ပေတည်ဆောက်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ နှစ်အလိုက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သောအချက်အလက်များနှင့်ပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ပါသည်။