သီပေါမြို့နယ်၊ လောင်ခွန်-မူးလေး-တိမ်းခမ်း-ဖိုက်ကန်လမ်းပိုင်းအားကွန်ကရစ်လမ်း အဖြစ်ဆောင် ရွက် ပေးရန် အစီအစဉ်ရှိ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ယနေ့ကျင်းပ ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် မိမိတို့သီပေါဒေသခံ တောင်ပေါ်၊ မြေပြန့် ကျေးရွာသူ ကျေးရွာသားများ၏ လူမှုစီးပွားဆောက်တည်ရာတွင် သွေးကြောပမာ အရေးပါ သည့် ကျေးရွာချင်းဆက်လမ်းပန်းဆက်သွယ် ရေးကဏ္ဍကို အဆင့်မြှင့်တင်ပေး နိုင်ရေးကိစ္စရပ်ကို ပြည်ထောင်စုဝန်ကြီးအနေဖြင့် အလေးအနက် စဉ်းစား အကောင်အထည်ဖော်ပေး နိုင်ရန် မေးမြန်းမည်ဖြစ်ပါကြောင်း။
မြန်မာ့ရိုးရာဆိုရိုးအမိန့်တစ်ခုတွင် မြေကောင်းမှ ရွှေသီးကြောင်း၊ လမ်းပွင့်မှ လင်းကြောင်း၊ မိမိတို့ ရှမ်းကုန်းမြေမြင့်ပေါ်မှ သီပေါဒေသသည် သီးနှံထွက်ကုန်များနှင့်ဝေဆာပြီး မြေကောင်း၍ ရွှေသီးနေသည့်မြေဖြစ်ပါကြောင်း၊ သို့သော် လက်ရှိသီပေါမြို့နယ်အတွင်းက ယခုမေးမြန်းမည့် ကျေးရွာချင်းဆက်လမ်းပိုင်းသည် ယနေ့ထက်တိုင် မြေသားလမ်းအဆင့်တွင်သာ ရပ်တန့်နေဆဲ ဖြစ်ကြောင်း၊ ကတ္တရာစေးတစ်ပေါက် ကျောက်ခဲတစ်ခဲ၏အရိပ်အယောင်မျှ မတွေ့ရသေးဘဲ အဆိုပါ လမ်းပိုင်းသည် ရာသီဥတု၏ ညှဉ်းဆဲမှုကိုလည်း အလူးအလဲခံနေရပါကြောင်း၊ မိုးရာသီတွင်လည်း တောင်ကျရေများနှင့်အတူ လျှောဆင်းပြီး ဗွက်နွံအိုင်ကြီးဖြစ်ပြီး ပူပြင်းသည့်ရာသီရောက်လျှင်လည်း မြင်ကွင်းကွယ်ပျောက်စေလောက်သည့် ဖုန်မှုန့်တောကြီးဖြစ်နေပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အားနည်းမှုကြောင့် ဖွံ့ဖြိုးနောက်ကျမှုများ ဖြစ်နေပါကြောင်း။
အဆိုပါလမ်းပိုင်း၏ ပျက်စီးယိုယွင်းမှုသည် ဒေသခံတောင်သူဦးကြီးများ၏ နေ့စဉ်စားဝတ် နေရေးနှင့် ရိုက်ခတ်နေပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် မိမိတို့ဒေသတွင် လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုကြောင့် ဈေးကွက်ထဲကို အချိန်မီမပို့ဆောင်နိုင်၍ တောင်သူများ အရှုံးပေါ်ခဲ့ရ ကြောင်း၊ ထို့ကြောင့် တောင်သူများ၏ အိတ်ကပ်ထဲမှ ငွေကြေးများ၊ လုပ်အားများ လမ်းပေါ်တွင် လွင့်စင်ဆုံးရှုံးနေရပါကြောင်း၊ ကုန်သည်ပွဲစားများမှ လမ်းပန်းဆက်သွယ်ရေးမကောင်းသည်ကို အကြောင်းပြ၍ နှိမ်ဈေးပေးကြသည့်အတွက် တောင်သူများသည် ကုန်းရုန်းလုပ်ပြီး သုညမှ ပြန်စ နေရပြီး သံသရာလည်နေရပါကြောင်း၊ အဆိုပါလမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် ကောင်းသွား လျှင် ကျေးလက်နှင့်မြို့ပြ ကုန်စည်စီးဆင်းမှုသည် အရှိန်အဟုန်မြန်လာပြီး ဒေသတွင်းကုန်သွယ်မှု တိုက်ရိုက်အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ သယ်ယူစရိတ်များ၊ ကုန်ကျမှုများ သက်သာလာ ပြီး တောင်သူလယ်သမားများ၏ ဝင်ငွေလည်းတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာ ရေးနှင့် အခွင့်အလမ်းများ၊ မြို့ပြနှင့် အလှမ်းမဝေးဘဲနှင့် လူမှုစီးပွားသည် တစ်ဟုန်ထိုး ပြောင်းလဲ သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါလမ်းပိုင်းသည် ရွာချင်းဆက်လမ်းမဟုတ်ဘဲ သီပေါ မြို့နယ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် ပြည်ထောင်စု၏ ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကွယ်မှ အားပေးမည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လောင်ခွန်- မူးလေး-တိမ်းခမ်း-ဖိုက်ကန် လမ်းပိုင်းအား ဒေသခံဖွံ့ဖြိုး ရေးအတွက် ကွန်ကရစ်လမ်းပိုင်းအဖြစ် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က
ဖိုင်ကန်-တဲစန်း-လောင်ခွန်-ကွန်ကျောင်း-တိမ်းခမ်းလမ်းသည် ၆ မိုင်၊ ၆ ဖာလုံရှိပြီး ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းတစ်လမ်းဖြစ်ကြောင်း၊ အဆိုပါလမ်းသည် ဒေသခံပြည်သူများ မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းမှတစ်ဆင့် အရှေ့ဘက်သို့ သီပေါမြို့နှင့် အနောက်ဘက်ရှိ ကျောက်မဲမြို့ကို ဆက်သွယ်သွားလာနိုင်သည့် လမ်းတစ်လမ်းဖြစ်ကြောင်း၊ လက်ရှိ လမ်းအခြေအနေ သည် ၆ မိုင်၊ ၆ ဖာလုံရှိသည့် မြေသားလမ်းအဆင့်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လမ်းဧရိယာစုစုပေါင်း ၄,၃၅၅ မိုင်ကျော်ရှိပြီး အမာခံလမ်းအဖြစ် ၄၁၅ မိုင်၊ ၁ ဖာလုံနှင့် မြေသားလမ်း ၁,၄၃၆ မိုင်၊ ၅ ဖာလုံထိ ကျန်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ Unpaved သည် ရှမ်းပြည်နယ်တွင် ၄၉ ရာခိုင်နှုန်း အထိ ရှိနေပါကြောင်း။
မေးခွန်းလမ်းပိုင်းအား ပထမအဆင့် ရာသီမရွေး သွားလာနိုင်ရန် မြေသားလမ်းအပိုင်းအား ကျောက်ခင်းလမ်းအဖြစ် ၁ မိုင်ဆောင်ရွက်ပေးနိုင်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ရန်ပုံငွေတွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ကျန်ရှိ သည့် မြေသားလမ်းများအား ကျောက်ခင်းလမ်းအဖြစ် အဆင့်ဆင့်ဆောင်ရွက်ပေးပြီး ကျောက်ခင်း လမ်းဆောင်ရွက်ပြီးမှသာ ၁၂ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပေးနိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် နှစ်အလိုက်လျာထားနိုင်ရေးဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးကောင်းသက်စံ(သီပေါမဲဆန္ဒနယ်) က
အဆိုပါလမ်းပိုင်းသည် ၆ မိုင်၊ ၆ ဖာလုံရှည်ပါကြောင်း၊ အစိုးရအဆက်ဆက် မိမိတို့ တောင်းခဲ့ပါကြောင်း၊ အဆိုပါလမ်းပိုင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနတစ်ခုတည်း တာဝန် ယူရသည့် လမ်းပိုင်းမဟုတ်ပါကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ကျေးလက်လမ်းပိုင်းဝန်ကြီးဌာန ၃ ခုပေါင်းစပ်ပြီးဖြေကြားပေးမည်ဟုမျှော်လင့်ခဲ့ကြောင်း၊ ဝန်ကြီးလည်း ၁ မိုင်လုပ်ပေးမည်ဆိုသည့်အတွက် ဝမ်းသာပါကြောင်း၊ အဆိုပါလမ်းပိုင်းသည် အားလုံးမြေသားလမ်းကြီး မဟုတ်ဘဲ ခင်းလက်စ အနေအထားများရှိပါကြောင်း၊ အချို့နေရာ များတွင် ကွန်ကရစ်ခင်းပေးထားပါကြောင်း၊ သို့သော် မည်သည့်ဝန်ကြီးဌာနမှ လုပ်ထားသလဲဆို သည်ကို မိမိအနေဖြင့် သေချာမသိပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သီပေါမြို့ စစ်ပွဲကြီး မဖြစ်ခင် အဆိုပါလမ်းပိုင်းသည် ခင်းလက်စဖြစ်နေပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကျန်ဆက်စပ်သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းပိုင်းနှင့် ဝန်ကြီးဌာများပေါင်းစပ်၍ အဆိုပါ လမ်းပိုင်း အား အမြန်ဆုံးအကောင်ဖော်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က
အဆိုပါလမ်းပိုင်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ လမ်းပိုင်းမှတ်တမ်းတွင် နဂိုမြေလမ်းဆိုသည့် မှတ်တမ်းသာ ဝင်ပါကြောင်း၊ မိမိတို့က ပြည်နယ်မှ တစ်ဆင့် ကောက်ထားသည်မှာ မြေလမ်းဖြစ်ကြောင်း၊ ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသည်မှာ ယခင်က ကိုယ်ထူကိုယ်ထပြု၍ ကျေးလက်မှတစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လက်ရှိတွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနလမ်းနှင့် ပြည်ထောင်စုမှ စီမံခန့်ခွဲသည့် လမ်းမဟုတ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီမံခန့်ခွဲသည့်လမ်း ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း အဆင့်အလိုက် ဆောင်ရွက်ပေးမည်ဟု တင်ပြပြီးဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းအား နောက်ဆုံး သတ်မှတ်သည်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းကြောင်းဖြစ်သည့်အတွက် ရှမ်းပြည်နယ်အစိုးရမှ အားလုံး တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။