ဦးကိုကိုဦး(ချမ်းမြသာစည်မဲဆန္ဒနယ်)
ချမ်းမြသာစည်မြို့နယ်၊၁၀၉ လမ်း၊၅၅x၅၆ကြားရှိ ပန်းရံတော်ချောင်းကူး ကွန်ကရစ်တံတားတည်ဆောက်ပေးနိုင်ရန် ရှိမရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ချမ်းမြသာစည်မြို့နယ်၊ ၁၀၉ လမ်း၊ ပန်းရံတော်ချောင်းကူးတံတားကို ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က ပြည်ခိုင်ဖြိုးပါတီတွင် ကျပ် ၅၀၀,၀၀၀ မတည်ပြီး ရပ်ကွက်နေပြည်သူများ ထည့်ဝင်ငွေဖြင့် ကိုယ့်အားကိုယ်ကိုးတံတားတစ်စင်းတည်ဆောက်ခဲ့ပါကြောင်း၊ သို့သော် မန္တလေး မြို့တော် စည်ပင်သာယာမှ ပန်းရံတော် ချောင်းကူးတံတားဆယ်ယူရာတွင် စက်ယန္တရားကြီးများ မလွတ်ခဲ့သဖြင့် ဖြတ်ခဲ့ရာ ယနေ့အချိန်ထိ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ အရှေ့ ပိုင်း ထွန်တုံးရပ်ကွက်၊ အောင်သာယာရပ်ကွက်၊ ပြင်ဦးလွင်ဌာနနှင့် အနောက်ဘက်ပိုင်း မြို့သစ် အမှတ်-၃၊ ကန်သာယာရပ်ကွက်နှင့်ပြည်သူများ ၁၀၈ လမ်း၊ ၁၀၉ လမ်း တံတားမရှိသဖြင့် လမ်း ၁၁၀ တံတားမှ ဖြတ်သွားရသဖြင့် ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ချမ်းမြ သာစည်မြို့နယ်သည် လူဦးရေထူထပ်သဖြင့် ၁၀၉ လမ်း၊ ၅၅ x ၅၆ ကြားရှိ ၁၀၉ လမ်း၊ ပန်းရံတော်ချောင်းကူးတံတား တည်ဆောက်ပေးနိုင်လျှင် ရပ်ကွက်နေပြည်သူများ သွားလာရေး အဆင်ပြေပြီး ယာဉ်ကြောပိတ်ဆို့မှုများ နည်းသွားမည် ဖြစ်သည့်အတွက် ကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိနှင့် အစီအစဉ် ရှိပါက မည်သည့် ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါတံတားသည် မန္တလေးတိုင်းဒေသကြီး၏ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းနေရာ ဖြစ်ပါကြောင်း၊ အဆိုပါချမ်းမြသာစည်မြို့နယ်ပန်းရံတော်ချောင်းကူးအရှည် ၂.၅၂ မိုင်ရှိပြီး မန္တလေးမြို့ ရေစီးရေလာ ကောင်းမွန်ရေးအတွက်အရေးပါသော ချောင်းတစ်ချောင်းဖြစ်ပါ ကြောင်း၊ လက်ရှိအနေအထားအရ ၁၁၀ လမ်းနှင့် ၁၀၆ လမ်းပေါ်တွင် အရှေ့အနောက် သွားလာနိုင်သည့် တံတား နှစ်စင်း၊ ၅၄ လမ်းနှင့် ၅၅ လမ်း တောင်မြောက်သွားလာနိုင်သည့် တံတားနှစ်စင်းရှိပါကြောင်း၊ အရှေ့အနောက်သွားလာနိုင်သည့် ၁၀၈ လမ်းနှင့် ၁၀၉ လမ်းကြား တွင် တံတားတည်ဆောက်ခြင်းမရှိဘဲ၁၁၀ လမ်းနှင့် ၁၀၆လမ်းကြားကိုသာ အသုံးပြုသွားလာ လျက်ရှိပါကြောင်း။
အဆိုပါ လမ်းကို ပေ ၆၀ အရှည်၊ ပေ ၃၀ အကျယ် တံတားတစ်စင်းအဖြစ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါတံတား ဆောင်ရွက်ပြီးပါက အရှေ့ပိုင်းထွန်တုံးရပ်ကွက်၊အောင်သာယာရပ်ကွက်နှင့်အနောက်ပိုင်း ကန်သာယာရပ်ကွက်နေပြည်သူများ ယာဉ်ကြောကြပ်တည်းမှုအား ဖြေလျော့ပြီးအဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။