နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့် မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း(MMIA) အဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ (၁၅-၇-၂၀၂၆) မေးခွန်းများဖြေကြားချက်နှင့် အဆိုဆွေးနွေးချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည် မြှင့်တင်ရေးဆိုင်ရာသင်တန်းသို့ တက်ရောက်အမှာစကားပြောကြား
MY EN

(င)- ဦးရဲထွဋ်အောင်(မင်းလှမဲဆန္ဒနယ်)-မေးခွန်း

2026-07-15
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးရဲထွဋ်အောင်(မင်းလှမဲဆန္ဒနယ်)

မင်းလှမြို့နယ်၊ အမှတ်၇ ရပ်ကွက်ရှိလမ်းသွယ် ၆လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခြင်းကိုမည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် 

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၄ ခု စုစုပေါင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၆ ခုရှိရာတွင် တင်ပြပါ အမှတ်၇၊ ပြည်တော်သာရပ်ကွက်သည် တစ်ခုအပါအဝင်ဖြစ်ပြီး ဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းများ အများစုနေထိုင်သော ရပ်ကွက်တစ်ခုဖြစ်ပါကြောင်း၊ မင်းလှမြို့နယ်၊ အမှတ် ၇၊ ပြည်တော်သာရပ်ကွက်ရှိ ပြည်တော်သာ ၁ လမ်း မှ ၆ လမ်းအထိ လမ်းသွယ်တစ်ခုလျှင် အရှည် ၅၆၀ ပေ၊ အကျယ် ၁၄ ပေရှိသော လမ်းသွယ် ၆ ခု သည် မြို့ပေါ်စည်ပင်သာယာရေး ဧရိယာအတွင်း တည်ရှိနေသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ တာဝန်ယူကိုင်တွယ်နေရသော တိုက်ခန်းများနှင့် လမ်းသွယ်များဖြစ်ပါကြောင်း၊ အဆိုပါပြည်တော်သာအိမ်ရာအား ဖဆပလအစိုးရလက်ထက် ၁၉၅၈ ခုနှစ်တွင် ပြည်တော် သာစီမံကိန်းအရ တည်ဆောက်ပေးခဲ့သော တိုက်ခန်းများဖြစ်ပြီး သမိုင်းဝင် အဆောက်အအုံ များလည်းဖြစ်ပါကြောင်း၊ မင်းလှမြို့နယ်တွင် ပြည်တော်သာစီမံကိန်းအဖြစ် တိုက်အလုံးရေ ၁၀၀ အား လမ်းသွယ် ၆ လမ်းအဖြစ် စနစ်တကျတည်ဆောက်ထားရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ လက်ရှိအချိန်ထိ ပြည်တော်သာတိုက်ခန်းများ၌ အိမ်ထောင်စု ၁၀၀၊ လူဦးရေ ၃၉၇ ဦး နေထိုင်လျက်ရှိပါကြောင်း၊ တိုက်ခန်းများသည် နှစ်ကာလကြာမြင့်လာပြီဖြစ်၍ သားစဉ် မြေးဆက်နေထိုင်ကြသူများမှ ကိုယ်တိုင်စိုက်ထုတ်ပြုပြင် နေထိုင်ကြရပါကြောင်း၊ ထို့အပြင် လမ်းသွယ် ၆ လမ်းသည် မြို့ပေါ်တွင် တည်ရှိနေသော်လည်း မြို့အင်္ဂါရပ်နှင့် ညီညွတ်ခြင်း မရှိသည့် ဂဝံလမ်းအဆင့်သာ ရှိနေသေးသဖြင့် နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှု များ ဖြစ်ပေါ်ခြင်း၊ ရေဝပ်ပြီး သွားလာရန် ခက်ခဲသည်အထိ ပျက်စီးနေပါကြောင်း၊ လမ်းသွယ် အသီးသီးတွင် နေထိုင်ကြသူများ စုပေါင်း၍ ဂဝံထပ်ပိုးလွှာခင်းခြင်းကို ဆောင်ရွက်လာခဲ့ရာ နှစ်ကာလကြာမြင့်စွာ အကြိမ်ကြိမ်ဆောင်ရွက်နေရခြင်း လက်ရှိအချိန်တွင်ဈေးနှုန်းများ အဆမတန် ကြီးမြင့်နေခြင်းတို့ကြောင့် လမ်းအဆင့်မြှင့်တင်ရန် ဆန္ဒပြင်းပြစွာရှိကြသော် လည်း စိုက်ထုတ်ဆောင်ရွက်နိုင်သည့်အင်အား မရှိကြပါကြောင်း၊ ရပ်မိရပ်ဖများနှင့် ၎င်းလမ်း တွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ တင်ပြ တောင်းခံသော်လည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စီမံကွပ်ကဲရသော လမ်းမဟုတ်သည့် အတွက် စည်ပင်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေး၍ မရဖြစ်နေပါကြောင်း။

သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ် ၇ ပြည်တော်သာရပ်ကွက်ရှိ လမ်းသွယ်တစ်ခုလျှင် အရှည် ၅၆၀ ပေ၊ အကျယ် ၁၄ ပေရှိသော ပြည်တော်သာ ၁ လမ်းမှ ပြည်တော်သာ ၆ လမ်းအထိ လမ်းသွယ် ၆ ခုအား စုစုပေါင်း လမ်း အရှည် ၃၃၆၀ ပေ၊ အကျယ် ၁၄ ပေအား မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရေးအတွက် ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်သည် ယခင် ဝင်ငွေနည်းပါး သည့် ပြည်သူများနှင့် နိုင်ငံဝန်ထမ်းများ အခြေချနေထိုင်ရန် ရည်ရွယ်ပြီး ယခင်ကာလ နိုင်ငံတော် ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်သာယာရေးအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ လက်ရှိတွင် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲနေသည့်နေရာဖြစ်ပါကြောင်း၊ မင်းလှပြည်တော်သာ အိမ်ရာ သည် ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်သာယာရေးအဖွဲ့အမည်နှင့် မှတ်သားထားသည့် အစိုးရမြေ ၁၅.၉၀၇ ဧကကျော်ပေါ်တွင် အလျား ၂၀ ပေ၊ အနံ ၂၅ ပေ၊ အကျယ်အဝန်း ၅၀၀ စတုရန်းပေရှိသည့် အုတ်ညှပ်တစ်ထပ်(လုံးချင်း)အဆောက်အဦ အလုံး ၁၀၀ ကို ၁၉၅၄ ခုနှစ်မှ တည်ဆောက်ပြီး ၁၉၅၆ ခုနှစ်မှ စတင် ငှားရမ်းနေထိုင်ခွင့်ပြုသည့်  အဆောက်အဦများဖြစ်ပါကြောင်း။

 အဆိုပါ ပြည်တော်သာ အိမ်ရာအတွင်း ပြည်တော်သာလမ်းသွယ် ၁ မှ ၆ အထိ လမ်းသွယ် ၆ လမ်းရှိပြီး လမ်းသွယ် ၁ သည် အရှည် ၅၈၃ ပေ၊ လမ်းသွယ် ၂ သည် အရှည် ၅၆၇ ပေ၊ လမ်းသွယ် ၃ သည် ၅၅၄ ပေ၊ လမ်းသွယ် ၄ သည် အရှည် ၅၃၃ ပေ၊ လမ်းသွယ် ၅ သည် အရှည် ၅၂၀ပေ၊ လမ်းသွယ် ၆ သည် အရှည် ၅၀၆ ပေရှိသည့်အတွက် စုစုပေါင်း လမ်းအရှည် ၃,၂၆၃ ပေရှိသော ဂဝံလမ်း အခံလမ်းအမျိုးအစားဖြစ်ပါကြောင်း၊ အဆိုပါလမ်း သွယ်များအနက် လမ်းသွယ် ၁ နှင့် ၂ စုစုပေါင်းလမ်းအရှည် ၁,၁၅၀ ပေကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၁၂ ပေအကျယ် ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းအား ကနဦး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန် လမ်းသွယ် ၃ နှင့် ၄ ကို ၂၀၂၈-၂ဝ၂၉ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ လမ်းသွယ် ၅နှင့်  ၆ကို ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့် တင်ခြင်းများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသည့် အချက်အလက်များနှင့် ပေါင်းစပ်ဖြေကြားခဲ့ပါသည်။