နောက်ဆုံးရသတင်းများ
MY EN

(က)-ဦးနေလင်းအောင်(မြောက်ဥက္ကလာပမဲဆန္ဒနယ်)-မေးခွန်း

2026-07-10
တတိယအကြိမ်
ပြည်ထောင်စုလွှတ်တော်တရားသူကြီးချုပ်
Q&A Image
မေးခွန်း
မေးခွန်း

ဦးနေလင်းအောင်(မြောက်ဥက္ကလာပမဲဆန္ဒနယ်)

တရားသူကြီးများ၏ ကျင့်ဝတ်ဖောက်ဖျက်မှုနှင့် အဂတိလိုက်စားမှုများကို တိုင်ကြားနိုင်သည့် လွတ်လပ်သော တိုင်ကြားစာယန္တရားအား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိနှင့် တရားရုံးအဆင့်ဆင့်၏ အဂတိကင်းစင်မှုနှင့် အရည်အသွေးကို တိုင်းတာသည့်ညွှန်းကိန်းများ သတ်မှတ်ထားခြင်း ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ဆိုပြီး မဏ္ဍိုင်ကြီးလေးခုရှိပါကြောင်း၊ တရားစီရင်ရေးကဏ္ဍ တွင် ရာဇဝတ်မှုများနှင့် ပြည်သူများ၏ အငြင်းပွားမှု၊ နစ်နာမှုများ ရှိလာပါက တရားရုံးများသည် ကုစားရာနေရာ၊ အားကိုးရာနေရာအဖြစ် အားထားနေကြရပါကြောင်း၊အကယ်၍ တရားစီရင်ရေးကဏ္ဍတွင် ဆန္ဒာဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိဆိုသည့် အဂတိများ ရှိနေခဲ့မည်ဆိုပါက ပြည်သူတို့၏အားကိုးယုံကြည်မှုများ လျော့နည်းလာပြီး ဥပဒေပြင်ပတွင် ဖြေရှင်း ကြရင်းဖြင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်ရေးစသည်တို့ အားနည်းလာကြပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ဖြစ်သည်ကိုလည်း သိရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၄ ၌ လာဘ်ပေး လာဘ်ယူမှုနှင့်စပ်လျဉ်းပြီး နစ်နာသူကသတင်းပေးခြင်းနှင့် တိုင်ကြားခြင်းတို့အား လုပ်ငန်း ကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစစ်ဆေးရေးအဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ သက်ဆိုင်ရာ အစိုးရ ဌာနစသည်တို့ကို သတင်းပေးတိုင်ကြားနိုင်သည်လို့ ပါရှိပါကြောင်း၊ တရားလွှတ်တော်ချုပ်မှ စည်းမျဉ်းစည်းကမ်းဥပဒေများနှင့်အညီ အဆင့်ဆင့်ကြီးကြပ်ကွတ်ကဲလျက်ရှိသည်ကိုလည်း သိရှိ ပါကြောင်း။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ပြည်သူများသည် အကောင်းဆုံး သတင်းပေးသူများ ဖြစ်ကြပါကြောင်း၊ ထို့ကြောင့် ရှုပ်ထွေးသည့် လုပ်ထုံးလုပ်နည်း များအစား ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချရသည့် တိုင်ကြားသည့်စနစ်မျိုးဖြင့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို လျှော့ချပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တရားရုံးတိုင်းတွင် အထူးတိုင်ကြားစာပုံးများ  (Complain Box) များထားရှိပြီး အဆင့်ဆင့်ကို စစ်ဆေးဆောင်ရွက်စေခြင်း သို့မဟုတ် Hot Line၊ Digital Platform များမှ တိုင်ကြားစာများအား လျှို့ဝှက်ထားရှိမှုနှင့် လိုအပ်ပါက အမည်မဖော်ဘဲ ခိုင်လုံသော အထောက်အထားများဖြင့် တိုင်ကြားနိုင်သည့်စနစ်မျိုးလိုအပ်ပါကြောင်း၊ တိုင်ကြားသူများကိုလည်း ဥပဒေအရ အပြည့်အဝကာကွယ်ပေးရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် လွတ်လပ်သည့် တိုင်ကြားစာ ယန္တရားများ ပြည်သူများယုံကြည်ကိုးစားလာအောင် လုပ်ဆောင်ပေးရန် လိုအပ်ပါ ကြောင်း၊ အဆင့်ဆင့် ဆောင်ရွက်ပြီးစီးမှုများကိုလည်း အများပြည်သူသိရှိအောင် အသိပေး ကြေညာပေးရန်လည်း လိုအပ်ပါကြောင်း၊ ထို့အပြင် တရားရုံးအဆင့်ဆင့်၏ အဂတိကင်းစင်မှု အရည် အသွေးများကို တိုင်းတာနိုင်ရန်အတွက် ၎င်းတို့ကို တိုင်းတာသည့်အညွှန်းကိန်းများကို သတ်မှတ် ထားပြီး ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ စဉ်ဆက်မပြတ်အကဲဖြတ်ရန်လိုအပ်ပါကြောင်း၊ မိမိအနေဖြင့် ယခုလိုဆွေးနွေးခြင်းသည် တရားစီရင်ရေးမဏ္ဍိုင်ကို ထိခိုက်စေရန် မဟုတ်ဘဲ ပြည်သူ များ ယုံကြည်အားကိုးရသည့် တရားမျှတမှုစနစ်တစ်ခုအတွက် ဆွေးနွေးနေခြင်းဖြစ်ပါကြောင်း၊ တရားသူကြီးများ၏ ကျင့်ဝတ်ဖောက်ဖျက်မှု၊ အဂတိလိုက်စားမှုများကို တိုင်ကြားနိုင်သည့် လွတ်လပ်သည့်တိုင်ကြားစာယန္တရားအား ပြည်သူများယုံကြည်အားကိုးနိုင်အောင် ဆောင်ရွက်ပေး နိုင်ခြင်း ရှိ /မရှိနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ တရားရုံးအဆင့်ဆင့်၏ အဂတိကင်းစင်မှု နှင့် အရည်အသွေးကိုတိုင်းတာသည့် ညွှန်းကိန်းများနှင့် သတ်မှတ်ထားခြင်း ရှိ/ မရှိ တို့ကို သိလိုပါ ကြောင်းဖြင့်မေးမြန်းပါသည်။

အဖြေ
အဖြေ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးသိန်းကိုကို က

           မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးခါစ ကာလ၌ အဂတိလိုက်စားခြင်းများကို တားမြစ်ရန် အတွက် ၁၉၄၈ ခုနှစ်တွင် အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်ခဲ့ ပါကြောင်း၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတည်ပြု ပြဋ္ဌာန်းပြီးနောက် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေအဖြစ် ဆောင်ရွက်ရန်၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းစေရန်၊ တရား ဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်း/ ပြည်ပရင်းနှီး မြှုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် စသည့် ပိုမိုကောင်းမွန်သော ရည်ရွယ်ချက်များ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအသစ်ကို ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၂၃ ဖြင့် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂ တွင် ဤ ဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ပြည်တွင်းတွင် မည်သူမဆို ကျူးလွန်လျှင်ဖြစ်စေ၊ ပြည်ပတွင် မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံတွင် အမြဲတမ်း အခြေစိုက်နေထိုင်သူက ကျူးလွန် လျှင်ဖြစ်စေ ဤဥပဒေနှင့်သက်ဆိုင်စေရမည်ဟု ပြဋ္ဌာန်းထားသဖြင့် ၎င်းဥပဒေပါ ပြစ်မှုတစ်ရပ်ရပ် ကို ကျူးလွန်သူမည်သူ့ကိုမဆို ကင်းလွတ်ခွင့်ပေးထားခြင်း မရှိပါကြောင်းဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါကြောင်း။

           ထိုသို့ ပြဋ္ဌာန်းပြီးနောက် အစိုးရအဆက်ဆက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် များကို ဖွဲ့စည်းပြီး အဂတိလိုက်စားမှုပပျောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ကော်မရှင်၏ လုပ်ငန်းစဉ်များနှင့်အညီ အဂတိလိုက်စားမှု ကျူးလွန်သည်ဟု ယူဆရသူများ၊ နိုင်ငံ့ဝန်ထမ်းများ သို့မဟုတ် အဖွဲ့အစည်းများအပေါ် မည်သူမဆို တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် တိုင်ကြားမှုများပြုလုပ်နိုင်ရန် လွတ်လပ်သည့် တိုင်ကြားမှုယန္တရား (Independent Complaint Mechanism) ကို တည်ထောင်ထားရှိပြီးဖြစ်သည့်အပြင် တိုင်ကြားစာနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကိုလည်း အများပြည်သူသိရှိစေရန် ပြည့်ပြည့်စုံစုံ ထုတ်ပြန်ပေးထားပါကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တည်ထောင်ထားရှိသည့် တိုင်ကြားမှုယန္တရားသည် ဌာနအားလုံးကို လွှမ်းခြုံနိုင်သည့် ယုံကြည်စိတ်ချရသော ယန္တရားတစ်ခုဖြစ်သည်ကို တွေ့ရှိရပါကြောင်း။ 

           ထို့အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အခြားသောပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနည်းတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ( Corruption Prevention Unit) ကို ဖွဲ့စည်းထားရှိပြီး လုပ်ပိုင်ခွင့်နှင့်တာဝန်များကို အပ်နှင်း၍ အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီးခြင်း၊ အသိပညာပေးခြင်း၊ တိုင်ကြားမှုများအပေါ် သင့် လျော်သလို စစ်ဆေးအရေးယူနိုင်ရန် တင်ပြခြင်းများကို တည်မြဲလုပ်ထုံးလုပ်နည်းများ (Standard Operating Procedure – SOP) ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် နိုင်ငံတော် သမ္မတရုံးတွင်လည်း သုတေသန၊ သတင်းပြန်ကြားရေးနှင့် တိုင်ကြားစာများဌာနကြီးကို ဖွဲ့စည်းထားပြီး ပြည်သူလူထုမှ တင်ပြလာသော နစ်နာမှုများ၊ ဌာနဆိုင်ရာများအပေါ် တိုင်ကြားစာများကို လက်ခံ ရယူ၍ သက်ဆိုင်ရာဌာနများသို့ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန် ညွှန်ကြား ခြင်း၊ တိုင်ကြားသူ ပြည်သူများထံသို့ စစ်ဆေးဆောင်ရွက်နေစဉ် အခြေအနေများကို ပြန်လည် အကြောင်းကြားပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။

မြို့နယ်တရားရုံးများနှင့် ခရိုင်တရားရုံးများတွင် တာဝန်ထမ်းဆောင်နေကြသည့် တရား သူကြီးများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသည့်အားလျော်စွာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ နှင့် ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာကြရသည့်အပြင် တစ်ဖက်တွင်လည်း တရားစီရင်ရေး ကျင့်ဝတ်များကို လိုက်နာရန် တာဝန်ရှိပါကြောင်း၊ တရားသူကြီးများအတွက် တရားစီရင်ရေး ကျင့်ဝတ်ကိုလည်း ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူရန် မသင့်၍ လွှဲပြောင်းပေးသည့် တိုင်စာများ၊  နိုင်ငံတော်သမ္မတရုံးမှ လွှဲပြောင်းပေးပို့သည့် တိုင်စာများ၊ မိမိတို့ဌာနသို့ တိုက်ရိုက်တိုင်ကြားသည့် တိုင်စာများအပေါ်တွင် စနစ်တကျ စိစစ်၍ ကျင့်ဝတ်ဖောက်ဖျက်မှု၊ ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်မှုများရှိကြောင်း အခြေအမြစ်ရှိပါက ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ ကျူးလွန်သော ပြစ်မှုအတိုင်းအတာနှင့် လျော်ညီသည့် ဌာနဆိုင်ရာ ပြစ်ဒဏ်ပေးခြင်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားရေးအရာရှိများနှင့်ဝန်ထမ်းများအပေါ် ပြစ်ဒဏ်ချမှတ် ခဲ့သည့် အချက်အလက်များကိုလည်း တရားရုံးနှစ်စဉ်အစီရင်ခံစာများတွင် ပွင့်လင်းမြင်သာစွာ ထည့်သွင်းဖော်ပြလျက်ရှိပါကြောင်း။

ထို့အပြင် အဂတိလိုက်စားမှုဖြစ်နိုင်ခြေများကို ဆန်းစစ်ခြင်း (Corruption Risk Assessment - CRA) ပြုလုပ်၍ တရားရုံးအဆင့်ဆင့်ရှိ ပြည်သူနှင့်ထိတွေ့ဆက်ဆံရသည့် နေရာဌာနများဖြစ်ကြ သည့် အမှုလက်ခံကောင်တာ၊ မိတ္တူကူးကောင်တာ၊ ဘိလစ်ကောင်တာ စသည်တို့ကိုလည်း ပွင့်လင်း မြင်သာမှုရှိစေရန် အများပြည်သူလက်လှမ်းမီသည့် နေရာများတွင်ထားရှိခြင်း၊ တရားရုံးလုပ်ထုံး လုပ်နည်းများကို အလွယ်တကူနားလည်စေရန် လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော် အာလုံးတွင် Website များ တည်ထောင်၍ ကြိုတင်အမှုခေါ်စာရင်းများ၊ ရုံးခန်းတွင်း ဆောင်ရွက်မှုများ နှင့် စီရင်ချက်ချမှတ်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်အောင် စီစဉ်ဆောင်ရွက်ပေးသည့် နည်းလမ်းများဖြင့် အဂတိလိုက်စားမှုဖြစ်ပွားစေနိုင်သည့် အန္တရာယ်မှလျှော့ချစေသည့် အစီအစဉ် များကို တရားစီရင်ရေးမဟာဗျူဟာစီမံကိန်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။ 

တရားရုံးအဆင့်ဆင့်၏ အဂတိကင်းစင်မှုနှင့် အရည်အသွေးကို တိုင်းတာသည့် ညွှန်းကိန်းများ (Key Performance Indicators- KPIs) သတ်မှတ်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် လုပ်ငန်း တစ်ရပ် အဖြစ်မှတ်သားထားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အကြံဉာဏ်များ ရယူ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တရားသူကြီးများ၏ ကျင့်ဝတ်ဖောက်ဖျက်မှုများနှင့် အဂတိလိုက်စားမှုများကို တိုင်ကြားနိုင်သည့် လွတ်လပ်သော တိုင်ကြားစာယန္တရား (Independent Complaint Mechanism) အား ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်းဖြေကြားခဲ့ပါသသည်။

မေးခွန်း
မေးခွန်း

ဦးနေလင်းအောင် (မြောက်ဥက္ကလာပမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။ 

မိမိအနေဖြင့် မေးမြန်းသွားသည့်အထဲတွင်ပါသည့် ပြည်သူများ အလွယ်တကူတိုင်ကြား နိုင်သည့် တိုင်ကြားစာပုံးများ (Complain Box) များ အဆင့်ဆင့် စစ်ဆေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ /မရှိဆိုသည်ကို ထပ်မံမေးမြန်းသိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးသိန်းကိုကို က

Complain Box များ ထားရှိပေးရန်အတွက် ဆက်လက်တင်ပြ၍ စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။