နောက်ဆုံးရသတင်းများ
MY EN

(ခ)-ဦးဌေးလွင်(ခ)ဦးဒီလုံး(နမ့်စန်မဲဆန္ဒနယ်)

2026-07-10
တတိယအကြိမ်
နယ်စပ်ရေးရာဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးဌေးလွင်(ခ)ဦးဒီလုံး(နမ့်စန်မဲဆန္ဒနယ်)

နမ့်စန်မြို့နယ်ရှိ မိုင်းစိတ်-နောင်စန့်မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် နှင့် မိုင်းစိတ်-နောင်စန့်-ဟွေဆိုင်း-ညောင်ပင်သာ-ဈေးကုန်း(နောင်ဘို)ကျေးရွာလမ်းပိုင်းကို ကတ္တရာ လမ်းအဖြစ်ဆောင်ရွက်ပေးရန်  သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

နမ့်စန်မြို့နယ်ရှိ မိုင်းစိတ်ကျေးရွာအုပ်စုနှင့် ပိန်းဆည်ကျေးရွာအုပ်စုအတွင်းရှိ လမ်းအပိုင်းသည် ၈မိုင်ကျော်ရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ စီမံဆောင်ရွက်ပေးရသည့် လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်း များထဲတွင် နောင်စန့်ကျေးရွာ၊ ဟွေဆိုင်းကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ နောင်ဘိုကျေးရွာ၊ ဈေးကုန်း ကျေးရွာ၊ ကွန်ဆိုင်းကျေးရွာ ၎င်းလမ်းပိုင်း ၇ မိုင်ကို နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၇-၁၈ဘဏ္ဍာနှစ် မှာစပြီး ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျောက်ချောလမ်း ၇ မိုင်ကို လည်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ သို့သော် ၎င်းလမ်း၏အစပိုင်းဖြစ်သည့် မိုင်းစိတ် ကျေးရွာအုပ်စုနှင့် နောင်စန့်ကျေးရွာကြားမှာရှိသည့် အမြောက်တပ်ရှိရာလမ်းပိုင်း ၁ မိုင်သည် မြေသား လမ်းအဖြစ် သာ ရှိပြီး ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသည်ကိုလည်း တွေ့ရှိရပါကြောင်း။ 

အထက်ဖော်ပြပါလမ်းပိုင်းတွင်ရှိသည့် နောင်စန့်ကျေးရွာ၊ ဟွေဆိုင်းကျေးရွာ၊ ညောင်ပင်သာ ကျေးရွာ၊ နောင်ဘိုကျေးရွာ၊ ဈေးကုန်းကျေးရွာနှင့် ကွန်ဆိုင်းကျေးရွာရှိ ကျောက်ချောလမ်း ၇ မိုင်ကို ဆောင်ရွက်ပေးခဲ့သည်မှာ နှစ်ပေါင်း ၇ နှစ်၊ ၈ နှစ်ကျော် လောက်ကြာမြင့်သွားပြီဖြစ်ပါကြောင်း၊ ထိုသို့ နှစ်ပေါင်းကြာမြင့်လာသည့်အတွက် လမ်းပိုင်းများသည် ကျောက်များထွက်ပြီး လမ်းပိုင်းများ ပျက်စီးနေသည့်အတွက် ကျောက်ချောလမ်းကို ခုချိန်တွင် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အကောင်းဆုံးအချိန်ဖြစ်ပါကြောင်း၊ ကျန်ရှိနေသေးသည့် မြေသားလမ်း ၁ မိုင်ကိုလည်း ကျောက်ချော လမ်းအဖြစ် ဆောင်ရွက်ပေးပြီး ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဖြစ်သို့ အဆင့်ဆင့် ဆောင်ရွက် ပေးရန်လည်း လိုအပ်ပါကြောင်း၊ ၎င်းလမ်းပိုင်းများကို ဆောင်ရွက်ပေးမည်ဆိုပါက ကျေးရွာအုပ်စု ၂ စု၊ ကျေးရွာ ၇ ရွာ တွင်ရှိသည့် အိမ်ထောင်စု ၈၀၀ ကျော်နှင့် လူဦးရေ ၅,၀၀၀ ကျော်တို့ အကျိုးကျေးဇူး ခံစားရမည့်အပြင် ၎င်းကျေးရွာအုပ်စုများနှင့်ဆက်စပ်နေသည် ကျေးရွာများလည်း အကျိုးခံစားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းတည်ရှိသည့် မိုင်းစိတ်ကျေးရွာ အုပ်စုနှင့် ပိန်းဆည်ကျေးရွာအုပ်စုများရှိ ကျေးရွာများကိုဖောက်လုပ်ပေးထားသည့် လမ်းပိုင်း ၈ မိုင်အနက် မှ မိုင်းစိတ်ကျေးရွာအုပ်စုနှင့် နောင်စန့်ကျေးရွာကြားတွင်တည်ရှိသည့် မြေသားလမ်း ၁ မိုင်ကို ကျောက်ချောလမ်း ထိုမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးပြီး ထိုမှတစ်ဆင့် တစ်ဆက်တစ်စပ်တည်း နောင်စန့်ကျေးရွာ၊ ဟွေဆိုင်းကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ နောင်ဘိုကျေးရွာ၊ ဈေးကုန်းကျေးရွာ၊ ကွန်ဆိုင်းကျေးရွာအထိ ကျောက်ချောလမ်း ၇ မိုင်နှင့် မြေသားလမ်း ဖောက်လုပ်ပေးထားသည့် ၁ မိုင်     စုစုပေါင်း ၈ မိုင်ကျော်ကိုလည်း ကတ္တရာလမ်းအဖြစ် အနီးဆုံးဘဏ္ဍာရေးနှစ်မှာ စတင်ပြီး နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ဦးစားပေးထည့်သွင်းပြီး၍ ဆောင်ရွက် ပေးနိုင်မည့် အစီအစဉ်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်ကျော်စွာဦး က

         မိုင်းစိတ်-နောင်စန့်-ဟွေဆိုင်း-ညောင်ပင်သာ-ဈေးကုန်း(နောင်ဘို)ကျေးရွာချင်းဆက်လမ်း သည် နယ်စပ်ရေးရာဝန်ကြီးဌာနက စီမံခန့်ခွဲသည့်လမ်း ဖြစ်ပြီး မိုင်းစိတ်မှ ဈေးကုန်း(နောင်ဘို)အထိ စုစုပေါင်း လမ်းမိုင်အရှည် ၉ မိုင်ရှိပြီး ၎င်းလမ်းပိုင်းပေါ်ရှိ နောင်စန့်မှ ဈေးကုန်း(နောင်ဘို)ရွာအထိ ၈ မိုင်ကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျောက်လမ်း ၃ မိုင်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ကျောက်လမ်း ၁ မိုင်၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ကျောက်လမ်း ၁ မိုင်၊ ၄ ဖာလုံနှင့်  ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ကျောက်လမ်း ၂ မိုင်၊ ၄ ဖာလုံ စုစုပေါင်း ကျောက်လမ်း ၈ မိုင် ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၇၂၃ အိမ်နှင့် လူဦးရေ ၄,၅၃၀ ဦး တို့ကို အကျိုးပြုလျက်ရှိပါကြောင်း၊ အဆိုပါကျေးရွာချင်းဆက်လမ်း၏ ၉ မိုင်ပေါ်တွင် ၈ မိုင်ကို ကျောက်ခင်း ပြီးဖြစ်၍ ကျောက်ခင်းရန်ကျန်ရှိတဲ့ မိုင်းစိတ်နှင့် နောင်စန့်လမ်းပိုင်း မြေသားလမ်း ၁ မိုင် ကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် ကျန်ရှိပါတယ်။

           သို့ဖြစ်ပါ၍ မိုင်းစိတ်-နောင်စန့်-ဟွေဆိုင်း-ညောင်ပင်သာ-ဈေးကုန်း(နောင်ဘို) ကျေးရွာချင်း ဆက် ၉ မိုင်လမ်းပိုင်းမှ မြေလမ်း ၁ မိုင်ကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ကျောက်လမ်း ၈ မိုင်ကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လာမည့်ဘဏ္ဍာနှစ် များတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုသို့မဟုတ် ပြည်နယ်အစိုးရရန်ပုံငွေတို့မှ ဘဏ္ဍာငွေ ခွဲဝေ ရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ ပါသည်။