နောက်ဆုံးရသတင်းများ
MY EN

(ဂ)-ဦးမိုးမြင့်(သန်လျင်မဲဆန္ဒနယ်)-မေးခွန်း

2026-07-10
တတိယအကြိမ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးမိုးမြင့်(သန်လျင်မဲဆန္ဒနယ်)

စားသုံးသူရေးရာကာကွယ်ရေးဥပဒေတွင် လုပ်ငန်းရှင်များမှရောင်းချသည့်ဈေးနှုန်းနှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက စားသုံးသူများအား ကာကွယ်ပေးနိုင်သည့်အချက်အား စားသုံးသူအခွင့်အရေးတွင် ဖြည့်စွက်ပြဋ္ဌာန်းရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနသည် ၁၅.၃.၂၀၁၉ ရက်နေ့တွင် စားသုံးသူ ကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်း ခဲ့ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေမှာ အခန်း ၂၅ ခန်းပါရှိပြီး အခန်း ၉၊ စားသုံးသူအခွင့်အရေး နှင့်တာဝန်များ ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၁၉ စားသုံးသူအခွင့်အရေးများမှ-

(၁)     စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံ လိုအပ်ချက်များပေါ်တွင်  စိတ်ကျေနပ်မှုရှိစေခြင်း၊

(၂)     ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ 

(၃)     ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း၊ 

(၄)     ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊

(၅)     စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ရရှိနိုင်စေခြင်း၊ 

(၆)     ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိစေခြင်း၊ 

(၇)     ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများ၊ အခွင့်အရေးများနှင့်လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ဖွယ်ရှိခြင်း၊ 

(၈)     ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှု အဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသဖြင့် အချက် ၈ ချက်ဖြင့် ပြဋ္ဌာန်းထားပါကြောင်း။ 

အခန်း ၉ ပုဒ်မ ၂၀ စားသုံးသူ၏တာဝန်များမှာ- 

(၁)     ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊

(၂)     ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊

(၃)     စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊

(၄)     အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း စသဖြင့် အချက် ၄ ချက်ဖြင့် ပြဋ္ဌာန်းထားရှိပါကြောင်း။

ယနေ့မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်အရ ကုန်ပစ္စည်းများအား ရောင်းချလျက်ရှိရာ နိုင်ငံတကာဈေးနှုန်းဖြစ်ပေါ်မှုအပေါ်မူတည်ပြီး ကုန်ပစ္စည်းဈေးနှုန်းများ ပြောင်းလဲပြင်ဆင်သတ်မှတ် ရောင်းချ လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတကာဈေးနှုန်းပြောင်းလဲမှုအရ ဈေးနှုန်းမြင့်တက်ချိန် တွင် ရောင်းချသည့်ဈေးနှုန်းများကို ပြင်ဆင်ရောင်းချမှုများရှိသော်လည်း ဈေးနှုန်းကျချိန်တွင် ဈေးနှုန်းများ ပြင်ဆင်ရောင်းချမှုများ အားနည်းလျက်ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ပြင် ရောင်းလိုအားနှင့် ဝယ်လို အား အပေါ်မူတည်ပြီး ဝယ်လိုအားများလာသည့် အခြေအနေများတွင် ဈေးနှုန်းများကို အဆမတန် မြှင့်တင်ရောင်းချနေမှုများကိုလည်း တွေ့ရှိနေရပါကြောင်း၊ ထို့ကြောင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် လုပ်ငန်းရှင်မှရောင်းချသည့်ဈေးနှုန်းအပေါ် ဝယ်ယူသူမှ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ပိုနေသည် ဟု ယူဆပါက ဝယ်ယူနိုင်ခြင်းမရှိသည့်အပေါ်တွင် ကာကွယ်ပေးနိုင်ပါက ဈေးကွက်အတွင်း ဈေးကစား ခြင်း၊ ဈေးနှုန်းမတည်မငြိမ်ဖြစ်ခြင်းများကို အထိုက်အလျောက် ထိန်းသိမ်းဆောင်ရွက်နိုင်မည် ဖြစ်သည့် အပြင် ဈေးနှုန်းတည်ငြိမ်မှုကို စားသုံးသူမှ တိုက်ရိုက်ထိန်းကျောင်းဆောင်ရွက်နိုင်သည့် အခွင့်အရေး များလည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည် စားသုံးသူကာကွယ်ရေးဥပဒေတွင် လုပ်ငန်းရှင်များမှရောင်းချသည့် ဈေးနှုန်းနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက စားသုံးသူများအား ကာကွယ်ပေးနိုင်မည့်အချက်၊ စားသုံးသူအခွင့်အရေးမှာ ထပ်မံဖြည့်စွက်ပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ /မရှိ ကိုသိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။

အဖြေ
အဖြေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းမင်း က

မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က စပြီး အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအဖွဲ့ဝင် နိုင်ငံဖြစ်လာပါကြောင်း၊ တခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ ပြည်တွင်းမှာ စားသုံးသူအခွင့်အရေးများကို အပြည့်အဝရရှိဖို့အတွက် စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်လာပါ ကြောင်း၊ ထို့ကြောင့် ၁၄.၃.၂၀၁၄ ရက်နေ့တွင် စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်း ခဲ့ပါကြောင်း၊ သို့သော် ၎င်းဥပဒေကို ပိုမိုပြည့်စုံသည့် စားသုံးသူကာကွယ်ရေးအစီအမံများကို ဆောင်ရွက်နိုင်ရန်အတွက် ၁၅.၃.၂၀၁၉ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်းပေါင်း ၂၅ ခန်းနှင့် ပုဒ်မပေါင်း ၈၄ ခုပါဝင်သည့် စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၁၈.၁.၂၀၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပါကြောင်း။ 

         စားသုံးသူကာကွယ်ရေးဥပဒေကို ရေးဆွဲရာတွင် ကမ္ဘာ့ကုလသမဂ္ဂ၏ စားသုံးသူကာကွယ်ရေး ဆိုင်ရာလမ်းညွှန်ချက်တွေအပြင် အာဆီယံနိုင်ငံတချို့မှာရှိသည့် အကောင်းဆုံး အလေ့အထများ ပါဝင် သည့် ဥပဒေများကို စံနမူနာယူပြီး ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ရည်ရွယ်ချက်များအနက် စားသုံးသူအခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိစေရန် စီးပွားရေး လုပ်ငန်းရှင်များဘက်ကလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ရန်အတွက် ပါဝင်ပါကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေတွင် ကုန်စည်တွေအပြင် ဝန်ဆောင်မှုများနှင့်စပ်လျဉ်းသည့် စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုကိုလည်း အကာအကွယ်ပေးထားပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁၉ တွင် စားသုံးသူများ၏ အခွင့်အရေးကို ပြဋ္ဌာန်းထားပြီး အဆိုပါအခွင့်အရေးများမှာ အခြေခံလိုအပ်ချက် များအပေါ် စိတ်ကျေနပ်မှု ရရှိခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်၊ သတင်းအချက်အလက် များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် အဓိကကျသည့် ပြေစာ၊ အထောက်အထားရယူခွင့်၊ စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခွင့်၊ တိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှုရှိလာပါက ကုစားခွင့် စသည့်အချက်များ ပါဝင် ပါကြောင်း။ 

လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် မေးခွန်းနှင့်စပ်လျဉ်းပြီး အခွင့်အရေးများမှ ဈေးနှုန်းအပါအဝင် သတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံ မှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ၊ အထောက်အထားရယူခွင့်၊ ဈေးကွက်အတွင်းမှာရှိတဲ့ ကုန်စည်နှင့် ဝန်ဆောင်မှုများ ကို ဈေးနှုန်း၊ အရည် အသွေးစသည်ဖြင့် စားသုံးသူစိတ်ကြိုက်နှိုင်းယှဉ်ပြီး ရွေးချယ်ဝယ်ယူနိုင်ခွင့်နှင့် ဝယ်ယူပြီး သည့် ပစ္စည်းသည် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်းပြီး နစ်နာဆုံးရှုံး မှုများဖြစ်လာပါက တိုင်ကြားခွင့်တို့ ပါဝင်ခြင်းဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၀ တွင် စားသုံးသူများ ၏ တာဝန်များကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရာမှာ သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်နှင့် သဘောတူညီထားသည့် ဈေးနှုန်းပေးချေရန်လည်း တာဝန်ရှိမည် ဖြစ်ပါကြောင်း၊ ထို့ပြင် စားသုံးသူများအနေဖြင့် ကျေနပ်မှုမရှိပါက ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် တိုင်းဦးစီးမှူးရုံးများတွင် ဥပဒေနှင့်အညီ အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်ပြီး သက်သေခံအထောက်အထား၊ စာရွက်စာတမ်းများနှင့်အတူ တိုင်ကြားရန်လိုအပ်မည် ဖြစ်ပါကြောင်း။ 

         စားသုံးသူကာကွယ်ရေးဥပဒေတွင် စားသုံးသူများအတွက် အခွင့်အရေးများနှင့်တာဝန်များကို ပြဋ္ဌာန်းထားသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကိုလည်း ပုဒ်မ ၂၁ တွင် ပြဋ္ဌာန်ထား ပါကြောင်း၊ ၎င်းထဲမှာ ကောက်နုတ်တင်ပြရမည်ဆိုပါက ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ဂ)တွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာမှာ အဓိကကျသည့် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်းနှင့် ပုဒ်မခွဲ(စ)တွင် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်းပြီး ထပ်မံ ပေးချေရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန်အတွက် အတိအလင်းဖော်ပြ ပေးခြင်းစသည်ဖြင့် စားသုံးသူ၏အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို အချိတ်အဆက်မိမိ ပြဋ္ဌာန်းထားပါကြောင်း။ 

စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ ဖော်ဆောင်နိုင်ရန် စားသုံးသူကာကွယ် ရေး ဆိုင်ရာမူဝါဒများကို ချမှတ်နိုင်ရန်အတွက် ဥပဒေပုဒ်မ ၄ အရ မြန်မာနိုင်ငံစားသုံးသူ ကာကွယ် ရေး ကော်မရှင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၁ ဦးနှင့် ဖွဲ့စည်းထားပါကြောင်း၊ ဥပဒေ ပုဒ်မ ၁၇ တွင် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တွင်ရှိသည့် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးများကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက် ရန်နှင့် စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်တို့အကြားဖြစ်ပေါ်လာသည့် အငြင်းပွားမှုဆိုင်ရာ ကိစ္စရပ် များကို ဖြေရှင်းရန်အတွက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာ ကော်မတီများကိုလည်း ဖွဲ့စည်းထားပါကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေ ၄၀ နှင့် အညီ ခရိုင်စားသုံးသူရေးရာကော်မတီ ၃၄ ခုကိုလည်း ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ဖွဲ့စည်းပြီး ခရိုင်အဆင့်အထိ ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပါကြောင်း။

         ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ကုန်စည်နှင့်စပ်လျဉ်းသည့်  ခေါင်းစဉ် ၉ မျိုး၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် ခေါင်းစဉ် ၁၃ မျိုး စုစုပေါင်းတိုင်ကြားမှု ၁,၄၅၁ ခုကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊  တစ်နှစ်ထက်တစ်နှစ်လည်း ပိုမိုလက်ခံဖြေရှင်း ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဈေးနှုန်းအပါအဝင် စားသုံးသူပြည်သူများ အတွက် လိုအပ်သည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာ Website များ၊ ဂျာနယ်များတွင် လည်း ပညာပေးခြင်းနှင့် အခြားနည်းလမ်းနှင့်အသိပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  စားသုံးသူများအနေဖြင့် အခွင့်အရေးများကို သိရှိတောင်းဆိုနိုင်ရန်နှင့် နစ်နာဆုံးရှုံးမှုမရှိရန်လည်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ၏ တာဝန်နှင့်ဝတ္တရားများကို သိရှိလိုက်နာစေရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်စေရန်အတွက် အသိပညာပေးဆွေးနွေးပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူများမှ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် ဈေးနှုန်းအပါအဝင် အရည်အသွေးနှင့် ကျန်းမာရေး ဆိုင်ရာ လုံခြုံစိတ်ချမှုရှိစေရေး အတွက် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးရေးအရာရှိများ ကိုလည်း တာဝန်ပေးအပ်ထားပါကြောင်း၊ စစ်ဆေးရေးအရာရှိများ အနေဖြင့် ဈေးကွက်ကို စောင့် ကြည့်ရာတွင် မှန်ကန်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ လိုအပ်သည့် သက်သေအထောက် အထားများ ပြည့်စုံမှန်ကန်စွာတင်ပြနိုင်ဖို့၊ စွမ်းရည်ပြည့်ဝစေရန်အတွက် စစ်ဆေးရေးအရာရှိ သင်တန်းများကို လည်း ပို့ချပေးလျက်ရှိပါကြောင်း။ 

         နိဂုံးချုပ်အနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင် ဈေးနှုန်းနှင့်ပတ်သက်ပြီး စားသုံးသူအခွင့်အရေးကို ကာကွယ်ပေးနိုင်ရေး ထည့်သွင်းပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် စားသုံးသူ ကာကွယ်ရေးဥပဒေတွင် လုပ်ငန်းရှင်များ၏ ရောင်းချသည့် ဈေးနှုန်းနှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါ က စားသုံးသူများအား ကာကွယ်ပေးသည့်အချက်အလက်များအား စားသုံးသူအခွင့်အရေးတွင် ထပ်မံ ဖြည့်စွက်ပြဋ္ဌာန်းပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် စားသုံးသူပြည်သူများဖြစ်စေ၊ စီးပွားရေး လုပ်ငန်းရှင်များဖြစ်စေ အားလုံးသည် စားသုံးသူများဖြစ်တဲ့အလျောက် ဥပဒေပါ စားသုံးသူ အခွင့် အရေးများ ရရှိနိုင်ပါကြောင်းဖြင့် ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးမိုးမြင့်(သန်လျင်မဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။   

စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ခ)တွင် စားသုံးသူအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဝယ်ယူခြင်းဆိုသည့်စကားရပ်၊ ပုဒ်မ ၂၊ ပုဒ်မခွဲ(ဂ) စီးပွားရေးလုပ်ငန်းရှင် အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ရောင်းချခြင်းဆိုသည့်စကားရပ်၊ တန်ဖိုး နှင့်စပ်လျဉ်းသည့်စကားရပ်များ ဖော်ပြထားရှိပါကြောင်း၊ ပုဒ်မ ၂၊ ပုဒ်မခွဲ(က)၏ စားသုံးသူ ကာကွယ်ရေးအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ဆိုသည့် စကားရပ်ကိုသာ အဓိကဖော်ပြထားတာကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ပုဒ်မ ၁၉ စားသုံးသူများ အခွင့်အရေးများ ကုန်စည်နှင့်ဝန်ဆောင်မှုကိုသာ အဓိကဖော်ပြ ထားပြီး ပုဒ်မ ၂၀ စားသုံးသူ၏ တာဝန်များ အပိုဒ်ခွဲ(ခ)မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့်တန်ဖိုးနှင့်အညီ ပေးချေခြင်းလို့ ဖော်ပြထားသည့် အတွက် ဝိသမလောဘကြောင့် မတန်တဆ ဈေးနှုန်းများကို မြှင့်တင်ရောင်းချပြီး သဘောမတူညီ၍ ဝယ်ယူနိုင်ခြင်းမရှိသည့်အပေါ် အကာအကွယ်မပေးနိုင်သည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကုန်စည်နှင့်ဝန်ဆောင်မှုများကို မတန်တဆ ဈေးနှုန်းမြှင့် တင်ရောင်း ချခြင်း၊ Price Gouging ကို တားမြစ်ပိတ်ပင်သည့်ဥပဒေများကို ပုံစံအမျိုးမျိုးဖြင့် ပြဋ္ဌာန်းထားသည် ကို လေ့လာတွေ့ရှိရပါကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ် ၄၀ နီးပါးနှင့် နယ်နိမိတ် ဒေသများတွင် ပြည်နယ်အလိုက် Price Gouging ဆိုင်ရာ သီးသန့်ဥပဒေများ ပြဋ္ဌာန်းထားပါ ကြောင်း၊ ဩစတြေးလျနိုင်ငံတွင်လည်း Food and Grocery Code အရ ကုန်စုံ ဆိုင်ကြီးများနှင့် Supermarket ကြီးများက စားသုံးသူများအပေါ် ဈေးနှုန်းမတန်တဆတင်ရောင်းခြင်း၊ Supermarket Price Gouging ကို တားမြစ်ပိတ်ပင်သည့်ဥပဒေ ပြဋ္ဌာန်းထားပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင်လည်း Price Law ဆိုပြီး ဈေးနှုန်းဥပဒေကို တိတိပပပြဋ္ဌာန်းထားပြီး ဗင်နီဇွဲလားနှင့် သီရိလင်္ကာနိုင်ငံများတွင်လည်း မရှိမဖြစ်လိုအပ်သည့် အခြေခံကုန်စည်များအပေါ် အစိုးရမှ အမြင့်ဆုံး ဈေးနှုန်း Maximum Price ကို သတ်မှတ်ပြီး ဥပဒေနှင့် ထိန်းချုပ်ထားပါကြောင်း၊ အရှေ့တောင် အာရှနိုင်ငံများဖြစ်သည့် မလေးရှားနိုင်ငံမှာလည်း Price Control and Anti Profiteering Act နှင့်ထိုင်းနိုင်ငံတွင် The Price of Goods and Services Act ၊ ဖိလစ်ပိုင်နိုင်ငံ၌ The Price Act နှင့် ဘရူနိုင်းနိုင်ငံတွင် Price Control Act ဆိုပြီး စသဖြင့် ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါကြောင်း။ 

မိမိအနေဖြင့် မေးခွန်း ၃ ခု မေးမြန်းလိုပါကြောင်း၊ (၁) မြန်မာနိုင်ငံတွင် ကုန်ပစ္စည်း ဈေးနှုန်းများ ရေရှည်တည်ငြိမ်စေရန် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်း(Fair and Reasonable Price) ဖြင့် ရောင်းချလာစေရန်နှင့် ဈေးနှုန်းမတန်တဆတင်ရောင်းချမှုကို ရေရှည်ထိန်းကျောင်းနိုင်ရန် အတွက် မည်ကဲသို့သောဥပဒေများ ပြဋ္ဌာန်းသင့်ပါသလဲ၊ (၂) လတ်တလောဖြစ်ပေါ်နေသော လက်လီ လက်ကား ကုန်ဈေးနှုန်းများအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်း ဟုတ်မဟုတ် စိစစ်ဆောင်ရွက် ပေးသွားရန် အစီအစဉ်ရှိ/ မရှိ၊ (၃) စားသုံးသူကာကွယ်ရေးဥပဒေတွင် ထပ်မံ ဖြည့်စွက် ပြဋ္ဌာန်းရန် မရှိပါက ဖြစ်သင့်ဖြစ်ထိုက်သော ကုန်ဈေးနှုန်းများဖြင့် စားသုံးသူများအား အကာအကွယ်ပေးနိုင်ရန် စီမံဆောင်ရွက်သွားမည့် အစီအစဉ်ရှိ/ မရှိအား သိလိုပါကြောင်းဖြင့် ဆက်စပ်၍မေးမြန်းပါသည်။

အဖြေ
အဖြေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းမင်း က

စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းစဉ်က စားသုံးသူအကာအကွယ် ပေးရေးဥပဒေဆိုပြီး ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ စားသုံးသူအခွင့်အရေးက အကာအကွယ်ပေးမှရ သည့် သဘောဖြစ်နေသည့် အတွက် ၎င်းအခွင့်အရေးများသည် မွေးရာပါအခွင့်အရေး ဖြစ်သည့် အတွက်ကြောင့် ထိုဥပဒေကို ၂၀၁၉ ခုနှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်းကို ပထမဦးစွာ တင်ပြလိုပါကြောင်း၊ ကုန်ဈေးနှုန်းများနှင့်စပ်လျဉ်းပြီး ဈေးနှုန်းကိုတွက်ချက်သည့်အခါမှာ ဈေးနှုန်း တစ်ခုကို တွက်ချက်ရန် Factor ပေါင်းများစွာ ၊အချက်အလက်ပေါင်းများစွာ ပါဝင်ပါကြောင်း၊ ထို့အရာများကို ဆောင်ရွက်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေအပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည့် ယှဉ်ပြိုင်မှုဥပဒေတွင်လည်း ယှဉ်ပြိုင်မှု ဥပဒေ၏ ပုဒ်မ ၁၃၊ ပုဒ်မခွဲ(ကတွင် ဝယ်ယူသည့်ဈေးနှုန်း သို့မဟုတ် ရောင်းချသည့် ဈေးနှုန်း၊ အခြား ကူးသန်းရောင်းဝယ်သည့် အခြေအနေများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဈေးနှုန်းညှိ သတ်မှတ်ခြင်း မပြုလုပ်ရန် တားဖြစ်ထားပါကြောင်း၊ ၎င်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ၃ နှစ် ထက်မပိုသည့် ထောင်ဒဏ်၊ ကျပ်သိန်း ၁၅၀ ထက်မပိုသည့် ဒဏ်ငွေများ ချမှတ်နိုင်ပါကြောင်း၊ ၎င်းအပြင် ယှဉ်ပြိုင်မှု ပုဒ်မ ၁၅ တွင် ဝယ်ယူသည့်ကုန်ဈေးနှုန်း သို့မဟုတ် ရောင်းချသည့်ကုန်ဈေးနှုန်း၊ ဝန်ဆောင်မှုထက်အခကြေးငွေကို ထိန်းချုပ်ထားခြင်း၊ ဈေးနှုန်း ထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် ဝန်ဆောင်မှုကိုဖြစ်စေ၊ ထုတ်လုပ်မှုကိုဖြစ်စေ ကန့်သတ်ခြင်း သို့မဟုတ် ကုန်စည်ဝယ်ယူရောင်းချရာတွင် အခွင့်အလမ်းများကို ကန့်သတ်ခြင်း၊ အခြားစီးပွားရေး လုပ်ကိုင်သူများ မဖြစ်မနေဆောင်ရွက်ရမည့် စည်းကမ်းများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သတ်မှတ်ခြင်း စသည့်အချက်များကို ဖောက်ဖျက် ကျူလွန်လျှင် လည်း ပြစ်ဒဏ်အနေနဲ့ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားလျှင် ထောင်ဒဏ် ၂ နှစ်ထက် မပိုခြင်း၊ ကျပ်ငွေ သိန်း ၁၀၀ ထက်မပိုသည့်ဒဏ်ငွေ ချမှတ်ထားပါကြောင်း။

စားသုံးသူကာကွယ်ရေးဥပဒေနှင့် ယှဉ်ပြိုင်မှုဥပဒေက အာဆီယံနိုင်ငံများတွင်လည်း အင်ဒိုနီးရှား လိုနိုင်ငံမျိုး၊ အခြားနိုင်ငံများမှာဆိုရင် အဖွဲ့အစည်းတစ်ခုတည်းကသာ ၎င်းကို တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်း ထားသည့် အခြားသောဥပဒေများဖြစ်သည့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပြဋ္ဌာန်းထားပါ ကြောင်း၊၎င်းနဲ့ဆက်စပ်ပြီး လက်ရှိအနေအထားတွင် လိုအပ်ပါကနိုင်ငံတော်မှနေပြီး အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေကို ကျင့်သုံးပြီး တားမြစ်ချက်များ ထုတ်ပြန်ထားသည်များရှိပါကြောင်း၊ သာဓကအနေနဲ့ တင်ပြရမည်ဆိုပါက ဆင့်ပွားဈေးကွက် Multi-Level Marketing နှင့်ပတ်သက်ပြီး တားမြစ်ထားပါကြောင်း၊ ကိုဗစ် ၁၉ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံး ကုန်ပစ္စည်းများ စသည့်အခြေခံကုန်ပစ္စည်းများ ဈေးနှုန်းမတန်တဆမြင့်မားမှုကို ထိန်းသိမ်း ဆောင်ရွက် နိုင်ရန်အတွက် ၂၀၂၂ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဝါသီးနှံနှင့် ဝါဂွမ်း များကိုလည်း အမိန့်ကြော်ငြာ စာများထုတ်ပြန်ပြီး ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၎င်းအပြင် Online စနစ်ဖြင့် ရောင်းချခြင်းကိစ္စရပ်များသည် အခုဆိုရင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာသည့်အတွက် ၎င်းနှင့် စပ်လျဉ်းပြီး ၂၀၂၃ ခုနှစ်တွင် အမိန့် ကြော်ငြာစာ အမှတ်(၄၉/၂၀၂၃)၊ (၅၀/၂၀၂၃)၊ (၅၁/၂၀၂၃) များကို ထုတ်ပြန်ပြီး ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ၎င်းတို့ကတော့ တင်ပြပါ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ စားသုံးသူ ကာကွယ်ရေး ဥပဒေအပြင် ယှဉ်ပြိုင်မှုဥပဒေ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ စသည့်ဥပဒေများကို ကျင့်သုံး ပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ၎င်းအပြင် လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် လက်လီ လက်ကား ဈေးများနှင့်ပတ်သက်ပြီး ပြည်သူလူထုကို အဓိက အထောက်အကူဖြစ်စေသည့်၊ အဓိကကျ သည့် စက်သုံးဆီလို၊ စားသုံးဆီလိုမျိုး ကိစ္စမျိုးများတွင် နိုင်ငံတော်အစိုးရအနေဖြင့် လည်း တစ်ပတ်လျှင် တစ်ကြိမ် ရည်ညွှန်းဈေးများကို ထုတ်ပြန်ပြဋ္ဌာန်းပြီး ပြည်သူလူထုနစ်နာမှုမရှိစေရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် တတိယမေးခွန်းဖြစ်သည့် ထပ်မံပြီး ပြဋ္ဌာန်းထုတ်ပြန်ရန်ရှိ/ မရှိဆိုသည့် မေးခွန်းနှင့်စပ်လျဉ်းပြီး မိမိအနေဖြင့် ထပ်မံပြီး ဥပဒေပြဋ္ဌာန်းထုတ်ပြန်ရန် မရှိပါကြောင်း ဖြည့်စွက် ၍ ဆက်စပ်မေးခွန်းအားဖြေကြားခဲ့ပါသည်။