နောက်ဆုံးရသတင်းများ
MY EN

(ဃ)- ဒေါ်ဇာခြည်လွင်(မိုးညိုမဲဆန္ဒနယ်)-မေးခွန်း

2026-07-10
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်ဇာခြည်လွင်(မိုးညိုမဲဆန္ဒနယ်)

မိုးညိုနှင့် ကြို့ပင်ကောက်မြို့နယ်ချင်းဆက်လမ်းအား ဂဝံခင်းခြင်းနှင့် လမ်းပခုံးချဲ့ခြင်းကို မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ထန်းပင်ကုန်းအုပ်စု၊ ငါးကျီး ကျေးရွာ၌ ၂၀၂၄ ခုနှစ် မိုးရာသီတွင် မြစ်ရေကြီးရေလျှံခြင်းကြောင့် မြစ်မခချောင်းတံတား၏ ဝဲယာ ချင်း ကပ်လမ်းများသည် ရေတိုက်စား၍ လမ်းများဆိုးရွားစွာပျက်စီးခဲ့ပါကြောင်း၊ ၎င်းချင်းကပ်လမ်း နှင့် တစ်ဆက်တည်းရှိသော ငါးကျီးကျေးရွာမှ အင်းပွားကြီးကျေးရွာအထိ မြေသားတာလမ်းမကြီးသည် သွားလာမှုများသောကြောင့် မိုးရာသီတိုင်း ဆိုးရွားစွာပျက်စီးခဲ့ရပါကြောင်း၊ ယခုအခါ တံတားချင်း ကပ်လမ်းပြုပြင်ပြီးဖြစ်ပြီး မြေသားလမ်းမကြီးကို အဆင့်မြှင့်တင်မည်ဆိုပါက အဆိုပါလမ်းမကို အားထားနေရသော ကျေးရွာပေါင်း ၄၈ ရွာမှ ဒေသခံပြည်သူများ၏စီးပွားရေး၊ လူမှုရေးအခက်အခဲ များ အဆင်ပြေချောမွေ့လာမည်ဖြစ်ပါကြောင်း၊ မိုးညိုမြို့နယ်မှ ဒေသထွက်ကုန် သား၊ ငါးနှင့် စိုက်ပျိုးရေးထွက်ကုန်များကို ထိုလမ်းမှတစ်ဆင့် ကြို့ပင်ကောက်မြို့နယ်သို့ သွားရောက်ရောင်းချ သောကြောင့် ကြို့ပင်ကောက်မြို့နယ်သူ မြို့နယ်သားများသည် ဈေးနှုန်းသက်သာစွာ ဝယ်ယူ ရရှိနိုင်ပြီး ကြို့ပင်ကောက်မြို့မှ လူသုံးကုန်ပစ္စည်းများကို ပြန်လည်ဝယ်ယူလာသောကြောင့် မိုးညို မြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ် ပြည်သူများဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိ သောလမ်းဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်ပဲသွားသွား၊ တစ်ရွာနှင့်တစ်ရွာ ကူးတာပဲဖြစ်ဖြစ် ခြေလျင် သွားလာနေရသည့်အတွက် ၎င်းလမ်းကြီးကိုခင်းပေးမည်ဆိုလျှင် ပြည်သူလူထု ဘယ်လောက်ထိ အဆင်ပြေချောမွေ့သွားမည်ကို ခန့်မှန်းနိုင်ပါကြောင်း။

အဆိုပါလမ်းသည် မိုးညိုမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်ချင်းဆက်လမ်းဖြစ်ပြီး ငါးကျီး-အင်းပွားကြီး-ရွာသာယာလမ်း ၃ မိုင် ၁.၄ ဖာလုံ အကျယ်ပေ ၂၀ ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ လမ်းအား ဂဝံခင်းခြင်း၊ မြေနီ ၈ လက်မထုနှင့် လမ်းပခုံးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ငါးကျီး-အင်းပွားကြီး-ရွာသာယာလမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် Class C အဆင့် အရှည် ၃ မိုင်၊ ၂ ဖာလုံရှိလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ၂ ဖာလုံကို ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကျန်လမ်းအပိုင်း ၃ မိုင် သည်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လွင်တင်ပြခဲ့သည့်အတိုင်း ယခုအခါ ပျက်စီးလျက်ရှိပါ ကြောင်း၊ အဆိုပါလမ်းအရှည် ၃ မိုင်ကို မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် မည်ဆိုလျှင် ခန့်မှန်းကျပ်ငွေ ၅၂၈ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ သွားလာမှုအဆင်ပြေစေရန်အတွက် ပြင်ဆင် ထိန်းသိမ်းခြင်း ဆောင်ရွက်မည်ဆိုပါက ငွေကျပ်သန်း ၈၀ ခန့်ကုန်ကျမည်ဖြစ်ပါ ကြောင်း။

ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအပေါ် အခြေခံ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ပေါင်းစပ်ပြီး ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုမှုနှုန်း၊ မြေပြင်လမ်းပန်းဆက်သွယ်မှု၊ လိုအပ်မှု၊ ရွေးချယ်မှု တို့ကို မူတည်၍ တိုင်းဒေသကြီးရန်ပုံငွေနှင့် လာမည့် ၂၀၂၇-၂၈ ဘဏ္ဍာနှစ်တွင် ဂဝံ ၁ မိုင်ခင်းခြင်းကို မိမိတို့ လျာထား တင်ပြပေးသွားမည်ဖြစ်ပါကြောင်း၊ ဦးစားပေးစဉ် ရရှိသည့်ရန်ပုံငွေ အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။