နောက်ဆုံးရသတင်းများ
MY EN

(င)- ဦးရဲထွဋ်အောင်(မင်းလှမဲဆန္ဒနယ်)-မေးခွန်း

2026-07-10
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးရဲထွဋ်အောင်(မင်းလှမဲဆန္ဒနယ်)

မင်းလှနှင့် အုတ်ဖိုမြို့နယ်ဆက်သွယ်သည့် လမ်းပေါ်ရှိ အိုးသည်ကုန်းမြို့၊ ဗိုလ်တန်းလမ်းမှ အုန်းနှဲ ချောင်းကျေးရွာအကျော် ကွန်ကရစ်လမ်းအထိအား ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများ အပြင် နယ်နိမိတ်ချင်းထိစပ်နေသည့် လက်ပံတန်း၊ မိုးညို၊ အုတ်ဖို စသည့်မြို့နယ်များကို သွားလာ သည့် အဓိကလမ်းကြီး ၇ လမ်းရှိသည့်အနက် မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းသို့ ဆက်သွယ်သည့်လမ်းသည် ၁ လမ်းအပါအဝင်ဖြစ်ပါကြောင်း၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့သို့ ဆက်သွယ်သည့်လမ်းပေါ်ရှိ အိုးသည်ကုန်းမြို့ ဗိုလ်တန်းလမ်းမှ မင်းလှမြို့နယ် အုန်းနှဲချောင်းကျေးရွာအကျော် ကွန်ကရစ်လမ်းအထိ ကျန်ရှိနေသော လမ်းပိုင်းအား ၃ ပေအကျယ် ကွန်ကရစ်ဘီးနင်း ၂ လမ်းဖြစ်သော်လည်း ယခုအခါ သွားလာရန်ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း။ 

အဆိုပါလမ်းအား ၁၉၉၇ ခုနှစ်တွင် ကျေးရွာမှ ကိုယ်ထူကိုယ်ထဖြင့် မြေသားလမ်း၊ ၂၀၀၂ ခုနှစ်တွင် ၎င်းလမ်းပေါ်ရှိ ဖိုးအင်းချောင်းအား အလျား ၁၂ ပေ၊ အကျယ် ၁၀ ပေရှိ ကွန်ကရစ်တံတား ဆောက်လုပ်ခြင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်တွင် ထပ်ပိုးဂဝံလွှာများခင်းခြင်း၊ ၂၀၁၀ ခုနှစ်တွင် ကျေးရွာမှ ကျပ်သိန်း ၅၀၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးမှ ကျပ်သိန်း ၂၀၊ စုစုပေါင်း သိန်း ၇၀ ဖြင့် အလျား ၄၀ ပေ၊ အကျယ် ၁၂ ပေရှိသည့် လယ်ကြားရိုး တံတားတည်ဆောက်ခြင်း၊ ၂၀၁၁ ခုနှစ်တွင် ဂဝံထပ်ပိုးလွှာခင်းခြင်း၊ ၂၀၁၂ ခုနှစ်မှာ ကျပ် ၁၇၂ သိန်း ဖြင့် အရှည် ၃၇၀၀ ပေ၊ အကျယ် ၆ ပေရှိသည့် ကွန်ကရစ်လမ်းခင်းခြင်း၊ ၂၀၁၃ ခုနှစ်တွင် ကျပ်သိန်း ၁၂၀ ကျော်ဖြင့် အရှည် ၂၅၉၀ ပေ၊ အကျယ် ၃ ပေ၊ ကြား ၃ ပေခြား ဘီးနင်းကွန်ကရစ် ၂ လမ်းသွားပြုလုပ်ခြင်း  ဆောင်ရွက်ခဲ့ကြပါကြောင်း၊ နိုင်ငံတော်မှ ၂၀၁၄ ခုနှစ်တွင် ကျပ်သိန်း ၂၀၀ ချထားပေးသဖြင့် အရှည် ၄၀၃၆ ပေ၊ အကျယ် ၃ ပေ၊ ကြား ၃ ပေခြား ဘီးနင်းကွန်ကရစ် ၂ လမ်းသွားကိုလည်း ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အုန်းနှဲချောင်း ကျေးရွာဘက်ခြမ်းမှ အရှည် ၄၆၂၀ ပေ၊ အကျယ် ၁၂ ပေ လမ်းပခုံး တစ်ဖက် ၃ ပေစီပါသည့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ပါကြောင်း။

၎င်းလမ်းကို အသုံးပြု၍ မင်းလှမြို့နယ်အတွင်းရှိ လှည်းကူးကျေးရွာအုပ်စုမှ လူဦးရေ ၂၅၀၀ ကျော်၊ ပန်းတောကျေးရွာ အုပ်စုမှ လူဦးရေ ၅၄၇ ဦး၊ ညောင်ဝန်းကျေးရွာအုပ်စုမှ လူဦးရေ ၁၇၀၀ ကျော်၊ ကျွဲတလင်း ကျေးရွာအုပ်စုမှ လူဦးရေ ၉၉၀ ကျော်၊ လက်ပံရေကျော် ကျေးရွာ အုပ်စုမှ လူဦးရေ ၄၀၀၀ ကျော် စုစုပေါင်း မင်းလှမြို့နယ် ကျေးရွာများမှ မြို့ပေါ်နေပြည်သူများမပါ ကျေးရွာများမှ လူဦးရေ ၁၀၀၀၀ ကျော်နှင့် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့မှပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေး စသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက် နေ့စဉ်ကူးလူးသွားလာနေရသည့် လမ်း ၁ လမ်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မင်းလှ မြို့နယ်နှင့် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့သို့ ဆက်သွယ်သည့်လမ်းပေါ်ရှိ အိုးသည်ကုန်းမြို့၊ ဗိုလ်တန်းလမ်းမှ မင်းလှမြို့ အုန်းနှဲချောင်းကျေးရွာအကျော် ကွန်ကရစ်လမ်းအထိ ကျန်ရှိနေသော လမ်းအား လမ်းပခုံးတစ်ဖက် ၃ ပေစီနှင့် အကျယ် ၁၂ ပေရှိသော ကွန်ကရစ်လမ်းအဖြစ် အဆင့် မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က

အဆိုပါမေးခွန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါ ကြောင်း၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့သို့ ဆက်သွယ်သည့်လမ်းသည် သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်လမ်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုမှ စီမံခန့်ခွဲသော Class A အဆင့်ရှိလမ်းဖြစ်ပြီး လမ်းအရှည် ၃ မိုင်နှင့် ၂.၂၇ ဖာလုံ ရှိပါ ကြောင်း၊ မိမိတို့ မြေပြင်ကွင်းဆင်းတိုင်းတာချက်များအရ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် လမ်းအရှည်သည် မြေပြင်တွင် ၈၀၉၈ ပေ၊ ၁ မိုင်၊ ၄ ဖာလုံရှိပါကြောင်း၊  မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ပိုင်လမ်းသည် အရှည် ၁၁၂၀ ပေရှိပြီး စုစုပေါင်းလမ်းအရှည် ၉၂၁၈ ပေ ရှိပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သက်ဆိုင်သည့် လမ်းအပိုင်းဖြစ်သည့် ၈၀၉၈ ပေကို အဓိက ထားဖြေကြားသွားမည်ဖြစ်ပါကြောင်း။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာမှ ထည့်ဝင် ငွေတို့ဖြင့် အကျယ် ၃ ပေရှိသည့်  ကွန်ကရစ်ဘီလမ်း အရှည် ၁ မိုင်၊ ၄ ဖာလုံကို မိမိတို့ဆောင်ရွက် ခဲ့ပါကြောင်း၊ ၂၀၁၈-၁၉  နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကျယ် ၁၂ ပေ ကွန်ကရစ်လမ်း ၁ မိုင် ၆ ဖာလုံကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါလမ်းအရှည် ၁ မိုင်၊ ၄ ဖာလုံသည် ယခုအခါ  ပျက်စီးကြောင်း တင်ပြလာသည့်အတွက် ၁၂ ပေ အကျယ်၊ ၇ လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုလျှင် သန်းပေါင်း ၁၄၂၉ သန်း ကုန်ကျမည် ဖြစ်ပါ ကြောင်း။

ထို့ကြောင့် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် သွားလာမှုအဆင်ပြေရန် ဘီးနှစ်ခုကြားမြေနီလမ်းခင်းခြင်း၊ လမ်းပခုံးပြုပြင်ခြင်း၊ လမ်းပေါက်များ ဖာထေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်လမ်းပိုင်းကို လာမည့်ဘဏ္ဍာနှစ် တွင် ပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးသွားနိုင်မည်ဆိုလျှင် ရာသီမရွေးသွားလာနိုင်မည်ဖြစ်ပြီး ကျေးရွာ ၂၈ ရွာ၊ အိမ်ခြေ ၂၆၇၈ အိမ်၊ လူဦးရေ ၁၂၁၅၆ ဦးအကျိုးပြုမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးရဲထွဋ်အောင်(မင်းလှမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

ဝန်ကြီးဖြေကြားသွားသည့်အတွက် လက်ရှိလမ်းပိုင်း ၁ မိုင်နှင့် ၄ ဖာလုံကျော်တွင် ဘီးနင်းနှစ်ခု ကြား ဂဝံခင်းမယ်၊ မြေသားဘေးမှ မြေသားများကို ဖို့ပေးမည်ဆိုသည်ကို ကြားရသည့်အတွက် များစွာ ဝမ်းသာပါကြောင်း၊ ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည် ကြားရသည့်အတွက် အင်မတန် ဝမ်းသာပါကြောင်း၊ ဒုတိယဝန်ကြီးဖြေကြားသည့်အထဲတွင် ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်မည် ဆိုသည့်ကိစ္စတွင် ဖြစ်နိုင်မည်ဆိုလျှင် ၂၀၂၇ လာမည့်ဘဏ္ဍာရေးနှစ်မှစတင်၍ ထည့်သွင်း ဆောင်ရွက်ပေးနိုင်ရန် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က

၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေနှင့် လုပ်မည်ဆိုလျှင် လုံလောက်ပါကြောင်း၊ အကယ်၍ လိုခဲ့လျှင် ကျန်ခဲ့သည့်လမ်းပိုင်းကို လာမည့် ၂၀၂၇-၂၈ ဘဏ္ဍာနှစ်တွင် ပြုပြင်ထိန်းသိမ်း ရေးရန်ပုံငွေနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။