ဦးခင်မောင်မြင့်(တိုက်ကြီးမဲဆန္ဒနယ်)
တိုက်ကြီးမြို့နယ်အတွင်းရှိ ဖလုံ-မြိုင်ဟေဝန်လမ်းမကြီးမှ ဂေါ်ရင်ဂျီကုန်းကျေးရွာသို့ ဆက်သွယ်သော လမ်းအား ကွန်ကရစ်ခင်းပေးရန်အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
တိုက်ကြီးမြို့နယ်အတွင်းရှိ ဖလုံ ဘူတာကျေးရွာအုပ်စု၊ ဂေါ်ရင်ဂျီကုန်းကျေးရွာသည် ဖလုံ ဘူတာကျေးရွာမှ ပေ ၄,၁၀၀ ကွာဝေးပြီး အိမ်ခြေ ၁၆၂ အိမ်၊ လူဦးရေ ၆၇၄ ဦးရှိသော ကျေးရွာခွဲ တစ်ရွာဖြစ်ပါကြောင်း၊ ယခင်က လမ်းမရှိဘဲ ရန်ကုန်-ပြည်မီးရထားလမ်းဘေးမှ စက်ဘီး၊ ဆိုက်ကယ် စီးခြင်း၊ ရထားလမ်းပေါ်မှ လမ်းလျှောက်၍ သွားလာနေကြရပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ ကိုယ်ထူကိုယ်ထ မြေသားလမ်းဖောက်လုပ်ခြင်း၊ ဂဝံခင်းခြင်း၊ ကွန်ကရစ်နှစ်လမ်းသွားခင်းခြင်းများ လုပ်ဆောင်၍ သွားလာကြသော်လည်း သွားလာမှုများပြားခြင်း၊ တောင်ကျရေ တိုက်စားမှုတို့ကြောင့် ပျက်စီးယိုယွင်း လာပါကြောင်း၊ အဆိုပါလမ်းအား ကွန်ကရစ်လမ်းခင်းပေးမည်ဆိုပါက ဆက်စပ်နေသော ကျေးရွာ များ ဖြစ်သည့် ရေဖြူအင်းကျေးရွာ၊ ရွှေနားကွင်း ကျေးရွာ၊ စမ်းတဲစုကျေးရွာ၊ ကတက်ကုန်းကျေးရွာ နှင့် ငှက်ဆိုးကွင်းကျေးရွာများမှ အိမ်ခြေ ၅၅၃ အိမ်၊ လူဦးရေ ၂,၃၈၂ ဦးအသုံးပြုနိုင်မည် ဖြစ်သည့် အတွက် အဆိုပါကျေးရွာများမှ ပြည်သူများ အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည့် လူမှုဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖလုံဘူတာကျေးရွာ၊ ဖလုံ-မြိုင်ဟေဝန်လမ်းမကြီးမှ ဂေါ်ရင်ဂျီ ကုန်းကျေးရွာသို့ ဆက်သွယ်သောလမ်းအား လမ်းအဆင့်မြှင့် တင်၍ ကွန်ကရစ် လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့်မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က
၎င်းမေးခွန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံ-မြိုင်ဟေဝန်လမ်းမကြီးမှ ဂေါ်ရင်ဂျီကုန်း ကျေးရွာသို့ ဆက်သွယ်သောလမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့် ဖလုံ-ဂေါ်ရင်ဂျီကုန်းလမ်းဖြစ်ပါကြောင်း၊ အရှည် ၁ မိုင်၊ ပျမ်းမျှ အကျယ် ၂၄ ပေရှိပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း ၁ မိုင်သည် ဖလုံဘူတာကျေးရွာနှင့် ဂေါ်ရင်ဂျီကုန်းကျေးရွာတို့ကို ဆက်သွယ်သော လမ်းအပိုင်းဖြစ်ပြီး ဖလုံဘူတာ ကျေးရွာမှ ပေ ၁,၀၀၀ သည် မြေသားလမ်းဖြစ်ပြီး ပေ ၁,၀၀၀ မှ ပေ ၄,၁၀၀ ကြား၊ ပေ ၃,၁၀၀ သည် ကွန်ကရစ်ဘီးလမ်း၊ ကျန်အပိုင်း ပေ ၁,၁၈၀ သည် မြေသားလမ်းဖြစ်ပါကြောင်း၊ လယ်ယာထုတ်ကုန် များအတွက် သွားလာမှုများပြားသည့်အတွက် ပျက်စီးမှုရှိပြီး ကျေးရွာ ၄ ရွာ၊ အိမ်ခြေ ၁,၃၆၀ အိမ်၊ လူဦးရေ ၄,၃၃၉ ဦးကို အကျိုးပြုနေသော လမ်းဖြစ်ပါကြောင်း၊ ဖလုံ-ဂေါ်ရင်ဂျီကုန်းလမ်း ၁ မိုင်ကို ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်မည်ဆိုလျှင် ခန့်မှန်းကုန်ကျငွေ ၁၂၁၂.၆၄ သန်းကုန်ကျမည် ဖြစ်ပါကြောင်း၊ သို့ပါ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီတို့ပေါင်းစပ်၍ ကျေးလက်နေပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်း၊ လမ်းပန်းဆက်သွယ်မှု လိုအပ်ချက်၊ ရွေးချယ်မှုတို့အပေါ်မူတည်၍ ၂၀၂၇-၂၈ ဘဏ္ဍာနှစ်တွင် ကွန်ကရစ် လမ်းခင်းခြင်းကို တိုင်းဒေသကြီးရန်ပုံငွေနှင့် ဦးစားပေးစဉ်သည့်အတိုင်း လျာထားတင်ပြသွားပြီး ရန်ပုံ ငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။