ဦးစိုးဝင်း(မြို့သစ်မဲဆန္ဒနယ်)
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ မြို့လုလင်- ဆူးတပ်ကြီး- မိုးကောင်း ကျေးရွာချင်း ဆက်လမ်း ၄ မိုင်ခန့်အား ကျောက်ချောလမ်း၊ ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ်သို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ရှိပါက လာမည့်ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတစ်ဝန်းလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ခြင်းသည် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှသာလျှင် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများသည် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခုအခါ မိမိတို့၏ မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးအုပ်စုအတွင်းရှိ ကျေးရွာ ၅ ရွာသည် လမ်းပန်းဆက်သွယ်ရေး ဆိုးရွား လွန်းခြင်းကြောင့် လူမှုစီးပွာရေးဘဝနောက်ကျ ကျန်ရစ်နေခဲ့ပါကြောင်း၊ အဆိုပါလမ်းပိုင်းသည် တောင်တွင်းကြီး-မြို့သစ်-နတ်မောက်လမ်းမကြီးမှခွဲထွက်ပြီး မြို့လုလင်ကျေးရွာ၏ အရှေ့ ဘက် ဆူးတက်ကြီးကျေးရွာအုပ်စုသို့သွားသည့် မြို့လုလင်-ဆူးတပ်ကြီး- မိုးကောင်းကျေးရွာချင်း ဆက်ဖြစ်ပြီး အရှည်မိုင် ၄ မိုင်ခန့်ရှိပါကြောင်း၊ ထိုလမ်းကို ၁၉၉၂-၁၉၉၃ ခုနှစ်မတိုင်ခင်က စတင်ဖောက်လုပ်ခဲ့သော်လည်း ယနေ့အထိ မြေသားလမ်းအဖြစ်သာ ရှိနေပါကြောင်း၊ အထူးသဖြင့် ထိုလမ်းသည် ဆည်ရေသောက် စပါးစိုက်လယ်ကွင်းကြီးများကို ဖြတ်သန်းဖောက်လုပ်ထားပြီး စိုက်ပျိုးရေသွင်းရေထုတ်များကြောင့် ရေတိုက်စားခြင်း၊ မိုးရာသီတွင် ဗွက်ထပြီး လမ်းသားနိမ့်ဆင်း ပျက်စီးခြင်းများ အလွန်မြန်ဆန်နေပါကြောင်း၊ ယခုတင်ပြမှုတွင်ပါသည့် ဆူးတပ်ကြီးကျေးရွာသည် ဒေသတွင်း သား၊ ငါး၊ ဟင်းသီးဟင်းရွက်စားသောက်ကုန်များ အဓိကအရောင်းအဝယ်ဖြစ်သည့် နေ့တစ်ပိုင်းဈေးရှိရာ အချက်အခြာကျသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ နှစ်ပေါင်းများစွာကတည်းက နယ်နိမိတ်ချင်းထိစပ်နေသည့် မြို့လုလင်ဒေသဘက်မှ ဈေးသည်၊ ကုန်သည်များသည်လည်း ဒီဆူး တပ်ကြီး ကျေးရွာဈေးကို အခြေပြု၍ နေ့စဉ်လာရောက်ကူးသန်းသွားလာရောင်းဝယ်ဖောက်ကား နေကြရပါကြောင်း၊ ထို့ကြောင့် ထိုလမ်းပိုင်းသာ ရာသီမရွေး ချောမွေ့စွာ သွားလာနိုင်မည်ဆိုလျှင် ကုန်စည်စီးဆင်းမှုသည် အဆမတန်မြန်ဆန်လာမည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက်လည်း နေ့စဉ်စားသောက်ကုန်ပစ္စည်းများ သက်သာချောင်ချိသည့် ဈေးနှုန်းများနှင့် လွယ်လွယ်ကူကူ ဝယ်ယူစားသုံးနိုင်မည့် မိသားစုစီးပွားရေးအကျိုးကျေးဇူးကို တိုက်ရိုက် ရရှိခံစားလာရမည်ဖြစ်ပါ ကြောင်း၊ သို့သော် လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးဆိုးရွားမှုကြောင့် ဒေသခံတောင်သူများသည် စပါး၊ နှမ်း၊ ပဲမျိုးစုံ သီးနှံများကို ဈေးကွက်ရှိရာတောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်နှင့် မကွေးမြို့သို့ အချိန်မီ မတင်ပို့နိုင်ဘဲ သယ်ယူပို့ဆောင်ရေးစရိတ် အဆမတန် ကုန်ကျနေပါကြောင်း၊ မိုးရာသီတွင် ကား၊ ဆိုင်ကယ်နေနေသာသာ တောင်သူများ၏ အခြေခံနွားလှည်းများတောင် သွားမရအောင် ပျက်စီးနေပါကြောင်း၊ ထို့အပြင် ကျေးရွာအုပ်စုအတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ ဒေသစာရီ ကြွချီရာတွင်လည်းကောင်း၊ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများ နေ့စဉ်သွားလာရာတွင်လည်းကောင်း အရေးပေါ်ကျန်းမာရေးကိစ္စပေါ်ပေါက်လာ၍ ဆေးရုံဆေးခန်း သွားရင်လည်း အချိန်မီမရောက်ဘဲ လမ်းခရီးမှာတင် အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဒုက္ခမျိုးစုံ နှင့် တွေ့ကြုံနေရပါကြောင်း။
ထို့ကြောင့် ဒေသခံပြည်သူများနှင့် ဆရာတော်၊ သံဃာတော်များ၊ ရာသီမရွေး ဘေးကင်း ချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကုန်စည် စီးဆင်းမှုမြန်ဆန်ရေးတို့အတွက် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ မြို့လုလင်- ဆူးတပ်ကြီး - မိုးကောင်းကျေးရွာချင်းဆက် ၄ မိုင်ခန့်အား ရာသီမရွေးသွားလာနိုင်သည့် ကျောက်ချောလမ်း သို့မဟုတ်ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းအဖြစ်သို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က
မြို့လုလင်-ဆူးတပ်ကြီး-မိုးကောင်းကျေးရွာချင်းဆက်လမ်းသည် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပြည်ထောင်စုမှ စီမံခန့်ခွဲသော အရှည် ၄ မိုင် Class A အဆင့်ရှိ မြေနီလမ်း အမျိုးအစားဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေနှင့် လမ်းအရှည် ၄ မိုင်ကို ဂဝံမြေနီလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လက်ရှိ လမ်းအခြေအနေသည် နွေရာသီတွင် သွားလာ၍ရခဲ့ပြီး မိုးရာသီတွင် သွားလာရန်ခက်ခဲလျက်ရှိပါကြောင်း၊ အဆိုပါလမ်းအရှည် ၄ မိုင်ကို ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်မည်ဆိုလျှင် ငွေကျပ် ၁.၃ ဘီလီယံ (၁,၃၀၀ သန်းခန့်) ကုန်ကျမည်ဖြစ်ပြီး ရာသီမရွေးသွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မည် ဆိုလျှင် ငွေကျပ် ၃.၅ ဘီလီယံ (၃,၅၄၄ သန်း ခန့်) ကုန်ကျမည်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို သွားလာမှုချောမွေ့စေရန်နှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုလျှင် ငွေကျပ် ၁၃၃ သန်းကုန်ကျမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစ၍ ပြုပြင်ထိန်းသိမ်းခြင်းရန်ပုံငွေ အကန့်အသတ် အတွင်းမှ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ထပ်မံလိုအပ်သည့် ဘဏ္ဍာငွေကို ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာအပေါ်အခြေခံ၍ လွှတ်တော် ကိုယ်စားလှယ် တော်ကြီးမှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့ ပေါင်းစပ်၍ ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်း၊ လမ်းပန်းဆက်သွယ်မှု လိုအပ်ချက်၊ ရွေးချယ်မှုတို့အပေါ်မူတည်၍ ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီး၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဦးစားပေးစဉ်သည့်အတိုင်း ကျန်လမ်းပိုင်းတို့ကို ပြင်ဆင်ထိန်းသိမ်းနိုင်ရေး လျာထားတင်ပြသွားမည် ဖြစ်ပြီး ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။
ဦးစိုးဝင်း(မြို့သစ်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးအုပ်စု လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးအတွက် ပြည်သူ့ ကောင်စီအဆင့်ဆင့် ပထမအကြိမ်မှစ၍ မြို့လုလင်- ဆူးတပ်ကြီးထိအကျယ် ပေ ၇၀ ခန့်၊ ၁၉၆၂-၁၉၆၃ ခုနှစ်တွင် ဆူးတပ်ကြီး- မိုးကောင်း လမ်းအား ပေ ၅၀ အကျယ်နှင့် ဂေါ်ထိုးများနှင့် ပီပီပြင်ပြင် မြေမြင့်နေခြင်းနှင့် လူထုစွမ်းအားများနှင့် မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်း ကို သိရှိရပါကြောင်း၊ ထိုလမ်းမကြီးကို ၂၀၁၈- ၂၀၁၉ ခုနှစ်က ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ADB Asia ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေစီမံချက်စနစ်နှင့် ဧရာဝတီတိုင်းထဲမှ နှစ်မြို့နယ်မှ နှစ်ရွာ၊ မကွေးတိုင်းထဲမှ နှစ်မြို့နယ်မှ နှစ်ရွာတွင် မြို့သစ်မှ မြို့လုလင်- ဆူးတပ်ကြီး - မိုးကောင်းလမ်းကို လမ်းအမည်ဆိုတာက အချက်အလက်လေးများ တွေ့ရပါကြောင်း၊ ဘယ်လိုတွေ့ရလဲဆိုလျှင် မြို့သစ် MOYP 044 ၆ ကီလိုမီတာရှိဆိုပြီး ပြထားသည်ကို တွေ့ရပါကြောင်း၊ ထိုစီမံချက်ကြီးကိုလည်း အကြောင်းအမျိုးမျိုးနှင့် မအောင်မြင်ခဲ့သည့်အတွက် မိမိတို့လမ်းသည် ယနေ့အချိန်ထိ ဆိုးသွမ်းနေ သည့် အခြေအနေမျိုးဖြစ်ပါကြောင်း။
ဆူးတပ်ကြီးကျေးရွာအုပ်စုတွင် အိမ်ထောင်စုပေါင်း ၁,၅၀၀ ခန့်ရှိပြီး လူဦးရေပေါင်း ၅,၆၁၆ ဦးနေထိုင်လျက်ရှိပါကြောင်း၊ စိုက်ဧက ၅၇၂၈.၆၉ ဧကရှိပြီး အသုံးပြုသည့်ရေသည် ဆဒ္ဒန်ရေ လှောင်တမံနှင့် စွန်ချောင်း ရေလှောင်တမံတို့မှရေကို သုံးစွဲရပါကြောင်း၊ ဆူးတပ်ကြီးအုပ်စုတွင် ဆူးတပ်ကြီးကျေးရွာ အ.ထ.ကခွဲ ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ ပန်းတော ကျေးရွာ အ.လ.က ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ ရွှေဘိုကျေးရွာ အ.လ.က ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ မိုးကောင်းကျေးရွာ အ.လ.ကခွဲ ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများနှင့် ကြို့ပင်တာကျေးရွာမှ ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ မြို့နယ်မှ စီမံခန့်ခွဲရေးဆိုင်ရာ စိုက်ပျိုးရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများ စွာနှင့် တခြားဒေသမှ အရောင်းအဝယ်ခရီးသွားလာသူများလာသည့် အဓိက ပင်မလမ်းကြောင်းကြီး ဖြစ်ပါကြောင်း၊ ဆူးတပ်ကြီးကျေးရွာအုပ်စုသည် ဆူးတပ်ကြီးအုပ်စုမှ မြို့သစ်သို့ ၈ မိုင်၊ ဆူးတပ်ကြီး အုပ်စုမှ တောင်တွင်းကြီးသို့ ၈ မိုင်၊ ဆူးတပ်ကြီးအုပ်စုမှ နတ်မောက်သို့ ၁၆ မိုင်နှင့် ဆူးတပ်ကြီး အုပ်စုမှ မကွေးသို့ ၄၅ မိုင်ကွာဝေးသည့် နေရာတွင်ရှိပြီး စိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာနှင့် စွမ်းအားစုများ ဝယ်ယူရာတွင်လည်းကောင်း၊ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများ အသွား အပြန် ပြုလုပ်ရာတွင်လည်းကောင်း၊ အထူးကျန်းမာရေးကိစ္စ အလျှင်အမြန် သွားလာရာတွင် လည်းကောင်း အရာရာအားလုံးနှင့် အခက်အခဲများကြုံတွေ့နေရပါကြောင်း၊ မြို့လုလင်- ဆူးတပ်ကြီး - မိုးကောင်းလမ်းကြီးအား လမ်းအကျယ်နှင့် သတ်မှတ်စံနှုန်းများ ပြည့်မှီသည့်လမ်းဖြစ်သဖြင့် တိုင်း ဒေသကြီးရန်ပုံငွေ အသုံးပြုစီမံချက်အရလည်းကောင်း လိုအပ်ပါက ပြည်ထောင်စုရန်ပုံငွေဖြင့် စီစဉ်ဆောင်ရွက်ပေးနိုင်မှု ရှိ၊ မရှိ သိရှိလိုပါကြောင်းနှင့် ယခင်စီမံကိန်းများ ဆက်လက်အကောင် အထည်ဖော်လိုမှုကိစ္စများ ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က
ယခင်ပြုလုပ်ခဲ့သည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ မိမိဝန်ကြီးဌာနတွင် ပြန်လည်စိစစ်ပြီး ပြန်လည်တင်ပြပေးမည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် ထိုကတ္တရာလမ်းနှင့် စပ်လျဉ်း၍ ကျန်သည့်ကိုယ်စားလှယ်တော်များပါ သိရှိအောင် အနည်းငယ်တင်ပြလိုပါကြောင်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းတို့ဆိုသည်မှာ နည်းပညာအရ အကျိုးပြုမှုများသည့် ကျေးရွာများ၊ နောက် ခရိုင်ချင်းဆက်လမ်းများ၊ မိုးရေချိန်များသည့် ဒေသများတွင် ကွန်ကရစ်လမ်းကို ဆောင်ရွက် ပေးပါကြောင်း၊ မြန်မာပြည်အလယ်ပိုင်း၊ မကွေးတိုင်းဒေသရှိ နေရာများသည် ရန်ပုံငွေအနေဖြင့် လည်း အကန့်အသတ်ရှိသည့်သောကြောင့် ထိုကိစ္စနှင့်စပ်လျဉ်း၍ စဉ်းစားရန်သင့်ပါကြောင်း၊ ထိုနည်းတူစွာ ရန်ပုံငွေအကန့်အသတ်ရှိနေသည့်အချိန်တွင် ကျေးရွာ၌ လမ်းမပေါက်သေးသည့် ကျေးရွာများနှင့် ခြောက်သွေ့သည့်ဒေသများတွင် မိမိတို့လမ်းတွင် ရာသီမရွေးသွားလာနိုင်သည့် လမ်းများကို ဦးစားပေးဆောင်ရွက်ရန် သင့်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် မြို့သစ်လမ်းသည် များသောအားဖြင့် မိုးရာသီအချိန်တွင် သွားရန် အခက်အခဲဖြစ်ပြီး မိမိတင်ပြခဲ့ သည့်အတိုင်း နွေရာသီတွင် သွားလာနိုင်သည့် အဆင့်လည်းရှိပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ် တော်ကြီးကို တင်ပြထားသည့်အတိုင်း ပထမကုန်ကျမည်ငွေသည် ပြင်ဆင်ထိန်းသိမ်းမည်ဆိုလျှင် ၁၃၃ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ထိုဟာကို ကျောက်ချောလမ်းဖောက်မည်ဆိုလျှင် ဘီလီယံအားဖြင့် 1.3 လောက်၊ ကွန်ကရစ်လမ်းလုပ်မည်ဆိုလျှင် 3.5 လောက်ကုန်မည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်သည့်အခါတွင်လည်း ပြုပြင်ထိန်းသိမ်းရန် ဆက်၍လိုနေသည့်အခါ ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။