နောက်ဆုံးရသတင်းများ
MY EN

(ဇ)- ဦးခင်မောင်ဌေး(ပျဉ်းမနားမဲဆန္ဒနယ်)-မေးခွန်း

2026-07-10
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးခင်မောင်ဌေး(ပျဉ်းမနားမဲဆန္ဒနယ်)

ပျဉ်းမနားမြို့နယ်၊ သာယာစုကျေးရွာအား ရေဘေးလွတ်နိုင်မည့် သင့်တော်သောမြေနေရာသို့ ရွှေ့ပြောင်းရန် အစီအစဉ်ရှိ မရှိနှင့် ရှိပါက ဘုန်းကြီးကျောင်း၊ မူလတန်းလွန်ကျောင်းနှင့်လူထုခမ်းမများ ပါဝင်သည့် မြေဧရိယာသတ်မှတ်ပေးရန်  အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပျဉ်းမနားဒေသသည် ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ခုနှစ်များတွင် မိုးကြီးစွာရွာသွန်းဖြစ်ပေါ်ခဲ့ပြီး ကျေးရွာတော်တော်များများ ရေကြီးနစ်မြုပ်မှုအန္တရာယ် ကြုံတွေခဲ့ရပါကြောင်း၊ ရေကြီးမှုဖြစ်စဉ်တွင် သာယာစုကျေးရွာလည်း ရေကြီးနစ်မြုပ်ခဲ့ရပါကြောင်း၊ ထိုသာယာစုကျေးရွာသည် ပေါင်းလောင်းမြစ် အတွင်းတည်ရှိပြီး ပေါင်းလောင်းမြစ်ကျိုးအင်း ဝိုင်းထားသည့်ရွာဖြစ်ပါကြောင်း၊ သာယာစုကျေးရွာသည် အိမ်ခြေ၁၆၇ အိမ်ရှိပြီး လူဦးရေ ၆၉၆ ဦးနေထိုင်ကြပါကြောင်း၊ နှစ်စဉ်မိုးရာသီကာလရောက်တိုင်း ပေါင်းလောင်းမြစ်ရေမြင့်တက်မှုနှင့် ရွာအနီးရှိ ဇီးရိုင်းချောင်းမှ ချောင်းရေများ အရှိန်အဟုန်မြင့်ထိုးဆင်း လာမှုတို့ကြောင့် သာယာစုကျေးရွာနှင့် ဖရိုတန်းကျေးရွာတို့သည် ရေကြီးပြီး ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပါကြောင်း၊ အထူးသဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီကာလများတွင် ကျေးရွာအတွင်း ရေကြီးနစ်မြုပ်မှုဖြစ်စဉ်တွင် ရေအမြင့် ၁၂ ပေ အထိ မြင့်တက်ဝင်ရောက်ခဲ့ပါကြောင်း၊ ရေကြီးနစ်မြုပ်မှု ကြောင့် လူနေအိမ်များ ပျက်စီးခြင်း၊ ကျေးရွာရှိ ပြည်သူများ၊ သက်ကြီးရွယ်အို ကလေးငယ်များပါ ရေလွတ်ရာနေရာသို့ အမြန် အန္တရာယ်ကြားတွင် အသက်ဘေးလွတ်အောင် တိမ်းရှောင်ရခြင်း တိရစ္ဆာန် များ သေကျေပျက်စီးခြင်း၊ အိမ်များတွင် သိုလှောင်ထားသည့် စားနပ်ရိက္ခာများ၊  မျိုးပဲများ ပျက်စီးရခြင်း များအပြင် စာသင်ကျောင်းများလည်း ရက်ရှည်ပိတ်ထားရပါကြောင်း၊ ရေပြန်ကျသွားချိန်တွင်လည်း ရေပြန်ကျန်နေမှုကြောင့် ကျန်းမာရေးချို့တဲ့သူများ သွားလာရေးခက်ခဲမှုများနှင့် ကျေးရွာရှိပြည်သူများ သေဆုံးသည့်အခါ သင်္ဂြိုလ်ရန်ခက်ခဲသည့် အခြေအနေများ ဖြစ်ပေါ်ခံစားခဲ့ကြောင်း၊ မိုးရာသီကာလ ရောက်လျှင် မြန်မာနှစ်များနည်းတူ ရေကြီးနစ်မြုပ်မှုဖြစ်စဉ်များ ဖြစ်ပေါ်လာမည်ကို‌ ကျေးရွာသူ၊ ကျေးရွာသားများ အမြဲစိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း။

သာယာစုကျေးရွာတွင် နေထိုင်ကြသည့် ပြည်သူအားလုံးကလည်း ရေဘေးကင်းလွတ်မည့်နေရာ သို့ ရွှေ့ပြောင်းပေးနိုင်ရန် ဆန္ဒရှိနေကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို အားကိုးကြီးစွာ တင်ပြ လာကြပါကြောင်း၊ သို့ဖြစ်ပါ၍ ပျဉ်းမနားမြို့နယ် သာယာစုကျေးရွာအား နောင်လာမည့်မိုးရာသီကာလ များမှာ ရေကြီးနစ်မြုပ်မှုအန္တရာယ် မဖြစ်ပေါ်စေနိုင်ရေးအတွက် ရေဘေးကင်းလွှတ်နိုင်မည့် သင့်တော်သော မြေနေရာသို့ ရွေ့ပြောင်းပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရွှေ့ပြောင်းပေးမည်ဆိုပါက ဘုန်းတော်ကြီးကျောင်း၊ မူလတန်းကျောင်းနှင့် လူထုခန်းမများပါဝင်သည့် မြေဧရိယာသတ်မှတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က

         သာယာစုကျေးရွာသည် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ပေါင်းလောင်းမြစ် အရှေ့ဘက်တွင်ရှိပြီး ပျဉ်းမနားမြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာတွင် တည်ရှိပါကြောင်း၊ လွန်ခဲ့ သော ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေဘေးအန္တရာယ် ကြုံတွေ့ရခဲ့ရသည့်အတွက် လက်ရှိဒေသနှင့်ဝေးလံခြင်းမရှိသော ဒေသသို့ ရွှေ့ပြောင်းလိုကြောင်း တင်ပြခဲ့မှုရှိပါကြောင်း၊ ထိုတင်ပြမှုများအရ ဦးစားပေးမြေနေရာ ၃ နေရာကို နေပြည်တော်ကောင်စီမှ ရွေးချယ်ထားပါကြောင်း၊ ပထမဦးစားပေးမြေနေရာသည် သာယာစု ကျေးရွာအုပ်စုမှ ၇ ဖာလုံခန့် ကွာဝေးသည့် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၁၈၁)၊ နတ်တော်အိုင်အရှေ့ကွင်းရှိ မြေလွတ်မြေရိုင်းဧရိယာ ၃၆ ဧကဖြစ်ပါကြောင်း၊ အဆိုပါ ၃၆ ဧက ပေါ်တွင် စိုက်ပျိုးလုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားဆဲတောင်သူ ၁၂ ဦးရှိပြီး ၎င်းတောင်သူများသည် ရာသီသီးနှံများဖြစ်သော မြေပဲ၊ နှမ်းနှင့် နှစ်ရှည်ပင်များဖြစ်သော သရက်၊ သနပ်ခါးပင်များကို စိုက်ပျိုးထားကြောင်း။ 

         အဆိုပါမြေနေရာအတွက် သာယာစုကျေးရွာနေပြည်သူများမှ  ပြန်လည်ဝယ်ယူနိုင် ခြင်းမရှိ သည့်အတွက် နိုင်ငံတော်အစီအစဉ်ဖြင့်သာ မြေရရှိလိုကြောင်းလည်း တင်ပြမှုရှိပါကြောင်း၊ ဒုတိယ ဦးစားပေးမြေနေရာအနေနှင့် သာယာစုကျေးရွာမှ ၆ ဖာလုံခန့်ကွာဝေးသည့် ကူးတို့ဆိပ်ကျေးရွာ အုပ်စု၊ ကွင်းအမှတ် (၁၅၇၅)၊ နတ်တော်အိုင်ကွင်းအတွင်းရှိ လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသည့် လယ်မြေ ၁၅.၅၃ ဧကနှင့် ယာမြေ ၁၀.၅၅ ဧကဖြစ်ပါကြောင်း၊ စုစုပေါင်းမြေဧရိယာ ၂၆.၀၈ ဧက ဖြစ်ပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ ၇ များ ထုတ်ပေးထားရှိသည့် မြေများဖြစ် သည့်အတွက် ၎င်းမြေပေါ်သို့လည်း ပြောင်းရွှေ့လိုခြင်းမရှိကြောင်း ဆွေးနွေးသိရှိရပါကြောင်း။

         တတိယဦးစားပေးမြေနေရာသည် သာယာစုကျေးရွာမှ ၁ မိုင်၊ ၄ ဖာလုံခန့်ကွာဝေးသည့် ပျဉ်းမနားမြို့နယ်၊ သစ်တွန့်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၂၂၀၉ ဧက သာယာဝှမ်းကွင်းရှိ မြေလွတ် မြေရိုင်း ဧရိယာ ၃၆ ဧက ဖြစ်ပါကြောင်း၊ အဆိုပါ မြေလွတ်မြေလပ်မြေရိုင်းသည် အလွယ်တကူ သွာလာနိုင်ပြီး မည်သူတစ်ဦးတစ်ယောက်နှင့်မှ အငြင်းပွားမှုဖြေရှင်းခြင်း ဆောင်ရွက်နိုင်မှု မရှိဘဲ အစိုးရမှ စီမံခန့်ခွဲနိုင်သည့် မြေဖြစ်ပါကြောင်း၊ မြေယာတန်ဖိုးလျော်ကြေးပေးအပ်ရန် မလိုသည့် နေရာ လည်းဖြစ်ပါကြောင်း၊ သို့သော် ကုန်းမြင့်ပိုင်းဖြစ်သည့်အတွက် စိုက်ပျိုး‌ဧရိယာများနှင့် လွတ်ကင်း သော်လည်း နွေရာသီတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးမှု ဖြစ်နိုင်ချေရှိသည့်အတွက် ပြောင်းရွှေ့လိုခြင်း မရှိကြောင်းလည်း သိရှိရပါကြောင်း။ 

         သာယာစုကျေးရွာအုပ်စု ပြောင်းရွှေ့ရေးနှင့်စပ်လျဉ်း၍ ပျဉ်းမနားခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ ၁၂-၃-၂၀၂၆ ရက်တွင် ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ သာယာစု ကျေးရွာသို့ ကွင်းဆင်း၍ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့သည့်နေရာတွင်  ကျေးရွာနေပြည် သူများမှ ပထမဦးစားပေးမြေနေရာဖြစ်သော မြေလွတ်၊ မြေလတ်၊ မြေရိုင်း ၃၆ ဧကသို့သာ ပြောင်းရွှေ့ လိုကြောင်း တင်ပြမှုရှိပါကြောင်း၊ ၎င်းနေရာသည် မြေလွတ်၊ မြေလတ်၊ မြေရိုင်းစိုက်ပျိုး လုပ်ပိုင်ခွင့် လျှောက်ထားသူ ၁၂ ဦး၏ လက်ရှိစိုက်ပျိုးနေပါကြောင်း၊ ရွှေ့ပြောင်းစိုက်ပျိုးလိုသော မြေနေရာနှင့် စပ်လျဉ်း၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ(ခ) အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် အသုံးပြုခွင့် ချန်ထားပေးသည့် မြေဧရိယာအပေါ်တွင် ယခင်က တည်းက   လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသော ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများ ပါဝင်နေပါက တရားဝင်လုပ်ကိုင်ခွင့်ရရှိထားခြင်း မရှိသည့်တိုင်အောင်  နစ်နာမှုမရှိစေရန် ၎င်းတို့၏ဆန္ဒအပေါ် ညှိနှိုင်းဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားရှိခြင်းဖြစ်ပါကြောင်း။ 

         ထို့ကြောင့် ကျေးရွာပြောင်းရွှေ့နိုင်ရေးနှင့်ပတ်သက်၍  ကျေးရွာပြောင်းရွှေ့စဉ် ကုန်ကျစရိတ်များ အား နိုင်ငံတော်အစီအစဉ်ဖြင့်သာ ဆောင်ရွက်ပေးနိုင်ရေး ကျေးရွာနေပြည်သူများမှ တင်ပြမှုရှိပါ ကြောင်း၊ ထိုသို့ပြောင်းရွှေ့ခွင့်ရရှိရန်ဆိုလျှင် နေပြည်တော်ကောင်စီ၏ တင်ပြချက်အရ ရေရှည် ၃ နှစ် စီမံကိန်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်မှုများ ဆောင်ရွက်မည်ဆိုလျှင် ကျေးရွာနယ်နိမိတ် ကျေးရွာပြင်ဆင်ဆောင်ရွက်ရမှာဖြစ်သည့်အတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ အရ နိုင်ငံတော်သမ္မတထံသို့ တင်ပြ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။ 

သို့ဖြစ်ပါ၍ သာယာစုကျေးရွာပြည်သူများ  ကျေးရွာမြေအဖြစ်ပြောင်းရွှေ့ အသုံးပြုခွင့်ရရှိရေးနှင့် စပ်လျဉ်း၍ တည်ဆဲမြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ၊ ပျဉ်းမနားခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီတို့၏ ကြီးကြပ်စီမံခန့်ခွဲမှုဖြင့် နိုင်ငံတော်သမ္မတထံတင်ပြ၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးခင်မောင်ဌေး(ပျဉ်းမနားမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကျေးရွာနှင့် ပြည်သူတွေ၏ ဆန္ဒနှင့်အသံသည် ရွာရွှေ့ပြောင်းချင်သည့်ဆန္ဒသာရှိပါကြောင်း၊ မိမိတို့ ကျေးရွာပြည်သူများ၏ ဆန္ဒသဘောထားကို အကြိမ်ကြိမ် မေးပါကြောင်း၊ အကယ်၍ ရွာရွှေ့ ပြောင်းခွင့်မရလျှင် ရွာကိုရေဘေးနှင့်ပတ်သက်၍ အတားအဆီး အကာအကွယ်လုပ်မည်ဆိုလျှင်ရော အဆင်ပြေနိုင်မှုရှိမလားဆိုသည့်အခါ ထိုဟာကိုလည်း ၎င်းတို့မလုပ်ဘဲ ရွာကိုပဲရွှေ့ချင်သည့်သဘော ဖြစ်သည့်အတွက်  အကယ်၍ ရွာရွှေ့မည့်အစီအစဉ်သည် ကာလအားဖြင့် ၂ နှစ် ၃ နှစ်ကြာမည်ဖြစ် သည့်အတွက် ထိုကာလထဲတွင် ထိုရွာနှင့်စပ်လျဉ်း၍ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးမည့် အစီအစဉ်ကို မည်သို့ဆောင်ရွက်ပေးမည်ဆိုသည့် အစီအမံ ဖြေကြားပေးနိုင်လျှင် ဖြေကြားပေးရန် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က

မြန်မာနိုင်ငံ၏ အနေအထားအရ သဘာဝဘေးအန္တရာယ်များသည် နှစ်စဉ်ကြုံတွေ့နေရသည့် အနေအထားမျိုးရှိပါကြောင်း၊ ထိုကဲ့သို့သ ဘာဝဘေးအန္တရာယ် ကျရောက်မည့်အနေအထား ဖြစ်ပေါ် လာမည်ဆိုသည့် ကြိုတင်ခန့်မှန်းချက်များ၊ တွေ့ရှိရမည်ဆိုလျှင် ထိုသဘာဝဘေး အန္တရာယ်ထိခိုက် နိုင်သည့်နေရာမှ အမြန်ပြောင်းရွေ့နိုင်ရေး၊ ယာယီအဆောက်အအုံများ ဆောက်လုပ်ပြီး  ကူညီကယ်ဆယ် နိုင်ရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ နေပြည်တော်ကောင်စီအပါအဝင် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့များမှ စီမံဆောင်ရွက်ထားရှိခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ ရေဘေး အန္တရာယ်ကြုံတွေ့ရမည့် အခြေအနေမျိုးတွင် သက်ဆိုင်ရာ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်စီမံဆောင်ရွက်သွားနိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။