ဦးမောင်ရွှေ(လွိုင်ကော်မဲဆန္ဒနယ်)
လွိုင်ကော်မှ ရန်ကုန်သို့ အသွားအပြန်ခရီးစဉ် ရပ်နားထားသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း အား မည်သည့်အချိန်နှင့် မည်သို့သောနှုန်းထားများဖြင့် ကောက်ခံ၍ ပြေးဆွဲပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ကယားပြည်နယ်သည် ၂၀၂၁ ခုနှစ်တွင် လူဦးရေ ၃၀၀,၀၀၀ နီးပါးခန့် နေထိုင်လျက်ရှိသော ပြည်နယ်ငယ်လေး တစ်ခုဖြစ်ခဲ့ပြီး ယခုအခါ လူဦးရေ ၆၀,၀၀၀ ကျော်နီးပါးခန့် ဝင်ရောက်နေထိုင်ပြီ ဖြစ်ပါကြောင်း၊ နေထိုင်ကြသောပြည်သူအများစုသည် စားဝတ်နေရေးအတွက် ဈေးရောင်း၊ ဈေးဝယ်၊ ကျပန်း၊ လယ်ယာ၊ တောင်ယာ၊ ခြံလုပ်ငန်းများကိုသာ အဓိကထား လုပ်ကိုင်စားသောက်ကြသူများ ဖြစ်ပါကြောင်း၊ စီးပွားရေးအနေအထားအရ လွန်စွာ နိမ့်ကျခဲ့ရပါကြောင်း၊ ဝေးလံ ခေါင်းဖျားတွင် နေထိုင်ကြသော ပြည်သူများသည် ကျန်းမာရေးအရ ဆေးကုသရာတွင် လွိုင်ကော်မြို့ပေါ်နှင့် လွိုင်ကော် မြို့နယ်မှတစ်ဆင့် အခြားသောမြို့ကြီးများသို့ သွားရောက်ကုသကြရပါကြောင်း၊ လမ်းပန်းဆက်သွယ် ရေးအရ လေကြောင်း၊ ကုန်းလမ်း လွန်စွာ အဆင်ပြေချောမွေ့ခဲ့ကြပါကြောင်း၊ ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံရေး၊ စစ်ရေး ကပ်ဘေးအမျိုးမျိုးတို့ကြောင့် လူမှုစီးပွားဘဝ ချွတ်ခြုံကျဆင်းခဲ့ကြရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပါကြောင်း၊ ယခုအခါ ကုန်းကြောင်းပို့ဆောင်ရေး အားကောင်းလာပါကြောင်း၊ မြန်မာ့ အမျိုးသားလေကြောင်းလိုင်း၊ ပုဂ္ဂလိကလိုင်း ရပ်နားခဲ့သည်မှာ လေးနှစ်ကျော် ငါးနှစ်ထဲရောက်ရှိလာပြီ ဖြစ်ပါကြောင်း။
မြန်မာ့အမျိုးသားလေကြောင်းလိုင်း၊ ပုဂ္ဂလိကလေကြောင်းလိုင်းရပ်နားထားခဲ့သည်မှာ အချိန်ကြာ မြင့်လာသည်နှင့်အမျှ ပြည်နယ်အတွင်း နေထိုင်ကြသော မိဘပြည်သူညီအစ်ကိုမောင်နှမများ၊ သက်ကြီး ရွယ်အိုများနှင့် ခရီးသွားပြည်သူများသည် လွိုင်ကော်မြို့မှ ရန်ကုန်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ခရီး သွားရန် အချိန်ကုန်ခြင်း၊ ဆေးကုသမှုသွားရာတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေကြရပါကြောင်း၊ မြန်မာ့အမျိုးသား လေကြောင်းလိုင်း၊ ပုဂ္ဂလိကလေကြောင်းလိုင်းများ အမြန်ဆုံးပြန်လည် ပြေးဆွဲပေးရန် တောင်းဆိုရာတွင်လည်း နယ်မြေဒေသလုံခြုံရေးမတည်ငြိမ်သေးဟု ပြောဆိုလာမည်ကို ခန့်မှန်းမိပါ ကြောင်း၊ လွိုင်ကော်မြို့ကို ယခင်လို ပြန်လည် စည်ကားလာရန်အတွက် ဟိုတယ်နှင့် ခရီးသွား အားကောင်းလာရန် အလွန်အရေးကြီးပါကြောင်း၊ လုပ်ငန်းရှင်ကြီးများလည်း အမြန်ဆုံး ပြန်လည် ဝင်ရောက်နေထိုင်လုပ်ကိုင်ပြီး ခရီးသွားပြည်သူများ ဝင်ရောက်လာရန်လည်း အဓိကအရေးကြီးပါ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အဆင့် တာဝန်ရှိသူများမှ ညှိနှိုင်းပေါင်းစပ်ပေးရန် လိုအပ်ပါကြောင်း၊ ကယားပြည်နယ်ကို နိုင်ငံတော်က တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးမှုမျိုးဖြင့် မြန်မာ့အမျိုးသား လေကြောင်းလိုင်း၊ ပုဂ္ဂလိကလိုင်းတို့မှ အရှုံးအမြတ်ကို ပဓာနမထားဘဲ အထူးဦးစားပေးအစီအစဉ်မျိုးဖြင့် တစ်ပတ်လျှင် နှစ်ကြိမ် သို့မဟုတ် အနည်းဆုံး တစ်ကြိမ် ပြေးဆွဲပေးနိုင်ရန် စီစဉ်ညှိနှိုင်းပေး၍ ခရီးသွား ဝန်ဆောင်မှုနှုန်းထားကို သက်သာသော နှုန်းထားဖြင့် အမြန်ဆုံး ပြေးဆွဲပေးနိုင်ရန် မည်သည့်အချိန်တွင် မည်သည့်နှုန်းထားဖြင့် ပြန်လည်ပြေးဆွဲပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က
လွိုင်ကော်လေဆိပ်သည် ကယားပြည်နယ်တွင် တည်ရှိပြီး ပင်လယ်ရေပြင်အထက် အမြင့်ပေ ၂၉၃၂ ပေတွင်ရှိပါကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း လွိုင်ကော်လေဆိပ်၏ မူလလေယာဉ် ပြေးလမ်းအတိုင်းအတာသည် အလျား ၄၅၀၀ ပေ၊ အကျယ် ၇၅ ပေ ဂဝံကျောက်ခင်း ဖြစ်ပါကြောင်း၊ ၁၉၇၈ ခုနှစ်မှစ၍ ကတ္တရာခင်း တည်ဆောက်ခဲ့ပြီး ၁၉၈၀ ခုနှစ် လေယာဉ်ပြေးလမ်းအလျား ၅၂၀၀ ပေ၊ အကျယ် ၇၅ ပေ ရရှိခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှစ၍ လေယာဉ်ပြေးလမ်း ၅၂၀၀ ပေ၊ အကျယ် ၇၅ ပေကို မြောက်ဘက်ကို ၁၈၀၀ ပေ ထပ်မံတိုးချဲ့ဆောင်ရွက်ခဲ့သည့်အတွက် လေယာဉ် ပြေးလမ်းအလျား ၇၀၀၀ ပေ၊ အကျယ် ၇၅ ပေ ရရှိခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ပြီးစီးခဲ့ပါ ကြောင်း၊ ထိုအချိန်က လွိုင်ကော်လေဆိပ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် Air KBZ လေကြောင်းလိုင်းများမှ အပတ်စဉ် ပျံသန်းပြေးဆွဲပေးခဲ့ပါကြောင်း၊ ထို့နောက် အခြေအနေ အကြောင်းကြောင်းကြောင့် ၃၀.၈.၂၀၂၃ ရက်နေ့တွင် Air KBZ လေကြောင်းလိုင်းမှ ပျံသန်းမှု ရပ်နား ခဲ့ပြီး ၁၂.၁၁.၂၀၂၃ ရက်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းက လေကြောင်းပျံသန်းမှု ရပ်နားခဲ့ပါ ကြောင်း၊ လွိုင်ကော်လေယာဉ်ကွင်းကို လေယာဉ်များ ဆင်း/တက်အသုံးပြုနိုင်ရန်အတွက် လေယာဉ် ပြေးလမ်းအနေဖြင့် အရှည် ပေ ၇,၀၀၀ နှင့် အကျယ် ၇၅ ပေတွင် လေယာဉ်များ ဆင်း/တက် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ လေဆိပ်အဆောက်အဦ ၁၅၀ ပေ x ၆၅ ပေတွင် ခရီးသည်များ ဝင်/ထွက် အသုံးပြုနိုင်ပြီး လေကြောင်းဆက်သွယ်ရေးစက် HF ၊ VHF များ တင်ဆင်ထားရှိခြင်း၊ လေယာဉ်လမ်းပြကိရိယာစက် ကောင်းမွန်မှုရှိခြင်း၊ လေယာဉ်ဆင်း/တက်မှု အထောက်အကူပြု လေယာဉ်ကွင်းလျှပ်စစ်မီး အရန်ဓာတ်အားပေးမီးစက် 25 KVA ၁ လုံးနှင့် 37.5 KVA ၁ လုံး တပ်ဆင်ထားရှိပြီး ကောင်းမွန်မှ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း။
လွိုင်ကော်လေယာဉ်ကွင်း ထိခိုက်ပျက်စီးမှုများပြုပြင်ခြင်းများကို ၂၃.၁.၂၀၂၅ ရက်နေ့တွင် အားလုံးဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ လေယာဉ်ကွင်းတွင် လေယာဉ်ဆင်းနိုင်ရန် အဆင်သင့်ရှိ နေသည့်အတွက် လေယာဉ် ဆင်း/တက်မှုအတွက် နေ့စဉ် နံနက် ၀၆:၀၀ အချိန်မှ ညနေ ၀၅:၀၀ အချိန်အထိ လေယာဉ်ကွင်းကို ဖွင့်လှစ်ထားရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ ကယားပြည်နယ်အစိုးရမှ မြန်မာအမျိုးသားလေကြောင်းလိုင်းအား လွိုင်ကော်မြို့မှ ရန်ကုန်မြို့သို့ အသွား/အပြန် လေယာဉ်ခရီး စဉ်များ ပြန်လည်ဆင်း/တက်ပြေးဆွဲနိုင်ရေးနှင့် စပ်လျဉ်း၍ နယ်မြေလုံခြုံရေးအခြေအနေအရ ဆောင်ရွက်နိုင်သည့် အနေအထားဖြစ်ကြောင်း ပြန်ကြားချက် ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လေယာဉ်ပြေးဆွဲမှု ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အမြန်ဆုံးဆောင်ရွက်ပြီး ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ပို့ဆောင် ရေးဝန်ကြီးဌာနမှလည်း ပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ ကို စဉ်ဆက်မပြတ် တိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာအမျိုးသား လေကြောင်း လိုင်း၏ လေယာဉ်လက်မှတ်ခ နှုန်းများကို ရန်ကုန်-လွိုင်ကော်ခရီးစဉ်အတွက် ကျပ် ၃၂၀,၀၀၀ ဝန်းကျင်ခန့်ရှိမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။