ဦးစန်းမြင့် (မြစ်သားမဲဆန္ဒနယ်)
မြစ်သားမြို့နယ်၊ ခရုတုတ်(အရှေ့ရွာ)မြောက်ဘက်တွင်ရှိသော ပန်းလောင်မြစ်နံရံနှင့် မြစ်ရေထိန်း တာရိုး ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြစ်သားမြို့နယ်တွင် ပန်းလောင်မြစ်ကိုပိတ်ပြီး တည်ဆောက်ထားသည့် ကင်းတားဆည်ရှိပြီး ဆည်ရေများကို လက်ဝဲစနစ်၊ လက်ယာစနစ် ဆိုသည့် မြောင်းစနစ်နှစ်မျိုးဖြင့် စိုက်ပျိုးရေပေးဝေလျက် ရှိပြီး မြစ်သား၊ ဝမ်းတွင်း၊ တံတားဦးနှင့် ကျောက်ဆည်မြို့နယ်များတွင်ရှိသည့် လယ်ဧက ၁ သိန်း ကျော်ကို အကျိုးပြုလျက်ရှိသည့် ဆည်ဖြစ်ပါကြောင်း၊ ၎င်းဆည်ခတ်ထားသည့်ပန်းလောင်မြစ်သည် ရှမ်းပြည်နယ်တွင် မြစ်ဖျားခံပြီး မြစ်ညှာပိုင်းမှာ ထူးကဲမိုးကြီးမှုနှင့် မုန်တိုင်းကြောင့် မိုးရွာသွန်းမှုများ ပါက ဆည်ထဲရေပြည့်သည့်အပြင် စိုးရိမ်ရသည့် အခြေအနေမျိုးရှိလာပါက ဆည်ရေကို ရေပိုလွှဲမှ တစ်ဆင့် ပန်းလောင်မြစ်အတွင်းကို ပြန်လည်ထုတ်လွှတ်ပေးရသည့် အစဉ်အလာဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆည်ရေပြည့်လို့ ရေပိုလွှဲမှတစ်ဆင့်ရေများကို ပန်းလောင်မြစ် အတွင်းပြန်လည်ထုတ်လွှတ်ပေးခဲ့ရပြီး၊ မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအတွက် မုန်တိုင်းကြောင့် မိုးရွာသွန်းသည်က တစ်ကြောင်း၊ ဆည်ရေကြောင့်ပန်းလောင်မြစ်အတွင်း ရေတိုးလာ သည်က တစ်ကြောင်း၊ ရေကြီး၊ ရေလျှံမှုနှင့် ရေဘေးအန္တရာယ်ကို ကြီးမားစွာကြုံတွေ့ခဲ့ရပါကြောင်း။
ရေကြီးမှုဖြစ်စဉ်များသည် ၃၊ ၄ နှစ်လျှင် တစ်ကြိမ်ခန့် ဖြစ်လေ့ဖြစ်ထရှိပါကြောင်း၊ ၂၀၀၆ ခုနှစ်၊ ၂၀၀၉ ခုနှစ်၊ ၂၀၁၄ ခုနှစ် ၊ ၂၀၁၇ ခုနှစ် ၊၂၀၂၄ ခုနှစ် စသည့်အနှစ် ၂၀ အတွင်းမှာ ၅ ကြိမ်လောက် ရေကြီးသည်ကို မှတ်တမ်းများအရ သိရှိရပါကြောင်း၊ ပန်းလောင်မြစ်ရေကြီးခြင်း၏ နောက်ဆက်တွဲ အနေဖြင့် မြစ်ကမ်းပါးတိုက်စားပြိုကျမှုများဖြစ်ခဲ့ပြီး ယခုတင်ပြသည့်ခရုတုတ်(အရှေ့ဘက်) ကျေးရွာ တွင် ရှိသည့်ရွာခြေအထိ မြစ်ကမ်းပါးပြိုကျနေသည်ကို တွေ့ရပါကြောင်း၊ ၎င်းအခြေအနေတွင် ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပန်းလောင် မြစ်ရေကိုတားဆီးပေးသည့် ရွာအပြင်ရှိ ရေကာ မြေသားတာရိုးသည် ကွဲအက်မှုများပျက်ဆီးမှုများဖြစ်ခဲ့ပါကြောင်း။
မိမိတို့သည် သဘာဝဘေးကိုတားဆီး၍မရနိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများ၊ ရင်ဆိုင်ရန် လိုသည်ဆိုသည်သိထားကြပါကြောင်း၊ ထို့ကြောင့်ဒေသခံများရေဘေးကို ရင်ဆိုင်ကျော်လွှားနိုင်ရေး အတွက် ပန်းလောင်မြစ်ကမ်းပါးထိန်းကျောက်စီနံရံနှင့် မြစ်ရေကိုကာပေးသည့် ရေကာမြေသား တာရိုးကို ပြန်လည်ပြုပြင်တည်ဆောက်ပေးရန် အခုအခါတွင်အထူးအရေးကြီး လိုအပ်လျက်ရှိပါ ကြောင်း၊ အဆိုပါ ခရုတုတ်(အရှေ့)ရွာအနီးရှိ ပန်းလောင်မြစ်ကမ်းပါသာပြိုပြီး ရွာထဲကိုရေများဝင်ခဲ့ မည်ဆိုပါက အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၆၀၀ ကျော်နေထိုင်သည့် ကျေးရွာလေး အပါအဝင် ရေလမ်း ကြောင်းတစ်လျှောက်ရှိ လက်ပံရွာ၊ ကျားမြှီးစွဲရွာ၊ အုန်းကုန်းရွာ၊ အရေး မဆိုရွာ၊ ရဲကုန်းရွာ၊ ခံတောရွာ၊ ဆင်သည်ရွာ၊ ကုန်းရွာ၊ နကိုးလေးရွာ မြစ်သားမြို့ပေါ်ရပ်ကွက်အချို့နှင့်ပေါက်မြန်ရွာ၊ လောင်းတော်ဦး ရွာ၊ အင်းရဲရွာ၊ ဆက်ကြံရွာ၊ ပျော်ဖွယ်လေး၊ ရဲကောင်းကျေးရွာများအထိ ရေဘေးကြုံရမည်ဖြစ်ပါ ကြောင်း၊ ထိုသို့ ရေဘေးကြုံသည့်အခါမှာပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ပေါင်းများစွာ အပါအဝင် ကျွဲ၊ နွား များနှင့်စိုက်ပျိုး လယ်ယာမြေများစွာ ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ပါကြောင်း။
သို့ပါ၍ မြစ်သားမြို့နယ် ခရုတုတ် (အရှေ့)ကျေးရွာ မြောက်ဘက် မှာရှိသော ပန်းလောင်မြစ် ကမ်းပါးထိန်းကျောက်စီနံရံနှင့် ရေကာမြေသားတာရိုး ပြန်လည်တည် ဆောက်ပေးရန် အစီအစဉ်ရှိ / မရှိနှင့် အစီအစဉ်ရှိက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးထွန်းလူ က
ခရုတုတ်ကျေးရွာသည် ပန်းလောင်မြစ်ဘေးတွင် တည်ရှိပါကြောင်း၊ ပန်းလောင်မြစ်သည် ရှမ်း ရိုးမအလယ်ပိုင်းနေရာမှ မြစ်ဖျားခံ၍ စီးဆင်းလာပြီး ဆည်နှင့်ရေလွှဲဆည်များဖြင့် ရေချိုထိန်းသိမ်းပြီး စိုက်ပျိုးရေးအတွက်များစွာ အကျိုးပြုလျက်ရှိသည့် မြစ်တစ်ခုဖြစ်ပါကြောင်း၊ ပန်းလောင်မြစ် အထက်ပိုင်းတွင် ကင်းတားဆည်နှင့် ရေလွှဲဆည်များရှိခြင်းကြောင့် မိုးရေများကို ထိန်းသိမ်းထားနိုင် သည့်အတွက် စိုက်ပျိုးရေးအတွက် အသုံးပြုနိုင်ပါကြောင်း၊ ခရုတုတ် ကျေးရွာသည် နှစ်စဉ်မိုးရာသီရေ များချိန်မှာရေကြီးမှုဒဏ် ခံစားရပြီးမြစ်ရေကျဆင်းချိန်တွင် ကမ်းပြိုမှု အနည်းငယ် ဖြစ်ပွားခဲ့သဖြင့် ဒေသခံများ၏ အစီအစဉ်ဖြင့် ယာယီကမ်းပြိုကာကွယ်ရေး လုပ်ငန်းများသာ ဆောင်ရွက်ထားနိုင်ခဲ့ သည်ကို သိရှိရပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကွင်းဆင်းစစ်ဆေးချက်အရ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ခရုတုတ်(အရှေ့)ကျေးရွာအား ရေတိုက်စား ကမ်းပြိုမှုမှ ကာကွယ်နိုင်ရန် ကျောက်စီ မြေထိန်း နံရံအလျား ၈၀၀ ပေ တည်ဆောက်ပေးခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း လှုပ်ခတ်ခဲ့ သော မန္တလေးငလျင်ဒဏ်နှင့်ရေကြီးမှုဒဏ်တို့ကြောင့် အဆိုပါကျောက်စီ မြေထိန်းနံရံ အလျား ၆၀၀ ပေခန့်မှာ ပြိုကျပျက်စီးခဲ့ပြီးကျန် ပေ ၂၀၀ မှာလည်း ပြုပြင်ထိန်းသိမ်းမှု များဆောင်ရွက်ရန် လိုအပ် လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါခရုတုတ်(အရှေ့) ကျေးရွာအား ကမ်းပြိုမှုမှ ကာကွယ် နိုင်ရန် ဆောင်ရွက်ထားသည့် ကျောက်စီမြေထိန်းနံရံ အလျား ၈၀၀ ပေကို ကွန်ကရစ်ပိုင်တိုင် အခြေပြု ကျောက်စီမြေထိန်းနံရံဖြင့် တည်ဆောက် ကာကွယ်ပေးရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ခရုတုတ် (အရှေ့)နှင့်ခရုတုတ်(အနောက်)ကျေးရွာနှစ်ခုအား ကမ်းပြိုမှုမှ ကာကွယ်နိုင်ရန် စုစုပေါင်း အလျားပေ ၂,၄၀၀ ခန့်ကို ကွန်ကရစ်ပိုင်တိုင်အခြေပြု ကျောက်ဖြည့် မြေထိန်းနံရံဖြင့် တည်ဆောက် ကာကွယ် ပေးရမည်ဖြစ်ပါကြောင်း၊ ကမ်းပြိုအလျား ပေ ၂,၄၀၀ ခန့် ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အသေးစိတ်တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ၂၀၂၇-၂၈ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေး လျာထားပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိပါက လုပ်ငန်းဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြေကြားထားပါကြောင်း၊ ထို့အပြင်မြေသား တမံတည်ဆောက်ရေးနှင့် စပ်လျဉ်းပြီး မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှဖြစ်နိုင်စွမ်းစိစစ် အကဲ ဖြတ်ခြင်းကိုဆောင်ရွက်ပြီးလုပ်ရမည့် လုပ်ငန်းပမာနအလိုက်၊ နှစ်အလိုက် ရန်ပုံငွေပမာန လျာထား ပြီးဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ပန်းလောင်မြစ်ကမ်းပြို ကာကွယ်ရေးသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြစ်ငယ်၊ ချောင်းငယ်တစ်ခုဖြစ်သဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းတစ်ခုဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခရုတုတ် (အရှေ့)ကျေးရွာသာမက ခရုတုတ်(အနောက်) ကျေးရွာနှစ်ခုလုံးအား ကမ်းပြိုမှုမှ ကာကွယ်နိုင်ရန် စုစုပေါင်း အလျားပေ ၂,၄၀၀ ခန့်ကို ကွန်ကရစ်ပိုင်တိုင်အခြေပြု ကျောက်ဖြည့်မြေထိန်းနံရံဖြင့် ဆောင်ရွက်နိုင်ရန်အသေးစိတ် တိုင်းတားရေးလုပ်ငန်းများ ဆောင်ရွက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၇-၂၈ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေရရှိမှု အပေါ် မူတည်၍ ဦးစားပေးအလိုက် လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာ အကူအညီများနှင့် လုပ်ငန်းဆောင်ရွက်ချိန်များတွင် ပူးပေါင်းကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။