ဦးအောင်မျိုးသန်း(ကော့မှူးမဲဆန္ဒနယ်)
ကော့မှူးမြို့နယ်၊ အမှတ်(၂)မြောင်းမှထမ္မနိုင်ကျေးရွာထိမြောင်းသည် တိမ်ကောနေပါသဖြင့် ပြန်လည်တူးဖော်ပေးရန်အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ကော့မှူးမြို့နယ်၊ တာလမ်းသစ်ရပ်ကွက်မှ ထမ္မတိုင်ကျေးရွာထိ ၄ မိုင်ကွာဝေးပါကြောင်း၊ အဆိုပါလမ်းသည် ၂၀၁၁ ခုနှစ်မတိုင်ခင်က ကျောက်ကြမ်းလမ်းဖြစ်ပါကြောင်း၊ မိုးရာသီတွင်မော်တော်ယာဉ်များ သွားလာရာတွင်လမ်းကြမ်းမှုများကြောင့် ၎င်းကားလမ်းနှင့်အပြိုင် ဖောက်လုပ် ထားသော မြောင်းမှ စက်တပ်မော်တော်ဖြင့် သွားလာနေကြရပါကြောင်း၊ ထမ္မနိုင်ကျေးရွာသည် အဓိကလယ်ယာလုပ်ငန်းလုပ်ကိုင်မှုဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြပြီးကျေးရွာပိုင် လယ်ဧက ပေါင်း ၃,၀၆၈ ဧက ရှိပါကြောင်း၊ လယ်ယာမြေများအတွက်မျိုးစပါးသယ်ယူခြင်း၊ ဓာတ်မြေဩဇာ သယ်ယူခြင်း၊ အထက်တန်းပညာအဆင့်အား အ.ထ.က(ကော့မှူး)တွင်ကျောင်းသားကျောင်းသူများ ကျောင်းတက်ရာ၌ အသုံးပြုခဲ့ရသော ရေလမ်းကြောင်းဖြစ်ခဲ့ပါကြောင်း၊ သို့သော် ၂၀၁၁ ခုနှစ်၊ ပထမ ဒီမိုကရေစီအစိုးရလက်ထက်တွင်မော်တော်ကားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ပေးခဲ့မှုကြောင့် အဆိုပါရေလမ်းကြောင်းအား လုံးဝအသုံးပြုခြင်း မရှိတော့ဘဲ နှစ်ကာလကြာလာ သည်နှင့်အမျှတိမ်ကောလာပြီး ဗေဒါများဖြင့် ပိတ်ဆို့လျက်ရှိပါကြောင်း၊ အဆိုပါမြောင်းတိမ်ကော မှုကြောင့် မြောင်းဘေးတစ်လျှောက် စိုက်ပျိုးလျက်ရှိသော လယ်ဧက ၆၅၀ တွင် ရေစီးရေလာ ကောင်းမွန်မှု မရှိခြင်းကြောင့်နှစ်စဉ်ရေကြီး နစ်မြုပ်ခြင်းဖြစ်ပေါ်နေပြီး တစ်နှစ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ လယ်ယာမြေများအား ပြန်လည်ကြဲပတ်စိုက်ပျိုးနေရသည့်အတွက် အထွက်နှုန်း ကျဆင်းခြင်း၊ စရိတ်များစွာ ကုန်ကျခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အဆိုပါမြောင်းအား ပြန်လည်တူးဖော်မည်ဆိုပါက လက်ရှိအမှတ်(၂)မြောင်းမှ ထမ္မနိုင်ကျေးရွာထိ ၁၅,၉၀၀ ပေအား ပြန်လည်တူးဖော်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါမြောင်း ပြန်လည်တူးဖော်ပြီးပါက လယ်ဧက ၆၅၀ အား နှစ်စဉ် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည့်အပြင် နွေစပါး ၄၄၉ ဧကအား တိုးချဲ့စိုက်ပျိုး လာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ကော့မှူးမြို့၊ တာလမ်းသစ်ရပ်ကွက်မှ ထမ္မနိုင်ကျေးရွာထိ ကားလမ်းနှင့်အပြိုင်ရှိသော မြောင်းအား အမှတ်(၂)မြောင်းမှ ထမ္မနိုင်ကျေးရွာအထိ ပေ ၁၅,၉၀၀ အရှည်ကို ပြန်လည် တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် တူးဖော်ပေးရန်အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် တူးဖော်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က
အဆိုပါမေးခွန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ် ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ မေးခွန်းပါ အမှတ် (၂) မြောင်းမှ ထမ္မနိုင်ကျေးရွာအထိ မြောင်း သည် ကော့မှူးမြို့နယ်အတွင်းရှိ ကော့မှူး-ဝါးဘလောက်သောက် ကားလမ်းဘေးတစ်လျှောက်တွင် တည်ရှိသောမြောင်းဖြစ်ပြီး မိုးရာသီတွင် ကွင်းရေများကို အဆိုပါမြောင်းမှတစ်ဆင့် အမှတ်(၂) မြောင်းနှင့် အမှတ်(၃) မြောင်းများအတွင်းသို့ ထုတ်နုတ်စီးထွက်စေခြင်းဖြင့် ကွင်းရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးလျက်ရှိသည့်အပြင် နွေစပါးရာသီတွင် တိုးမြစ်မှရေချိုကို ကွမ်းခြံကုန်းရေတံခါးအမှတ် (၂)မှတစ်ဆင့် အမှတ်(၂)မြောင်းသို့ သွင်းယူ၍ အမှတ်(၂)မြောင်းမှတစ်ဆင့် ကားလမ်းဘေး တစ်လျှောက်ရှိ လယ်မြေများအား ရေချိုပေးဝေနိုင်ရေးအတွက် အသုံးပြုသောမြောင်းဖြစ်ပါတယ်။ နွေစပါးရေသွင်းယူသည့်မြောင်းဖြစ်ပြီး မြောင်းအတွင်း နှစ်စဉ်သဲနုန်းပို့ချသဖြင့် တိမ်ကောလာခြင်းနှင့် ပေါင်းမြက်များ၊ ဒိုက်ဗေဒါပင်များ ပေါက်ရောက်မှုကြောင့် ရေစီးရေလာပိတ်ဆို့လျက်ရှိသည့်အတွက် မိုးရာသီတွင် ကွင်းအတွင်းမှ ရေထုတ်နိုင်စွမ်းလျော့နည်းလာခြင်းနှင့် နွေစပါးရာသီတွင် သီးနှံစိုက်ပျိုး ရန်အတွက် လိုအပ်သော ရေချိုသွင်းယူနိုင်မှု နည်းပါးခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အဆိုပါ အမှတ်(၂)မြောင်းကူးတံတားမှ ထမ္မနိုင်ကျေးရွာအထိ အလျား ၁၅,၉၀၀ ပေခန့်အား ပြည်လည် နုန်းဆယ်တူးဖော်ပေးခြင်းဖြင့် ကော့မှူး-ဝါးဘလောက်သောက်ကားလမ်းမကြီး ဝဲ/ယာရှိ လယ်မြေ ၆၅၀ ဧကအား မိုးရာသီရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည်ဖြစ်ပြီး နွေစပါးရာသီတွင် ရေချိုပိုမို သွင်းယူနိုင်၍ နွေစပါး ၄၄၉ ဧက တိုးချဲ့စိုက်ပျိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ ကော့မှူးမြို့နယ်၊ အမှတ်(၂)မြောင်းမှ ထမ္မနိုင်ကျေးရွာအထိ ကားလမ်းဘေးမြောင်းအား ပြန်လည်တူးဖော်ပေးရန် လိုအပ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကော့မှူးမြို့နယ်၊ အမှတ်(၂)မြောင်းမှ ထမ္မနိုင်ကျေးရွာအထိမြောင်းအား ပြန်လည် နုန်းဆယ်တူးဖော်နိုင်ရေးအတွက် လိုအပ်သောရန်ပုံငွေအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေ သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။