ဒေါ်ခင်သန်းမြင့်(ငပုတောမဲဆန္ဒနယ်)
ငပုတောမြို့နယ်ရှိ ရေငန်တံတား ရေတံခါးများပျက်စီးနေမှုနှင့် ဆည်မြောင်းရေတံခါး လုံခြုံရေးတို့ အတွက် ပြုပြင်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ငပုတောမြို့နယ်သည် ပင်လယ်ပိုင်းဒေသဖြစ်ပြီး ရေငန်ဝင်ရောက်သည့် ဒေသဖြစ်ပါကြောင်း၊ မြို့နယ်၏အဓိကစီးပွားရေးလုပ်ငန်းများမှ စိုက်ပျိုးရေးလုပ်ငန်း၊ ဆားလုပ်ငန်းနှင့် ရေလုပ်ငန်းတို့ကို အဓိကထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့မြို့နယ်ထဲတွင် ယခင်က ကမ္ဘာ့ဘဏ်စီမံကိန်းဖြင့် ရေငန်တားတာများကို ပြုလုပ်ပေးပြီး ရေတံခါးများ ဆောက်လုပ်ပေးခဲ့သည့် ရေတံခါးစုစုပေါင်း ၁၃ ခု ရှိပါကြောင်း၊ ကမ္ဘာ့ဘဏ်တာများအဖြစ် ကျွန်း(၁)၊ ကျွန်း(၂)၊ ကျွန်း(၃) စသဖြင့် ရှိခဲ့ပြီး ရေတံခါးများ လုပ်ပေးခဲ့သည့်အတွက် တာအတွင်းရှိ တောင်သူများသည် စပါး၊ ပြောင်း၊ ပဲ၊ စားပင်သီးနှံများ စိုက်ပျိုး နိုင်ခဲ့ကြပါကြောင်း၊ စပါးပြီးသည့်အချိန်တွင် ပြောင်း၊ ပဲမျိုးစုံနှင့် အခြားစားပင်သီးနှံများကို စိုက်ပျိုးနိုင် သည့်အတွက် တောင်သူများအနေဖြင့် ဝင်ငွေတိုးခဲ့ပါကြောင်း၊ သို့သော် လုပ်ပေးခဲ့သည့် နှစ်ကာလများ ကြာမြင့်လာသည့်အခါ ရေတံခါးများ မလုံသည့်အတွက် စပါးအပါအဝင် အခြားသီးနှံများပါ ပျက်စီးခဲ့ရ သည့်အတွက် အပိုဝင်ငွေမရသည့်အပြင် အရင်းအနှီးများ ဆုံးရှုံးခဲ့ကြရပါကြောင်း၊ တချို့ရေတံခါးများ သည် ရေငန်ဝင်ရောက်ခြင်းကြောင့် ရေတံခါး၏အောက်ခြေတွင် ဂလိုင်ကြီးများဖြစ်နေပြီး ပြိုကျနိုင် သည့် အခြေအနေဖြစ်နေပါကြောင်း။
ရေတံခါး၏ ရေအဝင်အထွက်ကို တာဝန်ယူနေသူများမှလည်း ရေထုတ်ရမည့်အချိန် ရေကို မထုတ်၊ ပိတ်ရမည့်အချိန် မပိတ်သည့်အတွက် ရေငန်များ ဝင်ရောက်ခြင်း ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပြီး လယ်မြေများတွင် ရေများလွှမ်းပြီး သီးနှံများ ပျက်စီးနေရသည်လည်းရှိနေပါကြောင်း၊ ယနေ့ နိုင်ငံတော်သမ္မတကြီးမှလည်း စိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ အလေးထားဆောင်ရွက်ပေးနေသည် ကို တွေ့ရသည့်အတွက် တောင်သူလယ်သမားများမှ ဝမ်းသာနေကြပါကြောင်း၊ သို့သော် ရေ တံခါးများ မလုံသည့်အတွက် သီးနှံများ ပျက်စီးဆုံးရှုံးမှုများရှိလာသည့်အခါ မည်သူ့ကို ပြောရမည် ဆိုသည်ကို ၎င်းတို့မသိကြပါကြောင်း၊ သို့ဖြစ်ပါ၍ ငပုတောမြို့နယ်အတွင်းရှိ ဆည်မြောင်းဌာနမှ ပြုလုပ်ပေးသော ရေတံခါး၊ ရေငန်တားရေတံခါးများ ပျက်စီးယိုယွင်းနေပြီး လယ်ယာစိုက်ပျိုးရေး အတွက် ရေငန်များဝင်ရောက်၍ ပျက်စီးဆုံးရှုံးနေမှုများအား ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောဒေသသည် ပင်လယ်နှင့်ဆက်စပ်နေသဖြင့် ရေငန် ဝင်ရောက်သော ဒေသဖြစ်ပြီး မိုးစပါးစိုက်ပျိုးမှုအောင်မြင်စေရန်အတွက် အလယ်ကျွန်း (၁)၊ (၂)၊ (၃) တာများ၊ မကျီးပင်-မဒေါ့ကန်တာနှင့် သစ်ပုတ်ထိပ်ရေငန်တားတာတို့ကို တည်ဆောက်ထားရှိခဲ့ ပါကြောင်း၊ အလယ်ကျွန်း (၁)၊ (၂)၊ (၃) တာ တို့ကို အောက်မြန်မာပြည် ဆန်စပါးစိုက်ပျိုးမှုတိုးတက် ဖွံ့ဖြိုးရေးစီမံကိန်း အပိုင်း ၁ အနေဖြင့် ၁၉၈၆ ခုနှစ်တွင်လည်းကောင်း၊ မကျီးပင်-မဒေါ့ကန်တာကို ၁၉၆၇ ခုနှစ်တွင်လည်းကောင်း၊ သစ်ပုတ်ထိပ်ရေငန်တားတာကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ ကျွန်းပတ်တာအတွင်း ပိုလျှံမိုးရေများအား စွန့်ထုတ်နိုင်ရန်နှင့် ကျွန်း ပြင်ပရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် အလယ်ကျွန်း(၁)တာတွင် ရေတံခါး ၃ လုံး၊ အလယ်ကျွန်း(၂)တာတွင် ရေတံခါး ၄ လုံး၊ အလယ်ကျွန်း (၃) တာတွင် ရေတံခါး ၄ လုံး၊ မကျီးပင်-မဒေါ့ကန်တာတွင် ရေတံခါး ၁ လုံး၊ သစ်ပုတ်ထိပ်ရေငန်တားတာတွင် ရေတံခါး ၁ လုံး စုစုပေါင်း ရေတံခါး ၁၃ လုံးမှ စိုက်ပျိုးမြေဧရိယာ ၂၈,၁၂၁ ဧကကို အကျိုးပြုလျက်ရှိပါကြောင်း၊ ယခုအခါ ကျွန်းပတ်တာများရှိ ရေတံခါးအဆောက်အအုံများ၏ ရေတံခါးရွက်များမှာ နှစ်ကာလ ကြာမြင့် လာပြီဖြစ်၍ ကြံ့ခိုင်မှုအားနည်းခြင်း၊ ရေလုံသားရေပြားများ(Rubber Seal)များ ယိုယွင်းပျက်စီး၍ ရေစိမ့်ထွက်ခြင်း၊ ဂီယာအုံများပျက်စီးယိုယွင်းခြင်းတို့ဖြစ်ပေါ်၍ ပြုပြင်ရန် လိုအပ်လျက်ရှိပါကြောင်း။
ငပုတောမြို့နယ် အလယ်ကျွန်း (၁)၊ (၂)၊ (၃) တာ၊ မကျီးပင်-မဒေါ့ကန်တာနှင့် သစ်ပုတ်ထိပ် ရေငန်တားတာတို့အတွင်းရှိ ရေတံခါး ၁၃ လုံးအနက် ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်တွင် အလယ်ကျွန်း (၁) တာရှိ ရေတံခါး ၁ လုံးကို တိုင်းဒေသကြီးရန်ပုံငွေဖြင့်လည်းကောင်း၊ အလယ်ကျွန်း(၃) တာရှိ ရေတံခါး ၂ လုံးကို ပြည်ထောင်စုရန်ပုံငွေဖြင့်လည်းကောင်း ပြုပြင်သွားမည်ဖြစ်ပါကြောင်း၊ ပြုပြင်ရန် ကျန်ရှိသော ရေတံခါး ၁၀ လုံးကို နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ဦးစားပေးအလိုက် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတို့တွင် ဦးစားပေး လျာထား၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ပြုပြင်သွားမည်ဖြစ်ပါကြောင်း၊ ရေတံခါးများ အဖွင့်အပိတ် လွယ်ကူစေရန် ဆေးသုတ်ခြင်း၊ ဆီထိုးခြင်း၊ ရေတံခါးအဝင် အထွက်မြောင်းများတွင် အမှိုက်များ၊ မြက်ပင်၊ ခြုံပင်များရှင်းလင်းခြင်း လုပ်ငန်းများကိုလည်း သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် နှစ်စဉ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ရေငန်တားတာအတွင်း ရေတံခါးများမှတစ်ဆင့် ပြင်ပရေငန်များ ဝင်ရောက်မှုမှ ကာကွယ်ရန် ရေတံခါးအကြီးစား ပြုပြင်ရေးလုပ်ငန်းများ၊ ကျွန်းပတ်တာအတွင်း ချောင်းကော၊ မြောင်းကောတူးဖော်ခြင်းလုပ်ငန်းများနှင့် ရေငန်တားတာများအား သတ်မှတ်တာထိပ်အမြင့်(Authrorized Crest Level-A.C.L) ရောက်သည်အထိ တာတမံတောင့်တင်းကြံ့ခိုင်မှုရှိစေရန် ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးလျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။