ဦးဝင်းဌေး(လယ်ဝေးမဲဆန္ဒနယ်)
ဇေယျာသီရိမြို့နယ်တွင် မြို့တော်ခန်းမတစ်ခုနှင့် ပြေးလမ်း၊ ပွဲကြည့်စင်ပါသည့် ဘောလုံးကွင်း တစ်ကွင်း အား နိုင်ငံတော်အစီအစဉ်ဖြင့် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့် ကာလ တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ဇေယျာသီရိမြို့နယ်သည် နိုင်ငံတော်၏မြို့တော်တစ်ခုဖြစ်သော နေပြည်တော်၊ ပြည်ထောင်စု နယ်မြေရှိ အစိုးရ၏ယန္တရားများနှင့် အနီးကပ်ဆုံး ဆက်စပ်တည်ရှိနေပြီး နေပြည်တော်၏ ၈ မြို့နယ် တွင် အရေးကြီးသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ဇေယျာသီရိမြို့နယ်သည် ဧရိယာစတုရန်းမိုင် ပေါင်း ၂၃၀.၇၅ ကျယ်ဝန်းပြီး အိမ်ထောင်စု ၂၆,၈၀၉ စုရှိပြီး လူဦးရေအားဖြင့် ၁၂၇,၂၂၁ ဦး နေထိုင် သည့်အနက် ၁၈ နှစ်အထက် လူဦးရေမှာ ၈၁,၆၅၂ ဦးရှိပါကြောင်း၊ ၎င်းမြို့နယ် အတွင်းနေထိုင်သူ အများစုမှာ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသူများနှင့် တောင်သူလယ်သမား များဖြစ်ပါကြောင်း၊ ဇေယျာသီရိမြို့နယ်၏ ဒေသခံပြည်သူအများစုသည် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံ ယုံကြည်ကြ သူများဖြစ်ကြပြီး ခေတ်အဆက်ဆက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှစတင်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတိုင်းတွင် လက်ရှိအချိန်အထိ ရှုံးပွဲမရှိ မဲအများဆုံးနှင့် အနိုင်ရရှိသည့် မြို့နယ်တစ်မြို့နယ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏လုပ်ငန်းတာဝန်များကိုလည်း ပူးပေါင်းပါဝင် ထောက်ခံသည့် မြို့နယ်တစ်မြို့နယ်ဖြစ်ပါကြောင်း၊ ဇေယျာသီရိမြို့နယ်အတွင်းတွင် ရာသီအလိုက် ရိုးရာပွဲတော်များနှင့် အားကစားပွဲတော်များစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပြီး ပြိုင်ပွဲတိုင်းအား ရပ်ကွက်လုံးကျွတ်၊ နယ်မြေလုံးကျွတ်အားပေးခဲ့ကြသော အားကစားချစ်ခင်သူ ဝါသနာရှင်အများစု နေထိုင်ကြသည့် မြို့နယ်တစ်ခုလည်းဖြစ်ပါကြောင်း၊ သို့သော်လည်း ဒေသခံ ပြည်သူအများစုသည် တောင်သူလယ်သမားများဖြစ်သည့်အတွက် ငွေကြေးဥစ္စာတောင့်တင်းသူများ မဟုတ်သဖြင့် မြို့နယ် အတွင်း သာရေးနာရေး၊ ဘာသာရေးနှင့်ယဉ်ကျေးမှုကိစ္စများ ဆောင်ရွက်ရာတွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပြုလုပ်ထားသည့် အဆောက်အဦငယ်များတွင်သာ လုပ်ကိုင်ဆောင်ရွက်ရပါကြောင်း၊ အလားတူ အားကစားဝါသနာရှင်မျိုးဆက်သစ် လူငယ်များမှာလည်း အားကစားနှင့်စပ်လျဉ်း၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ခေတ်မီ အားကစားကွင်းများ မရှိခြင်းကြောင့် တခြားနယ်မြေများသို့ သွားရောက်လုပ်ကိုင်ဆောင်ရွက်ကြရပါကြောင်း။
သို့ဖြစ်ပါ၍ ဇေယျာသီရိမြို့နယ်ရှိ ဒေသခံပြည်သူများ၏လိုလားချက်နှင့်လိုအင် ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ရန် ဇေယျာသီရိမြို့နယ်အတွင်း သင့်တင့်သော မြို့နယ်ခန်းမ တစ်ခု နှင့် ပြေးလမ်း၊ ပွဲကြည့်စင်ပါရှိသည့် ဘောလုံးကွင်းတစ်ကွင်းအား နိုင်ငံတော် အစီအစဉ်ဖြင့် ဆောင်ရွက်ပေးနိုင်ရန်ရှိ /မရှိနှင့် ရှိပါက မည်သည့်ကာလအတွင်း ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်းဖြင့်မေးမြန်း ခဲ့ပါသည်။
အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးရဲမြင့်ထွန်း
အားကစားဆိုသည်မှာ ကိုယ်လက်လှုပ်ရှားမှုကအစ ဝါသနာပါရာ ကစားနည်းတစ်ခုခုကို လေ့လာ လေ့ကျင့်လိုက်စားခြင်းဖြစ်သည့် အတွက် ကျန်းမာရေးကို များစွာ အထောက်အကူပြု သည့် အပြင် စည်းကမ်း၊ စိတ်ဓာတ် စသည်တို့ကိုပါ ကောင်းမွန်ခိုင်မာစေပါကြောင်း၊ အားကစား မြှင့်တင် ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်ဆိုသည့် စကားနှင့်အညီ နိုင်ငံတကာ တွင် အားကစားကိုအားပေးပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နေကြပါကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရန်ဆိုသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အားကစားရေးရာ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအားကစားကို စိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲနိုင် စေရန်၊ နိုင်ငံတကာအဆင့်မီ ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကောင်း များ ပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍ တိုးတက်မြင့်မားလာစေရန်အတွက် အခြေခံ အဆောက်အအုံများကို စနစ်တကျတိုးချဲ့တည်ဆောက်ပေးလျက်ရှိသည့်အပြင် လူထုအားကစားမှ သည် ထူးချွန်သောအားကစားဆီသို့ (Mass Sports မှ Excellent Sports) ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိ အချိန်တွင် ဝန်ကြီး ဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း အားကစားကွင်းများ၊ အားကစားရုံများနှင့် ရေကူးကန်များကို အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်းနှင့် အသစ်ထပ်မံတည်ဆောက်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊
နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုဖြင့် အားကစားရေးရာဝန်ကြီးဌာနမှ ဦးစားပေး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများမှာ ခရိုင်အဆင့်မြို့နယ်များတွင် မီတာ ၄၀၀ ပြေးလမ်း ပါဝင် သော အားကစားကွင်းများ၊ အားကစားရုံများ ဆောက်လုပ်ခြင်း၊ လူဦးရေ ၁၀၀,၀၀၀ အထက်ရှိသော မြို့ကြီးများတွင်လည်း ပြည်သူများကျန်းမာရေးအတွက် လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်နှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက် အားကစားကွင်းများ၊ အားကစား ရုံများကို စံချိန် စံညွှန်းများနှင့်အညီ ဆောက်လုပ်ပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေအတွင်း ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ရွှေကြာပင်အားကစားကွင်း မြေဧရိယာ ၁၀ ဧကတွင် မီတာ ၄၀၀ ပြေးလမ်းပါ သော ဘောလုံးကွင်း၊ အထူးတန်းပွဲကြည့်စင် အလျား ပေ ၄၈၀၊ အနံ ပေ ၆၀၊ အားကစားခန်းမ အလျား ပေ ၁၈၀၊ အနံ ပေ ၁၅၀၊ တပ်ကုန်းမြို့နယ်တွင် ရုံးအဆောက်အဦ အလျား ၃၄ ပေ၊ အနံ ၂၄ ပေနှင့်လယ်ဝေးမြို့နယ်တွင် ဝန်ထမ်းအိမ်ရာ အလျား ၈၀ ပေ၊ အနံ ၃၄ ပေ တို့အား တည်ဆောက်ပေးထားသည့်အပြင် ပြည်သူများ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်ရန်အတွက် Outdoor Fitness ကိရိယာများ တပ်ဆင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ဇေယျာသီရိမြို့နယ်တွင် အားကစားရေးရာဝန်ကြီးဌာနပိုင် မြို့နယ်အားကစားကွင်း မရှိပါ ကြောင်းနှင့် မြို့နယ်အဆင့် ဘောလုံးအားကစားကွင်းတစ်ကွင်း ဖောက်လုပ်မည်ဆိုပါက မြေဧရိယာ ၁၀ ဧကခန့်၊ အလျား ပေ ၈၀၀၊ အနံ ပေ ၆၀၀ နှင့် မြို့တော်ခန်းမတည်ဆောက်မည်ဆိုပါက မြေဧရိယာ ၂ ဧကခန့် စုစုပေါင်း ၁၂ ဧကခန့် လိုအပ်မည်ဖြစ်ပါကြောင်း၊ လူဦးရေ ၁၀၉,၈၇၉ ဦးရှိ သည့် ဇေယျာသီရိမြို့နယ်တွင် ကိုယ်စားလှယ်တော်ကြီးတင်ပြထားသည့် မြို့တော်ခန်းမ၊ ပြေးလမ်း ပါ ဘောလုံးကွင်းနှင့် အားကစားပွဲကြည့်စင်များ ဆောက်လုပ်ပေးလိုသော်လည်း လိုအပ်သည့် စုစုပေါင်း မြေဧရိယာ ၁၂ ဧကမှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနတို့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေများနှင့် အများပြည်သူပိုင် မြေများတွင် လုံလောက်သော မြေအကျယ်အဝန်းမရှိပါကြောင်း၊ လုံလောက်သော မြေအကျယ်အဝန်းရရှိပါက အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း၊ အထူးတန်း ပွဲကြည့်စင်၊ အားကစားခန်းမ၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာတို့အား ဆောက်လုပ်ပေးနိုင်ရေး အတွက် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအလိုက် လျာထားတင်ပြတောင်းခံ၍ ခွင့်ပြုချက် ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် နေပြည်တော်ကောင်စီအနေဖြင့် မြို့တော်ခန်းမ ဆောက်လုပ်နိုင်ရေးအတွက် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း နေပြည်တော်ကောင်စီနှင့်အတူ ပေါင်းစပ်ရှင်းလင်းဖြေကြားခဲ့ပါသည်။