နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ (၆-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်တင့် မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း (MMIA) အဖွဲ့အား လက်ခံတွေ့ဆုံ
MY EN

(ဆ)- ဦးမောင်မောင်စိုး(သာပေါင်းမဲဆန္ဒနယ်)-မေးခွန်း

2026-07-06
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးမောင်မောင်စိုး(သာပေါင်းမဲဆန္ဒနယ်)

သာပေါင်းမြို့နယ်၊ ရွှေလှေကွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးနိုင်ခြင်းရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

သာပေါင်း မြို့နယ်၊ ခေနန်ကျေးရွာအုပ်စု၊ ရွှေလှေကွင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းကို ၁၉၉၀ ပြည့်နှစ်မှစတင်၍ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများရဲ့ ကိုယ်ထူကိုယ်ထ ရန်ပုံငွေနှင့် စုပေါင်း ၍ ဆောက်လုပ်လှူဒါန်းခဲ့သည့် မူလတန်းကျောင်းဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူ ၄၀ ဦး၊ ဆရာဆရာမ ၃ ဦးတို့နှင့် စတင်ဖွင့်လှစ်သင်ကြားခဲ့ပါကြောင်း၊ နှစ်ပေါင်း ၂၂ နှစ်အကြာ ၂၀၁၂ ခုနှစ်တွင် မူလတန်းကျောင်းသည် ပျက်စီးယိုယွင်းမှုရှိလာသဖြင့် ရပ်မိရပ်ဖများနှင့် စေတနာရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေနှင့် ပထမအကြိမ် ပြင်ဆင်ခဲ့ပြီး သင်ကြားခဲ့ကြရပါကြောင်း၊ ထပ်မံ၍ နှစ်ပေါင်း ၂၇ နှစ် အကြာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း မူလတန်းကျောင်းလေး ပျက်စီးယိုယွင်းမှုများရှိလာသည့် အတွက် ပညာရေးဝန်ကြီးဌာနအား အသနားခံတင်ပြပြီး ကျောင်းပြုပြင်စရိတ် တင်ပြတောင်းခံခဲ့ရာ ကျပ်သိန်း ၃၀ သာချပေးခဲ့သည့်အတွက် မလုံလောက်၍ မိဘပြည်သူများထံမှပင် ဝိုင်းဝန်းစုပေါင်း အလှူခံ၍ ဒုတိယအကြိမ် အကြီးစားထပ်မံ ပြင်ဆင်ခဲ့ရပါကြောင်း၊ ၂၀၂၆ ခုနှစ် စာသင်နှစ်တွင် ကျောင်းဆောင်လေးသည် အိုမင်းဟောင်းနွမ်းလာပြီး ကြမ်းပြင်များ အက်ကွဲလာလျှင်၊ နံရံများအက်ကွဲ လာလျှင် အင်္ဂတေနှင့်ဖာခြင်း၊ ဆေးသုတ်ခြင်း၊ မိုးတွင်းဘက် အမိုးရေယိုလျှင် အမိုးတက်ဖာခြင်း၊ ဖာရုံနှင့်မရပါက သွပ်နှစ်ချပ် သုံးချပ်ဝယ်လဲ၍ ပျက်အစဉ် ပြင်ခဏဆိုသည့် မြန်မာစကားပုံအတိုင်း အထူးလေးစားလိုက်နာပြီး ပျက်လိုက်ပြင်လိုက်နှင့် ယနေ့အထိ စခန်းသွားနေရပါကြောင်း၊ ယခုအခါ မူလတန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ၁ ဦး၊ ကျောင်းဆရာမ ၄ ဦးနှင့် ကျောင်းသားကျောင်းသူ ၉၀ ဦးနီးပါး စာသင်ကြားလျက်ရှိနေကြပါကြောင်း၊ KG ၊ Grade -1 ၊ Grade -2 ၊ Grade -3 ၊ Grade -4 နှင့် Grade -5 ဟူ၍ စာသင်တန်း ၆ တန်းရှိသော်လည်း စာသင်ကျောင်းအတွင်း စာသင်ခန်း ၃ ခန်းနှင့် ကျောင်းအုပ်ကြီးရုံးခန်း တစ်ခန်းသာရှိပါကြောင်း၊ သို့ဖြစ်ပါ၍ စာသင်ခန်းတစ်ခန်းလျှင် အတန်းနှစ်တန်း ပူး၍ သင်ကြားနေကြရပါကြောင်း၊  ဆရာဆရာမများနားနေခန်းနှင့် ကျောင်းတစ်ကျောင်းသည် ရှိသင့် ရှိထိုက်သည့် ဖွဲ့စည်းပုံဥပဓိရုပ်ဆိုသည်မှာ ဝေးပါကြောင်း။

ယခု အ.မ.က ရွှေလှေကွင်းကျောင်သည် ၁၉၉၀ ပြည့်နှစ်မှစတင်၍ ယနေ့ထိတိုင် နိုင်ငံတော်မှ တည်ဆောက်ပေးခဲ့သော ကျောင်းဆောင်လုံးဝမရှိသေးသောရွာဖြစ်ပြီး နိုင်ငံတော်မှထောက်ပံ့ခြင်းသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ပြင်ဆင်စရိတ် သိန်း ၃၀ သာရှိသေးပါကြောင်း၊ ကျောင်းအမိုးများပေါက်ပြဲ၍ ရသည့်ဟာနှင့် လဲပါကြောင်း၊ နံရံများ ကွဲသည့်အတွက် အင်္ဂတေနှင့်ဖာခြင်း၊ ဆေးသုတ်ခြင်းလုပ်နေရပါ ကြောင်း၊ မိမိတို့ဒေသသည် မိုးရာသီတိုင်း ရေမြုပ်သည့်နေရာဖြစ်သည့်အတွက် အထူးသဖြင့် အောက်ခြေ လေးပေ၊ ငါးပေသည် အနည်းဆုံးရေမြုပ်ပါကြောင်း၊ အထူးသဖြင့် သစ်သားတိုင်နှင့်ဆောက်ရသည့်အခါ ခဏခဏလဲရပါကြောင်း၊ အိမ်သာသွားသည့်လမ်းမှာ ကလေးများ တော်တော်လေးဒုက္ခရောက်နေ ပါကြောင်း၊ ထိုကျောင်းတွင် ကျောင်းအုပ်ကြီးရုံးခန်းတစ်ခန်းနှင့် စာသင်ခန်း စုစုပေါင်း ၃ ခန်းသာရှိပါ ကြောင်း၊ စာသင်ခန်းတစ်ခန်းတွင် KG တန်းနှင့် Grade -2 နှစ်ခန်းပေါင်းပြီး သင်နေရပါကြောင်း၊ ထိုဟာသည် စာသင်ကျောင်းတစ်ကျောင်းတွင် မဖြစ်သင့်ပါကြောင်း၊ နောက်တစ်ခန်းတွင် Grade-1 နှင့် Grade -3 တွဲ၍ ဟိုဘက်ဒီဘက် Partation မထားနိုင်ဘဲ တစ်ခန်းကသင်လျှင် တစ်ခန်းကကြား နေရသည့်အတွက် အာရုံထွေပြားပြီး ပညာရေးတွင် မဖြစ်သင့်သည့် အနေအထားဖြစ်ပါကြောင်း၊ တတိယခန်းတွင် Grade-4 နှင့် Grade -5 ဆိုသည်မှာ အရွယ်ရောက်လာသည့် အနေအထားဖြစ်ပါ ကြောင်း၊ မရှိသည့်အတွက် ကူးပြီးသင်နေရပါကြောင်း၊  သို့ဖြစ်ပါ၍ စာသင်ခန်း ဖွဲ့စည်းပုံလိုအပ်ချက်အရ ကျောင်းဆောင်သစ် အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၅ ပေရှိသည့် RC ကျောင်းဆောင် သစ်တစ်ဆောင်အား အမြန်ဆုံးလိုအပ်နေသဖြင့် ကျောင်းဆောင်သစ်တစ်ဆောင်အား ပညာရေးဝန်ကြီး ဌာနအနေဖြင့် ယခုလာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း ချထားပေးနိုင်ခြင်းရှိ မရှိနှင့် ချထားပေးနိုင်ခြင်းမရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ချထားပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ရွှေလှေကွင်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် ၆၀ ပေ x ၃၀ ပေ အုတ်ညှပ်တစ်ဆောင်နှင့် စာသင်ခန်း ၃ ခန်းရှိပါကြောင်း၊ KG ၁၁ ဦး၊ Grade-1 ၆ ဦး၊ Grade- 2 ၈ ဦး၊ Grade- 3 ၅ ဦး၊ Grade -4  ၉ ဦး၊ Grade -5  ၇ ဦး စုစုပေါင်း ၄၆ ဦး ပညာသင်ကြားလျက်ရှိပြီး ဆရာ ဆရာမအနေဖြင့် မူလတန်းကျောင်းအုပ် ၁ ဦး၊ ဒုတိယမူလတန်းပြ ၂ ဦး၊ လက်ထောက်မူလတန်းပြ ၂ ဦး၊ အထွေထွေလုပ်သား ၁ ဦး စုစုပေါင်း ၆ ဦးနှင့် သင်ကြားလျက်ရှိပါ ကြောင်း၊ သို့သော် စာသင်ခန်းအနေအထားအရ လိုအပ်မှုရှိနေသေးသဖြင့် စာသင်ခန်းအဆောင်ကို အကြီးစားပြင်ဆင်မှုလုပ်ပေးမည်ဖြစ်ပါကြောင်း၊ ပြီးလျှင် လိုအပ်နေသည့် ၆၀ ပေ x ၃၀ ပေ စာသင် ဆောင်အတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင် ကွင်းဆင်းစစ်ဆေးပြီး ဆောက်လုပ်ရမည့်မြေနေရာနှင့် ကျောင်းအနေအထားကိုကြည့်ပြီး တိုင်းဒေသကြီးဒေသအလိုက် ဘတ်ဂျက်လျာထားမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးမောင်မောင်စိုး(သာပေါင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

ယခင်ကလည်း မိမိ တင်ပြခဲ့ဖူးပါကြောင်း၊ သာပေါင်းမြို့နယ်သည် ဆင်းရဲနွမ်းပါးသည့်၊ ဖွံ့ဖြိုးမှုနိမ့်ကျသည့် မြို့နယ်ဖြစ်ပါကြောင်း၊  ထိုတစ်ကျောင်းတင်မဟုတ်ပါကြောင်း၊ နောက်ပိုင်းတွင် လည်း စာသင်ကျောင်းများနှင့်စပ်လျဉ်း၍ တင်ပြစရာ အများကြီးရှိပါကြောင်း၊ ချို့ယွင်းအားနည်း ချက်များပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲမှလည်း ပညာရေးကိုအဓိကထားပြီး အကုန်လုံး စာတတ်မှ မိမိတို့တိုင်းပြည်သည် တိုးတက်လာမည်ဖြစ်သည်ကို လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖြစ်နိုင်လျှင် ထိုစာသင်ကျောင်းနှင့်စပ်လျဉ်း၍ လက်ရှိအခက်အခဲရှိနေပါကြောင်း၊ ဖြစ်နိုင် လျှင် အတတ်နိုင်ဆုံး ဦးစားပေးပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက်ပြီး ဆောင်ရွက်ပေးပါဟု တင်ပြလိုပါကြောင်း၊ ထပ်မံ၍ ထိုဟာလေးကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က

ဆက်စပ်မေးခွန်းနဲ့စပ်လျဉ်း၍ ဖြေပြီးသားဖြစ်ပါကြောင်း၊ မိမိတို့ အမြန်ဆုံး ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ လိုအပ်နေသည်များကို  မိမိတို့ကြည့်ပြီး ဖြည့်ဆည်းပေးနိုင်သည်များကို လုပ်ပေး မည်ဖြစ်ပါကြောင်း၊ သို့သော် တချို့နေရာများတွင် ကျောင်းသားဦးရေ အရမ်းနည်းသည့်အတွက် တစ်ကျောင်းဆောက်ဖို့ဆိုသည်မှာ တချို့နေရာလေးများတွင် အခက်အခဲရှိပါကြောင်း၊ သို့သော် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် မိမိတို့ ဘတ်ဂျက်လျာထားမှုအပေါ် မူတည်၍  ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ထိုစာသင်ဆောင်၏ လိုအပ်ချက်ကိုလည်း မိမိ အစောက တင်ပြသွား သည့်အထဲတွင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်ထဲမှာထည့်သွင်းပြီး ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။