နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်တင့် မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း (MMIA) အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ရန်ကုန်မြို့၊ တရုတ်သံရုံးမှ သံမှူး Mr.Wang Daopan ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် Naypyitaw State Academyမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ (၃-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်
MY EN

(က)- ဒေါ်ခင်သန်းမြင့် (ငပုတောမဲဆန္ဒနယ်)-မေးခွန်း

2026-07-03
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်ခင်သန်းမြင့် (ငပုတောမဲဆန္ဒနယ်)

ငပုတောမြို့နယ်အတွင်းရှိ လပွတ္တာ(ကျောက်ဖျာလေး) သုံးခွ၊ အုတ်တွင်း၊ ထိပ်စွန်းလမ်းအား ရာသီ မရွေးသွားလာနိုင်သောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

‌မေးခွန်းပါလမ်းသည် နာဂစ်မုန်တိုင်းတိုက်ခိုက်ပြီး ဒေသခံများအတွက် နိုင်ငံတော်အကြီး အကဲများမှ စီမံကိန်းအရ ဖောက်လုပ်ပေးခဲ့သည့်လမ်းဖြစ်ပါကြောင်း၊ နာဂစ်မုန်တိုင်းတွင် မိမိတို့ ဒေသရှိ ပြည်သူများသည် အသက်ပေါင်းများစွာပေးခဲ့ရပြီး အသက်အိုးအိမ်စည်းစိမ်များသာမက ရွာလုံးပျောက်သွားရသည့်  ရွာများလည်းရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ထိုလမ်းကို နိုင်ငံတော်အကြီးအကဲ များမှ ဖောက်လုပ်ပေးခဲ့ပါကြောင်း၊ ထိုစီမံကိန်းစသည့်အချိန်မှစ၍ ၂၀၁၀ ပြည့်နှစ်မတိုင်မီ မြေသား လမ်း၊ တံတားများ ဖောက်လုပ်၊ ဆောက်လုပ်ပြီးစီးခဲ့ပါကြောင်း၊ တံတားများဆောက်ပြီး ၂ နှစ်ကျော် ကြာသည်အထိ ချဉ်းကပ်လမ်းများမရှိသည့်အတွက် မိမိတို့ သွား၍မရခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ် အစိုးရလက်ထက်ရောက်သည့်အခါမှ လွှတ်တော်ထဲတွင် မိမိမေးခွန်းမေးခဲ့သည့်အတွက် ချဉ်းကပ် လမ်းများလုပ်၍ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေခဲ့ကြပါကြောင်း။ 

အလယ်ကျွန်းဒေသရှိ ဒေသခံပြည်သူများသည် ကျန်းမာရေးအတွက် မကျီးပင်တိုက်နယ် ဆေးရုံကို အမှီပြု၍ နေကြရပါကြောင်း၊ ပြင်ခရိုင်တိုက်နယ်ဘက်ရှိ စီးပွာရေးလုပ်ငန်းရှင်များသည် လည်း ဒေသထွက်ကုန်ပစ္စည်းများကို ထိုလမ်းပေါ်မှ ကားများနှင့် နေ့ချင်း ရန်ကုန်၊ ပုသိမ်စသဖြင့် ပေးပို့ပြီး အဆင်ပြေနေကြပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများကိုလည်း နေ့ချင်း ပြန်သွား၍ရသည့်အတွက် ပြည်သူများရော၊ ဝန်ထမ်းများပါ အဆင်ပြေချောမွေ့လျက်ရှိပါကြောင်း၊ သို့သော် ပြင်ခရိုင်တိုက်နယ်ထဲ၌ ထိပ်ဆုံးတပ်စခန်းလည်းရှိပါကြောင်း၊ ကျောက်ကလပ်ဟုခေါ်သည့် မြန်မာနိုင်ငံ၏ အထင်ကရကျောက်မှိုပွင့်ရှိသည့် နေရာဖြစ်ပါကြောင်း၊ လမ်းကောင်းသည့်အချိန်က ပြည်သူများမှ ကျောက်ကလပ်ဒေသကို နေ့ချင်းပြန်သွားလာ၍ ရသည့်အတွက် အပန်းဖြေသူများ လာရောက်ရန် အဆင်ပြေသလို ဒေသခံများအတွက်လည်း အဆင်ပြေပါကြောင်း၊ သို့သော် လွန်ခဲ့တဲ့ ၂ နှစ်ကျော်ထဲက နှစ်စဉ်ပြင်ဆင်ထိန်းသိမ်းစရိတ် မချပေးသည့်အတွက် ပျက်စီးမှုများပြားပြီး သွားလို့လာ၍ မရသည့်အခြေအနေဖြစ်နေပါကြောင်း။

အမာခံလမ်းဖြစ်သည့်အတွက် နှစ်စဉ်ပြင်ဆင်ထိန်းသိမ်းစရိတ် လုပ်သွားမည်ဆိုပါက ယခုလို အခြေအနေ မရောက်နိုင်ပါကြောင်း၊ ကျန်းမာရေးအတွက် ဘယ်လိုပဲဖြစ်ဖြစ် ရသလိုသွားမည်ဆိုသည့် ဒေသခံများသည် ပရဟိတကားများ၊ ဘုန်းတော်ကြီးကားများ၊ အိမ်စီးကားများနှင့် သွားကြသော်လည်း ဆေးရုံသို့မရောက်ဘဲ လမ်းတွင် အသက်ပျောက်သွားသည့် လူများလည်း ရှိနေသလို ကားများလည်း ပျက်စီးသွားသည့်အတွက် အခြေအနေရောက်နေပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်အစိုးရ လက်ထက်တွင် အဆိုပါလမ်းနှင့်စပ်လျဉ်း၍ မိမိမေးခွန်းမေးခဲ့သည့်အခါ နှစ်စဉ် စီမံကိန်းရန်ပုံငွေချ ပေးပြီး ဆောင်ရွက် သွားပါမည်ဟု ကတိကဝတ်ရှိခဲ့သော်လည်း ဆက်လက် မလုပ်ခဲ့သည့်အတွက် လမ်းသည် ယခု အခြေအနေတိုင်း ရှိနေခြင်းဖြစ်ပါကြောင်း၊ ယခု လမ်းသည်ဆိုးဝါးသည့်အပြင် တံတားများ၊ ချဉ်းကပ် လမ်းများသည် နိမ့်ကျနေသည့်အတွက် ကားများ၊ ဆိုင်ကယ်များမှာ အန္တရာယ်နှင့် ရင်ဆိုင်နေကြရပါ ကြောင်း၊ ကားများ နောက်ပြန်ကျပြီး လူကို ကားကြိတ်၊ ဆိုင်ကယ်ပြန်ကျသည့် ဖြစ်စဉ်များလည်းရှိခဲ့ ပါကြောင်း။ 

ဒေသခံပြည်သူများနှင့် ဘုန်းတော်ကြီးများမကျန် ထိုလမ်းကို ရာသီမရွေးသွား လာလို့ရသည့် လမ်းအဖြစ်လိုချင်နေကြပါကြောင်း၊ ကတ္တရာလမ်းများ၊ ကွန်ကရစ်လမ်းများလုပ်ပေးရန် တောင်းဆို  နေခြင်း မဟုတ်သော်လည်း ရလျှင် လိုချင်ပါကြောင်း၊ ယခုလို လုံးဝပျက်စီးနေသည့် လမ်းပိုင်းများကို ပြင်ထိန်းဆောင်ရွက်မည်ဆိုပါက အချိန်မရွေး သွားလာနိုင်ပြီး ဒေသခံပြည်သူများ အတွက် အကျိုး ကျေးဇူးရ မည်ဖြစ်သည့်အတွက် ပုံမှန်ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်း နှစ်အလိုက်ဆောင်ရွက် သွားပါက ရာသီမရွေးသွားလာနိုင်မည် ဖြစ်ပါကြောင်း၊  သို့ဖြစ်ပါ၍ လပွတ္တာ(ကျောက်ဖျာလေး) သုံးခွ၊ အုတ်တွင်း၊ ထိပ်စွန်းလမ်းအား ရာသီမရွေး သွားလာနိုင်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က

           တင်ပြပါလမ်းသည် ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ပြီးသည့်အချိန်တွင် နိုင်ငံတော်အစိုးရမှ နာဂစ် ကွန်ရက်ဟူ၍ ၁၁ လမ်း စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အမှတ် ၄ လမ်းဖြစ်ပြီး ပြည်ထောင်စုမှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် လက်ရှိ ကတ္တရာလမ်း ၁၂ မိုင်ကျော်ရှိပြီး အမာခံ လမ်း ၂၄ မိုင်နှင့် မြေသားလမ်း ၁၉ မိုင် ကျန်နေပါကြောင်း၊ သက္ကယ်သောင်မြစ်ကိုဖြတ်ပြီး ၄ ဖာလုံရှိပြီး စုစုပေါင်း ၅၅ မိုင် ၁ ဖာလုံရှိပါကြောင်း၊ ဝေးလည်း ဝေးပါကြောင်း၊ တစ်ဖက်သွားလျှင် ဟိုင်းကြီးကျွန်းဖြစ်ပြီး ရေလွှမ်းသည့် ဒေသများဖြစ်သည့်အတွက် အင်မတန်ခက်ခဲသည့် နေရာများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လမ်းနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင်  စုစုပေါင်း လမ်း မိုင်ပေါင်း ၂,၇၅၃ မိုင်ရှိပါကြောင်း၊ ပြည်ထောင်စုမှ စီမံခန့်ခွဲသည့်လမ်း၊ တိုင်းဒေသကြီးမှ စီမံခန့်ခွဲသည့် လမ်းဟူ၍ လမ်းများကို အချိုးနှင့် နိုင်ငံတော်ပြန်တမ်းဖြင့် ခန့်ခွဲထားပေးခြင်း ဖြစ်ပါကြောင်း၊  ဧရာဝတီ တိုင်းတွင် ၇၈ ရာခိုင်နှုန်းကို တိုင်းဒေသကြီးမှ စီမံခန့်ခွဲနေရခြင်းဖြစ်ပါကြောင်း။

           Paved , Unpaved ဆိုသည်မှာ ကတ္တရာလမ်းဖြစ်ပြီး ကျောက်ခင်းလမ်းမပါဘဲ အပေါ်မှ Paved မလုပ်ထားဘဲ ဧရာဝတီတိုင်းတွင် ၄၀ ရာခိုင်နှုန်းသည် ကျောက်ခင်းလမ်းအဆင့်နှင့် မြေသား လမ်းအဆင့်သာ ရှိပါကြောင်း၊ နှစ်စဉ် လမ်းမိုင်ကို တိုးတက်လာအောင် Paved ဘယ်လောက် ဖြစ်မည်၊ Unpaved ဘယ်လောက်ဖြစ်မည် နှစ်စဉ်တွက်ချက်ပြီး စီမံကိန်းချ၍ ဆောင်ရွက်ပေး နေပါကြောင်း၊ မိုင်တိုင် ၂၀/၇ (ရေပေါ်ကြီး)နှင့် မိုင်တိုင်အမှတ် ၄၇/၄  (အုတ်တွင်း) သို့သွားသည့် လမ်းမိုင် ၂၆ မိုင်၊ ၅ ဖာလုံမှာ တော်တော်ဆိုးပါကြောင်း၊ လမ်းပိုင်းကို ရာသီမရွေး သွားလာနိုင်အောင် ၎င်းလမ်းပိုင်းကိုဦးစားပေးပြင်မည်ဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် ပင်လယ်နှင့်နီးပြီး နှစ်စဉ် ရေလွှမ်းသည့် ဒေသများဖြစ်သည့်အတွက် လမ်းသည် ရေကြောက်ပါကြောင်း၊ ထိုလမ်းသည် ရေထဲတွင် ဖောက်ထားသည့် လမ်းဖြစ်သည့်အတွက် အပျက်များပါကြောင်း၊ နှစ်စဉ် တစ်နှစ်လောက် ပြင်ထိန်းမဝင်နိုင်ပါကြောင်း၊ ယခုနှစ် ထိုလမ်းကြီး ၂၆ မိုင်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လောလောဆယ် အမာခံလမ်းကို ကတ္တရာလမ်း ၄.၅ ဖာလုံလုပ်ပေးမည်ဖြစ်ပြီး သွားလာမှု အများဆုံးဖြစ်သော လမ်းပိုင်းဖြစ်သည့် ရေပေါ်ကြီးကျေးရွာနှင့် အုတ်တွင်းကျေးရွာကြားရှိ ဆိုးဝါးစွာ ပျက်နေသည့်လမ်းများကို ၂၀၂၆-၂၇ဘဏ္ဍာရေးနှစ်တွင် ပြင်ထိန်းရန်ပုံငွေလျာပြီး ဦးစားပေးအလိုက် လမ်းကို ပြင်ဆင်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဘဏ္ဍာရေးနှစ်တွင်လည်း ဦးစားပေး အပိုင်းလိုက် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ လျာထားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါ သည်။

မေးခွန်း
မေးခွန်း

ဒေါ်ခင်သန်းမြင့် (ငပုတောမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

           ထိုလမ်းကြောင်းပေါ်တွင် သက္ကယ်သောင်-သင်္ဃန်ကုန်းမှ မကျီးပင်ဆေးရုံသွားသည့် အခါ သက္ကယ်သောင်မှ သင်္ဃန်ကုန်းသွားသည့်လမ်းသည်လည်း အခြေအနေ လုံးဝမကောင်းပါ ကြောင်း၊ သင်္ဃန်ကုန်းနှင့် ကညင်ငူကြားလည်း ထိုနည်းလည်းကောင်း၊ ကညင်ငူနှင့် မကျီးပင် ကြားတွင်လည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ပါကြောင်း၊ ယခု ကတ္တရာရသည့်နေရာလေးသည် မကျီးပင်ထိပ်ကျော်ကျော်လေးတော့ ရောက်တော့မည်ဖြစ်ပါကြောင်း၊ မိမိသိလိုသည်မှာ နှစ်စဉ် နှစ်တိုင်း လမ်းမှာ အမာခံလမ်းဖြစ်နေသည့်အတွက် နှစ်စဉ်နှစ်တိုင်းပြင်ထိန်းလေးနှင့် နောက်တစ်ခါ ထပ်ပြီး ကတ္တရာ သို့မဟုတ် ကွန်ကရစ်အထိ မှန်းခြင်းမဟုတ်သော်လည်း နှစ်စဉ်လုပ်နေသည့် စီမံကိန်းများကိုလည်း ဆက်လုပ်ပြီး ကျန်သည့်နေရာများကိုပါ သက္ကယ်သောင်မှ အုတ်တွင်းဘက်သို့ သွားမည့်လမ်းသည်လည်း မကောင်းသည့်နေရာ များပါကြောင်း၊ ကောင်းသည့်နေရာသည် ဖြောင့်ဖြောင့်လောက်သာ ရှိသည့်အတွက် ဝန်ကြီးအနေဖြင့် နှစ်အလိုက် ပြင်ထိန်းနှင့် ဆောင်ရွက် ဆဲလုပ်ငန်းများကို လာမည့်ဘဏ္ဍာရေးနှစ်မှစ၍ နှစ်အလိုက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က

သီးခြားမရှိပါကြောင်း၊ မိမိဖြေပေးပြီးဖြစ်ပါကြောင်း၊ နှစ်အလိုက် ဘတ်ဂျက်တွင်လည်း လျာပေးထားပါကြောင်း၊ လာမည့်နှစ်တွင်လည်း ဦးစားပေးအလိုက် ပြင်ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်ပေးသွားမည်ဆိုသည်မှာ အဖြေထဲတွင် ပါပြီးသားဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။