ဦးဝင်းမြင့်(အုတ်တွင်းမဲဆန္ဒနယ်)
အုတ်တွင်းမြို့နယ် ဝဲဒေါင့်ကျေးရွာအုပ်စု၊ ဟင်းငုတ်ပင်-ဝဲဒေါင့်-ပိတောက်ခင်ကျောက်ချောလမ်းပိုင်း ၇/၁ မိုင်အား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
တင်ပြလမ်းပိုင်းသည် အရှည် ၇ မိုင်၊ ၁ ဖာလုံအား လက်ရှိ ဟင်းငုတ်ပင်မှ ဝဲဒေါင့်အထိ ကွန်ကရစ်လမ်း ၁ မိုင်ခင်းထားပြီးဖြစ်ပါကြောင်း၊ ကျန်လမ်းအပိုင်းကို ကျေးရွာများစုပေါင်းအားဖြင့် ကျောက်ချောလမ်း အသင့်အတင့်ခင်းထားပြီး ၎င်းလမ်းမကြီး၏ ဘေးဝဲယာတစ်လျှောက်တွင် ကျေးရွာ အုပ်စု ၃ အုပ်စု၊ ကျေးရွာပေါင်း ၂၃ ရွာ၊ လူဦးရေပေါင်း ၁၄,၂၇၄ ဦး၊ လယ်မြေဧက ၅,၈၈၉ ဧကရှိပါ ကြောင်း၊ ၎င်းလမ်းပိုင်းသည် ကျေးရွာအုပ်စုချင်းဆက်လမ်းဖြစ်သလို ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးကို ဆက်သွယ်ထားသော လမ်းမကြီးဖြစ်ပါကြောင်း၊ ဒေသ၏ အဓိကကုန်ထုတ် လမ်းမကြီးဖြစ်သည့်အတွက်လည်းကောင်း၊ ကျေးရွာချင်းဆက်လမ်းအဖြစ်လည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်သို့ လယ်ယာထွက်ကုန်သီးနှံများ ပို့ဆောင်ရာတွင်လည်း အရေးကြီးသော လမ်းပိုင်း တစ်ခုဖြစ်ပါကြောင်း၊ ထို့အပြင် တောင်ငူမြို့နှင့်လည်း ထိစပ် ဆက်သွယ်ထားသောကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအတွက် အဓိကကျသော လမ်းမကြီးဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင်-ဝဲဒေါင့်-ပိတောက်ခင်လမ်းပိုင်း၏ ကျန်ရှိသော ၆ မိုင်၊ ၁ ဖာလုံအား ကွန်ကရစ်လမ်းအဖြစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က
မေးခွန်းပါလမ်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ လမ်း အရှည်မှာ စုစုပေါင်း ၁၂ မိုင်၊ ၄ ဖာလုံရှိပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် လမ်းသစ်နှစ်ခုကြားတွင် ချိတ်ဆက်ထားသည့် လမ်းဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် စုစုပေါင်း လမ်းမိုင်ပေါင်း ၂,၄၃၀ ရှိပါ ကြောင်း၊ မိမိတို့က တစ်နိုင်ငံလုံးဖြန့်ကြက်၍ လမ်းမိုင်များ နှစ်စဉ် Paved, Unpaved တိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထိုလမ်းပိုင်းသည် ပဲခူးတိုင်းဒေသကြီးဘဏ္ဍာငွေနှင့် စီမံခန့်ခွဲသည့် လမ်းပြီး အဆိုပါလမ်း၏ အခြေအနေသည် ကွန်ကရစ်လမ်း ၁ မိုင်ရှိပြီး ကျောက်ခင်းလမ်း ၂ မိုင်၊ ၃ ဖာလုံဖြစ်ပါကြောင်း၊ အမာခံလမ်း ၆ ဖာလုံနှင့် မြေသားလမ်း ၈ မိုင်၊ ၃ ဖာလုံရှိသည့်အတွက် စုစုပေါင်း ၁၂ မိုင်၊ ၄ ဖာလုံရှိသည့် လမ်းဖြစ်ပါကြောင်း။
အဆိုပါလမ်းပိုင်းရှိ မြေသားလမ်းများကို အမာခံလမ်းအဖြစ် ပထမအဆင့်အနေဖြင့် ကျောက်ခင်း လမ်းဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ကွန်ကရစ်လမ်းအဆင့် သွားရမည် ဖြစ်ပါကြောင်း၊ ပြည်နယ်လမ်းများမှာ အမာခံ၊ မြေလမ်း၊ အမာခံလမ်း၊ ကျောက်ခင်းလမ်း၊ ကွန်ကရစ် လမ်းပြီးလျှင် ကတ္တရာလမ်းသို့ အဆင့်လိုက် Paved, Unpaved နှင့် လမ်းကို ဘတ်ဂျက်အနေအထား အရ အဆင့်ဆင့်ဆောင်ရွက်သွားခြင်းဖြစ်ပါကြောင်း၊ ၎င်းလမ်းကို အဆင့်လိုက်ဆောင်ရွက်ရန် ၂၀၂၇-၂၈ ဘဏ္ဍာနှစ်မှစတင်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ထည့်သွင်းလျာထားနိုင်ရေး ဆောင်ရွက်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှပေးပို့လာသော အချက်အလက်များနှင့် ပေါင်းစပ်ဖြေကြားခဲ့ပါသည်။
ဦးဝင်းမြင့်(အုတ်တွင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
ယနေ့တောင်းဆိုသည့် ကွန်ကရစ်လမ်း ၁ မိုင်သည် ကုန်ကျမှုအနေအထား အတော်များသည် ကို မိမိသိပါကြောင်း၊ သို့သော် ဒေသနေပြည်သူများ၏ တောင်းဆိုချက်အရ ဆောင်ရွက်ကြခြင်း ဖြစ်သည့်အတွက် ဝန်ကြီးအနေဖြင့် ယခုလိုဖြေကြားပေးသည်ကို အထူး ကျေးဇူးတင်ပါကြောင်း၊ သို့သော် ယခုထက်ပို၍ ဥပမာ ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် ၄ ဖာလုံသော် လည်းကောင်း၊ ၃ ဖာလုံ သော်လည်းကောင်း တိကျသည့်အဖြေတစ်ခု ပေးနိုင်ခြင်းရှိ/ မရှိ မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က
ဘတ်ဂျက်ကို အတိအကျလျာထားပေးရန်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအခြေခံဥပဒေစာရင်း ဇယား ၁၊ ပုဒ်မ ၉၆ တွင် ပြည်ထောင်စုက စီမံခန့်ခွဲရမည့်လမ်းဟူ၍ ရှိပါကြောင်း၊ ပြည်ထောင်စုက စီမံခန့်ခွဲရမည့်လမ်းဆိုသည်မှာ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဋ)တွင် ပြည်ထောင်စုက စီမံခန့်ခွဲသည့်လမ်းမကြီးများ၊ တံတားကြီးများဟူ၍ နှစ်စဉ် မိမိတို့စီမံခန့်ခွဲသည့် အချိုးနှင့်ပုံပြထားခြင်းရှိပါကြောင်း၊ ပြည်ထောင်စုက စီမံခန့်ခွဲသည့်လမ်းဆိုလျှင် ဘဏ္ဍာငွေမှစ၍ ပြည်ထောင်စုကသာလျာထားပါကြောင်း၊ တိုင်းဒေသကြီးမှ ဝန်ကြီးချုပ်များကို လုပ်ပိုင်ခွင့်ပေးထားခြင်းဖြစ်ပြီး ဘဏ္ဍာငွေကိုလည်း တိုင်းဒေသကြီးများမှ လျာထား ခြင်းဖြစ်ပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲရမည့်လမ်းများ၊ တံတားများဟူ၍ နိုင်ငံတော် ပြန်တမ်းနှင့် ထွက်ပြီး အခြေခံဥပဒေတိုင်းဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်ဂျက်လျာ ထားခြင်းနှင့်စပ်လျဉ်း၍ လက်ရှိတိုင်းဒေသကြီးကို မည်သို့လုပ်ပေးနိုင်မလဲဟူသည့် မေးခွန်းကို မေးပြီး ဆက်စပ်ဖြေကြားပေးသွားခြင်းဖြစ်ပါကြောင်း၊ ထိုသို့ အသေးစိတ် လျာထားပေး နိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးသို့ ဆက်သွယ်မေးမြန်းပြီး ပြန်လည်ဖြေကြား ပေးမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။