ဦးအောင်ဝင်းဆွေ (မြန်အောင်မဲဆန္ဒနယ်)
မြန်အောင်မြို့နယ် ကနောင်-အင်ပင်လမ်းပိုင်းတွင် ကနောင်-တာငါးဆုံလမ်းပိုင်းအား ကွန်ကရစ်လမ်း ခင်းပေးရန် အစီအစဉ် ရှိ၊ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်အောင်မြို့နယ် ကနောင်မြို့နှင့် အင်ပင်မြို့ကို ဆက်သွယ်ထားသည့်လမ်းပိုင်းသည် ဧရာဝတီ မြစ်ကမ်းရှိ ကနောင်မြို့မှ အင်ပင်မြို့ ထိုမှတစ်ဆင့် ဟင်္သာတ-ပုသိမ်-ရန်ကုန်-ပြည် အနယ်နယ် အရပ်ရပ်သို့ သွားနိုင်ပြီး အင်ပင်-လက်ပံကွင်းလမ်းနှင့် ပုသိမ်-မုံရွာလမ်းမကြီးကိုလည်းပဲ ဆက်သွယ်ထား သည့်အဓိက လမ်းမတစ်ခုဖြစ်ပါကြောင်း၊ အင်ပင်-ညာစုထိကွန်ကရစ်လမ်းကို ဌာနမှခင်းခဲ့ပြီး ၎င်းနေရာ မှ ပိန်းအင်းအုပ်စု၊ သခွတ်ကွင်းအုပ်စု၊ တာငါးဆုံနေရာအထိ ဒေသခံများမှ ယခုနှစ်မိုးမကျခင် စုပေါင်း၍ ပြုပြင်ခဲ့ကြပါကြောင်း၊ ဌာနမှ လမ်းပြုပြင်ခြင်းလုပ်ငန်းကို ယခုနှစ်ပွင့်လင်းရာသီတွင် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ကြောင်းလည်း သိရပါကြောင်း၊ ကနောင်-အင်ပင်လမ်းပိုင်းဟာ မြို့နယ်၏ အရှေ့ဘက် ပိုင်း ကျေးရွာဒေသများ၏ အဓိကစိုက်ပျိုးရေးထွက်ကုန်များ ပို့ဆောင်ရာ အဓိကအားထားနေရသည့် လမ်းမကြီးလည်းဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မြန်အောင်မြို့နယ် ကနောင်-အင်ပင်လမ်းပေါ်ရှိ အမာခံရရှိပြီးဖြစ်သော ကနောင်-တာငါးဆုံလမ်းပိုင်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဌာနသတ်မှတ်ချက် နှင့်အညီ ကွန်ကရစ်လမ်းခင်းပေးနိုင်ရန် လျာထားချက်အစီအစဉ်တွင် ထည့်သွင်းပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က
အဆိုပါလမ်းသည် ဟင်္သာတ-ဆုံကုန်း- မြန်အောင်လမ်းမှ စတင်ပြီး မြန်အောင်-ရေနံမြေ-ရွှေပြည်သာလမ်းကိုဖြတ်၍ ကနောင်မြို့သို့ ဆက်သွယ်ထားသည့် လမ်းရှိပြီး ၁၁ မိုင်၊ ၅ ဖာလုံရှိပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ ထိုလမ်းကို ယခင်က ကြီးကြပ်ရေး လမ်းဟု ခေါ်ပါကြောင်း၊ ကြီးကြပ်ရေးလမ်းဆိုသည်မှာ Class A, B, C ဖြစ်ပါကြောင်း၊ A သည် ခရိုင်ချင်းဆက်၊ မြို့နယ်ချင်းဆက်များကို ပြန်ပြီး ချိတ်ဆက်သည့်လမ်းဖြစ်ပြီး B နှင့် C သည် သမကျေးလက်လမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကြီးကြပ်ရေးလမ်းဟု ခေါ်ပါကြောင်း၊ ဘတ်ဂျတ်လျာ ထားသည်မှာ ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည်လမ်းဖြစ်ပါကြောင်း၊ ထိုလမ်း၏ လက်ရှိလမ်း အခြေမှာ ကွန်ကရစ်လမ်း ၂ မိုင်သာရှိပြီး ကျောက်လမ်း ၉ မိုင်နှင့် မြေသားလမ်း ၃ ဖာလုံကျန်နေ ပါကြောင်း။
လက်ရှိ ဧရာဝတီတိုင်းဒေသကြီးသည် လမ်းကွန်ရက်အများဆုံးဖြစ်ပါကြောင်း၊ တစ်တိုင်းလုံး ကွန်ရက်ကိုဖြန့်ပြီး လမ်းပမာဏသည် Un paved ပမာဏ ၄၀ ရာခိုင်နှုန်းသာရှိပါကြောင်း၊ ထိုဟာကိုလည်း မိမိတို့က ရှေ့တက်အောင် နှစ်စဉ်ဆိုလျှင် ၂ ရာခိုင်နှုန်း တစ်တိုင်းလုံးတွင် ၂ ရာခိုင်နှုန်း၊ ၁ ရာခိုင်နှုန်းသာ တတ်နိုင်ပါကြောင်း၊ ဇယားအရ Un paved ကို paved ဖြစ်အောင် လုပ်ခြင်း၊ ပြင်ထိန်းနှင့် လမ်းပျက်ခြင်းများသည့်အခါ မိုးများသည့် ဒေသတွေများဖြစ်သည့်အတွက် တိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကမှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအဖြစ် စောစောကမြေသားလမ်းကျန်သည်ကို ကျောက်ခင်းလမ်းဆောင်ရွက်မည်ဟု တိုင်းဒေသကြီးမှ အကြောင်းပြန်ထားပါကြောင်း၊ ထိုဟာကိုလည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်းကို ကျောက်ခင်းလမ်းဖြစ်အောင် အရင်လုပ်မည်ဖြစ်ပါကြောင်း။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ကနောင်- စာဖြူစု (တာငါးဆုံ)လမ်းပိုင်းကို ၁၂ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် နှစ်အလိုက် လျာထားရန် အကြောင်းပြန်ကြားပြီးဖြစ်ပါကြောင်း၊ နှစ် အလိုက်လျာထားရန် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍၊ တစ်တိုင်းလုံးပေါ်မူတည်၍ မိုင်ကို ဘတ်ဂျက် လျာထားသည့် အချိန်ကျမှ ၎င်းတို့ ထိုဟာကို ခွဲပြီးလျာထားမည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသည့် အချက်အလက်များနှင့် ပေါင်းစပ်ပြီးဖြေကြားခဲ့ပါသည်။