နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်တင့် မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း (MMIA) အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ရန်ကုန်မြို့၊ တရုတ်သံရုံးမှ သံမှူး Mr.Wang Daopan ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် Naypyitaw State Academyမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ (၃-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်
MY EN

(ဃ)- ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)-မေးခွန်း

2026-07-03
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

 ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)

ဥတ္တရသီရိမြို့နယ် ကျေးရွာ ၉ ရွာ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ ၇ ရရှိရေး UTM မြေပုံအစား Coordinate စနစ်ဖြင့်ပြောင်းလဲ၍ အမိန့်စာထုတ်ပေးရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း

ဥတ္တရသီရိမြို့နယ်၌ မြေပုံမြေပြင်ကွဲလွဲနေသော ကျေးရွာ ၉ ရွာ၏ လယ်ယာမြေ လုပ်ပိုင် ခွင့်ပုံစံ ၇ ရရှိရေးအတွက် UTM မြေပုံအစား Coordinate စနစ်ဖြင့် ပြောင်းလဲပြီး နေရာမှန် သတ်မှတ်အမိန့်စာထုတ်ပေးရန် အစီအစဉ်ရှိ မရှိဆိုသည့် မေးခွန်းဖြစ်ပါကြောင်း။

ဥတ္တရသီရိမြို့နယ်တွင် ပန်းတင်ရွာ၊ ပန်းတောင်းခါးရွာ၊ လဲကွန်းရွာ၊ မိုးစွေရွာ၊ ညောင်ပင် ဝိုင်းရွာ၊ လွင်သာရွာ၊ အောင်သပြေရွာ၊ ဆည်ခံရွာ၊ စည်ပင်သာရွာစသည်ဖြင့် အဆိုပါ ၉ ရွာသည် သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်တွင် သစ်တောဧရိယာမှပယ်ဖျက်ပြီး ပြည်ထဲရေး အမည် ပေါက်အဖြစ် ၂၀-၁-၂၀၁၁ အမိန့်ကြော်ငြာစာနှင့် ထုတ်ပြန်ခဲ့ပါကြောင်း။ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှလည်း (၈၁/၂၀၁၇)အမိန့်စာနှင့် ကြိုးဝိုင်းမှ ပယ်ဖျက် ပေးခဲ့ ပါကြောင်း၊ ထို့ကြောင့် လုပ်ထုံးလုပ်နည်းအရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို လွှဲပြောင်း သည့် အခါတွင် အမိန့်စာတွင်ပါသည့် ဧရိယာနှင့် မြေပြင်သည် ကွဲလွဲနေပါကြောင်း၊ ကွဲလွဲနေသည့် အတွက်ကြောင့် ပြည်သူလူထုက ၂၀၁၁ ခုနှစ်တွင် တင်ပြခဲ့ရာ ဝန်ကြီးဌာန၏လမ်းညွှန်ချက်ဖြင့်၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလ နှစ်လကို ကွင်းဆင်း တိုင်းတာသည့်အခါ ကွင်းဆင်းတွေ့ရှိ ချက်ကို လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၁၄-၂-၂၀၂၂ ရက်က တင်ပြခဲ့ပြီးဖြစ်ပါကြောင်း။ တင်ပြစာထဲတွင် UTM စနစ်ကို သုံးခဲ့သည့် အတွက်ကြောင့် လက်ရှိမြေပြင်နှင့်မြေပုံသည် ကွဲလွဲ နေကြောင်း။ ကွင်းဆင်းတိုင်းတာချက်အရ Coordinate စနစ်ဖြင့် အမိန့်စာကို ပြန်လည် ပြင်ဆင် ထုတ်သင့်သည်ဟု တင်ပြသည့်အထဲတွင်ပါကြောင်း၊အဆိုပါ တင်ပြချက်သည် လေးနှစ်ကြာပြီဖြစ် သော်လည်း ယနေ့အချိန်အထိ အမိန့်မထွက်လာသေးပါကြောင်း၊ အဆိုပါ ရွာ ၉ ရွာသည် ပြည်ထဲရေး အမည်ပေါက် ၂၀၁၁ ခုနှစ်မှစ၍ ယခုအချိန်အထိဆိုလျှင် ၁၅ နှစ်ကြာသည့် အထိ မြေပုံ မြေပြင်ကွဲလွဲနေ၍ ၎င်းတို့သည် ပုံစံ ၇ မရသည့် အတွက်ကြောင့် လယ်သမား များသည် ဘဏ်ချေး ငွေမှအစ နစ်နာဆုံးရှုံးလျက်ရှိပါကြောင်း၊ ထို့ကြောင့် မြေပုံမြေပြင် အမြန်ဆုံး ပြန်လည် တည့်မတ် ပေး ရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ၊ ဒုတိယဝန်ကြီး၊ ဒေါက်တာရဲတင့်ထွန်း

ပြည်ထဲရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်၍ ဖြေကြားသွားမည်ဖြစ်ပါကြောင်း။ ဥတ္တရသီရိမြို့နယ်၌ မြေပုံမြေပြင် ကွဲလွဲနေသည့် ကျေးရွာ ၉ ရွာ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ ၇ ရရှိရေး အကြောင်း အရာပါ မေးခွန်းနှင့် စပ်လျဉ်း၍ ဥတ္တရသီရိမြို့နယ်နှင့် ဥတ္တရသီရိခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ အနေဖြင့် သစ်တော ပယ်ဖျက်မိန့်တွင် ပါဝင်သည့် မိုးစွေကျေးရွာအုပ်စု၊ သရက်တော ကျေးရွာ အုပ်စု နှင့် မင်းကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၉ ရွာတို့မှာ သစ်တော ဧရိယာအတွင်း ကျရောက်သည့် အတွက်ကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ ၇ ထုတ်ပေးနိုင်ခြင်း မရှိသေးသော် လည်း သစ်တောဧရိယာ အတွင်း ကျရောက်ခြင်းမရှိသည့် သရက်တောကျေးရွာအုပ်စုတွင် ကျေးရွာ ပေါင်း ၃ ရွာ၊ လယ်ယာမြေ ဧရိယာ ၂၈၉၀ ဧက၊ တောင်ညိုကျေးရွာအုပ်စုအတွင်းရှိကျေးရွာပေါင်း ၁၁ ရွာ၊ လယ်ယာမြေ ဧရိယာ ၁,၈၃၀ ဧကနှင့် မင်းကုန်းကျေးရွာအုပ်စု ကျေးရွာပေါင်း ၁၀ ရွာမှာ လယ်ယာမြေ ဧရိယာ ၂၁၆၄ ဧက  စုစုပေါင်း လယ်ယာမြေဧရိယာ ၆,၈၈၄ ဧကကို ပုံစံ ၇ ထုတ်ပေးပြီးဖြစ်ကြောင်း ။

         ပြည်ထဲရေးဝန်ကြီးဌာန၏ ညှိနှိုင်းဖြေကြားချက်အရ ဥတ္တရသီရိမြို့နယ်အတွင်းရှိ သစ်တော ဧရိယာများအနက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၁-၆-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၁/၂၀၁၇)ဖြင့် ငလိုက်ကျေးရွာအုပ်စုအတွင်း ကျေးရွာ ၉ ရွာ၏ ရွာမြေ ၁၄၅.၅၅ ဧက၊ လယ်မြေ ၄၄၉.၉၇ ဧက၊ သာသနာနှင့် အများပိုင်မြေ ၂၂.၁၆၃ ဧက စုစုပေါင်း ဧရိယာ ၆၁၇.၆၈၃ ဧကကို ပယ်ဖျက်ပေးခဲ့ပါကြောင်း။ ပယ်ဖျက်ပေးခဲ့သည့် အပေါ်တွင် ပူးပေါင်း အဖွဲ့၏ ကွင်းဆင်း စစ်ဆေးခဲ့သည့်အခါ မြေပြင်အမှန်ဧရိယာမှာ ၆၈၄.၁၇ ဧကဖြစ် သည့် အတွက် အမိန့်ကြော်ငြာစာအမှတ် (၈၁/၂၀၁၇)ကို ပြင်ဆင်ဆောင်ရွက်သင့်ပါကြောင်း ဥတ္တရ သီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နေပြည်တော်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ အဆင့်ဆင့် တင်ပြခဲ့ပြီးဖြစ်ကြောင်း။ ငလိုက်ကြိုးဝိုင်းအတွင်းမှ ပယ်ဖျက်ခဲ့သည့် မြေဧရိယာ ၆၁၇.၆၈၃ ဧက အစား ပြန်လည် ကွင်းဆင်းတိုင်းတာရရှိသည့် မြေဧရိယာ ၆၈၄.၁၇ ဧကဖြင့် အမိန့်ကြော်ငြာစာ ပြန်လည် ပြင်ဆင်ထုတ် ပေးရန် နေပြည်တော်ကောင်စီရဲ့ အတည်ပြုချက်ရယူပြီး သယံဇာတ နှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

         သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ညှိနှိုင်းရှင်းလင်းဖြေကြား ချက်အရ ၂၀၁၇ ခုနှစ်က ကြိုးဝိုင်းအတွင်း၌ ကျရောက်နေသည့် ဥတ္တရသီရိမြို့နယ်မှ ကျေးရွာ ၉ ရွာကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ရာတွင် နယ်နိမိတ်လားရာ အမှတ်များအား မြေကိုင်တွယ် အသုံးပြုနေသည့် ဌာနဆိုင်ရာများ နှင့် စနစ်တူညီစေရန်အတွက် GPS Point အမှတ်များ ပြန်လည် ကောက်ယူရန်လိုအပ်ခြင်း၊ UTM မြေပုံကို GIS Coordinate ပူးတွဲပါဝင်သည့် ရည်ညွှန်းမှတ်များနှင့် ကိုက်ညီအောင် Georeference ပြန်လည်စိစစ်ရန်လိုအပ်ခြင်း၊ နယ်နိမိတ် မျဉ်းအား GIS Software များအသုံးပြု၍ အသေးစိတ်ရေးဆွဲရန် Digitize ပြုလုပ်ရန်လိုအပ်ခြင်း၊ ကွေးကောက်နေသည့် နယ်နိမိတ်လမ်းကြောင်းများကို တိကျစွာဖော်ပြနိုင်ရန်အတွက် Point အမှတ် တစ်ခုနှင့်တစ်ခု နီးကပ်စွာ ၁၀ ပေခန့်လောက် Point များကို ဖော်ပြရန်လိုအပ်မည်ဖြစ်ခြင်း၊ Software/Hardware လိုအပ်ချက်ရှိနေခြင်း၊ နေရာတစ်နေရာတည်းတွင် ဆောင်ရွက်ရမှုမျိုး မဟုတ် ဘဲ နေရာများစွာတွင် ဆောင်ရွက်ပေးရမည့်ကိစ္စဖြစ်သည့် အတွက်ကြောင့် အချိန်ယူဆောင်ရွက် ရမည့်ကိစ္စဖြစ်ပါကြောင်း။ ဝန်ကြီး ဌာန၏တင်ပြချက်အရ မူလဆောင်ရွက်ပြီးခဲ့သည့် ကိစ္စရပ်များ အပေါ် ပြင်ဆင်ဆောင်ရွက်မည်ဆိုလျှင် နေပြည်တော် ကောင်စီနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက နိုင်ငံတော်သမ္မတရုံးသို့ မူဝါဒ ခံယူတင်ပြ၍ ခွင့်ပြုချက်ရပါက ဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်း နှင့်အညီ စိစစ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ။

         မြေဧရိယာအပေါ်တွင် အမိန့်ပြန်လည်ပယ်ဖျက် ပေးနိုင်မှုအပေါ် သက်ဆိုင်ရာ နေပြည်တော် ကောင်စီနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်ပြီး ကွင်းဆင်းတိုင်းတာရရှိခဲ့သည့် ၆၈၄.၁၇ ဧကဖြင့် အမိန့်ကြော်ငြာစာ ပြန်လည်ပြင်ဆင်ထုတ်ယူခွင့်ကို ဆောင်ရွက်ပြီးပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်တို့၏ စိစစ်ချက်အရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ ၇ များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြား ခဲ့ပါသည်။