ဦးအောင်မျိုးသန်း(ကော့မှူးမဲဆန္ဒနယ်)
ကော့မှူးမြို့နယ်ရှိ သမင်ခြံ၊ တာတိုက်နှင့် သရက်တောကျေးရွာအုပ်စုများရှိ မိုးစပါးဧကများ ရေကြီး နစ်မြုပ်မှုမှ ကာကွယ်ရန် Check Gate ၂ ပေါက် တည်ဆောက်ပေးနိုင်မှုအစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ကော့မှူးမြို့နယ်မှ တာတိုက်ကျေးရွာတွင် စပါးစိုက်ဧက ၁,၃၂၀ ဧက၊ သမင်ခြံကျေးရွာတွင် ၈၂၅ ဧက၊ သရက်တောကျေးရွာတွင် ၁,၇၇၀ ဧက စုစုပေါင်း ၃,၉၁၅ ဧက စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါကြောင်း၊ အဆိုပါကျေးရွာများသည် ရန်ကုန်မြစ်ဝကမ်းခြေတွင် တည်ရှိပြီး မိုးရာသီတွင် ရေကြီးပြီး လယ်ဧက ၂,၀၀၀ ကျော်ခန့်ဟာ နှစ်စဉ်ရေမြုပ်လျက်ရှိရာ ၂ ကြိမ်၊ ၃ ကြိမ် ကြဲပက်စိုက်ပျိုးနေရသည့်အတွက် ငွေကြေးကုန်ကျမှုများပြားခြင်း၊ အထွက်နှုန်းကျဆင်းခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ကော့မှူး မြို့နယ်အတွင်း မိုးရာသီတွင် ရန်ကုန်မြစ်ရေဝင်ရောက်ပြီး နွေရာသီတွင် ရေငန်များဝင်ရောက်သည့် သဘာဝချောင်းမကြီး ၄ ခုရှိသည့်အနက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် တာတိုက်သဘာဝချောင်းမှ တာတိုက်ရေထိန်းတံခါးတစ်ခုကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် ကျွန်ဒရယ်ကျေးရွာ ကွင်းဝိုင်းချောင်းမကြီးတွင် ကွင်းဝိုင်း Check Gate ကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ပေးခဲ့သည့်အတွက် ရေငန်ဝင် ရောက်မှုနှင့် ရေကြီးနစ်မြုပ်မှုများ တားဆီးနိုင်ခဲ့ပြီး ရေချိုကိုပါ သိုလှောင်သွယ်တန်းနိုင်ခဲ့သည့်အတွက် မိုးစပါးများသာမက နွေစပါးနှင့်ဆောင်းသီးနှံများကိုပါ စိုက်ပျိုးနိုင်ခဲ့ပါကြောင်း။
ယခုအခါ အဆိုပါ ကျေးရွာ ၃ ရွာတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေသော လယ်ဧက ၂,၀၀၀ ခန့် ကို Check Gate ၂ ပေါက် တည်ဆောက်ပေးနိုင်ပါက ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် ၎င်းလယ်မြေများနှင့် ရေချိုရောက်ရှိနေသော ထန်းတပင်ကျေးရွာမှာ ၄ မိုင်ခန့်သာ ရှိသည့်အတွက် မြောင်းဖောက်ပြီး သွယ်တန်းပါက မိုးစပါးများ အပြည့်အဝ စိုက်ပျိုးနိုင်မည့်အပြင် နွေစပါးနှင့် ဆောင်းသီးနှံများပါ တိုးချဲ့စိုက်ပျိုးလာနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပထမအချက် အနေဖြင့် သမင်ခြံကျေးရွာအုပ်စု၊ တာတိုက်ကျေးရွာအုပ်စု၊ သရက်တောကျေးရွာအုပ်စုများမှ လယ်စိုက် ပျိုးဧက ၃,၉၁၅ ဧကအနက် နှစ်စဉ်ရေကြီးနစ်မြုပ်နေသော လယ်ဧက ၂,၀၀၀ ကို ကာကွယ်နိုင်ရန်နှင့် ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် အလျား ၆ ပေ၊ အမြင့် ၈ ပေ၊ Check Gate ၂ ပေါက်အား တည်ဆောက်ပေးနိုင်မှု ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ ဒုတိယအချက်အနေဖြင့် ရေချိုရောက်ရှိနေသော ထန်းတပင်ချောင်းမှ ၎င်းလယ် ဧကများသို့ ၄ မိုင်ခန့်ကွာဝေးပြီး ရေချိုမြောင်းဆက်လက်သွယ်တန်းပြီး ရေသွင်းမြောင်း၊ လယ်ခြားမြောင်းများ ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ ကော့မှူးမြို့နယ်အတွင်း တာတိုက်ချောင်းတွင် တာတိုက်ရေတံခါးကို ၂၀၂၁ ခုနှစ်တွင်လည်းကောင်း၊ သရက်တောချောင်းတွင် သရက်တောရေတံခါးကို ၂၀၁၉-၂၀၂၀ ခုနှစ်တွင်လည်းကောင်း တည် ဆောက်ခဲ့သည့်အတွက် မိုးရာသီတွင် သမင်ခြံကျေးရွာ၊ တာတိုက်နှင့် သရက်တောကျေးရွာအုပ်စု အတွင်းရှိ လယ်မြေများသည် ရန်ကုန်မြစ်ရေဝင်ရောက်မှုမှ လျော့နည်းသွားခဲ့ပါကြောင်း၊ သို့ရာ တွင် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ တော်ခလူးချောင်းမှ စီးဝင်လာသော မြစ်ရေများသည် ပီလခတ်ချောင်းမှတစ်ဆင့် ပကောက်ချောင်းအတွင်းသို့ စီးဝင်ပြီး သမင်ခြံကျေးရွာအနီး တာတိုက်ရေတံခါးနှင့် သရက်တောရေတံခါးများသို့ ဖြန့်ခွဲစီးဝင်ပြီးနောက် ရန်ကုန်မြစ်အတွင်း စီးဆင်းခဲ့ပြီး ယခုအခါ ပီလခတ်ချောင်းနှင့် ပကောက်ချောင်းမှာ တိမ်ကောနေသဖြင့် ရန်ကုန်မြစ် အတွင်း ရေထုတ်ယူမှုလျော့နည်းပြီး ရေကြီးနစ်မြုပ်မှုဖြစ်ပွားလေ့ရှိပါကြောင်း။
ထို့အပြင် နွေစပါးစိုက်ပျိုးရာသီတွင် ရေချိုများကို ကွမ်းခြံကုန်းမြို့နယ် ကွမ်းခြုံကုန်းရေတံခါးမှ အဓိကသွင်းယူပြီး အမှတ်(၄)မြောင်းမှတစ်ဆင့် အဆိုပါချောင်းများသို့ ပြန်လည်စီးဝင်ပါကြောင်း၊ နွေစပါး စိုက်ပျိုးရန်အတွက် လိုအပ်သော ရေချိုများ ရန်ကုန်မြစ်အတွင်း စီးထွက်မသွားစေရန် တာတိုက် ရေတံခါး၊ သရက်တောရေတံခါးများ တည်ဆောက်၍ ထိန်းသိမ်းထားရှိပြီးဖြစ်သော်လည်း ပကောက် ချောင်းတွင် ရေတံခါးမရှိသေးသဖြင့် မြေသားချောင်းပိတ်တမံကို တောင်သူများနှင့်ပူးပေါင်း၍ နှစ်စဉ် တည်ဆောက်ပြီး ရေချိုထိန်းသိမ်းရေးနှင့် ရေငန်တားဆီးခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ အဆိုပါ သမင်ခြံကျေးရွာအနောက်ဘက် ပကောက်ချောင်းအတွင်း နှစ်စဉ်ချောင်းပိတ်လုပ်ငန်းဆောင်ရွက် သည့်နေရာတွင် Check Gate ၁ လုံးတည်ဆောက်ပေးပါက မိုးရာသီတွင် တော်ခလူးချောင်းမှ မြစ်ရေဝင်ရောက်မှုကြောင့် သမင်ခြံကျေးရွာ၊ တာတိုက်ကျေးရွာနှင့် သရက်တောကျေးရွာရှိ မြေဧက ၂,၀၀၀ ဧကအား ရေကြီးနစ်မြုပ်မှုမှ လျော့နည်းသက်သာစေမည်ဖြစ်ပြီး နွေရာသီတွင် နွေစပါး ၂၅၀ ဧကခန့်အား အကျိုးပြုနိုင်မည်ဖြစ်သည့်အပြင် နှစ်စဉ်ချောင်းပိတ်လုပ်ငန်းကုန်ကျစရိတ် လျော့ကျစေ မည်ဖြစ်ပြီး ချောင်းပိတ်လုပ်ငန်းဆောင်ရွက်ရာတွင် ဖို့မြေ(Borrow Soil)ရှားပါးလာသည့် ဒုက္ခမှလည်း ကင်းဝေးစေမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ပထမမေးခွန်းအနေဖြင့် ပကောက် Check Gate တည်ဆောက်ပေးနိုင်ရန်အတွက် လိုအပ်သောရန်ပုံငွေအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ရန်ပုံငွေတွင် တင်ပြတောင်းခဲ့သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ရေချိုချောင်းရောက်ရှိနေသည့် ထန်းတပင်ချောင်းမှ ၎င်းလယ်မြေများသို့ ၃ မိုင်ကွာဝေး ပြီး ရေချိုမြောင်းဆက်လက်သွယ်တန်းပြီး ရေသွင်းမြောင်း၊ လယ်ခြားမြောင်း ဆက်လက်ဆောင်ရွက် ပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်း၍ ထန်းတပင်ချောင်းသည် ရေချိုသွင်းသည့် အဓိကချောင်း ဖြစ်ပါကြောင်း၊ တာတိုက်ရေတံခါး၊ သရက်တောရေတံခါးဘက်ကိုသာ ရေချိုရောက်ပြီး ထိန်းခြင်း ဖြစ်ပါကြောင်း၊ လက်ရှိတင်ပြသည့် ပကောက်ရေတံခါးနေရာသို့ ရေချိုသွင်းမြောင်းဆောင်ရွက်နိုင် မှု ရှိ၊ မရှိ မြေပြင်အနေအထားအား လေ့လာစူးစမ်းပြီး ဦးစွာ ဖြစ်မြောက်နိုင်စွမ်းအပေါ် မူတည်၍ ဆက်လက်စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။