ဒေါက်တာထိန်ဝင်း(ကျောင်းကုန်းမဲဆန္ဒနယ်)
ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝချောင်းမြောင်းများ တိမ်ကောပျက်စီးနေခြင်း၊ ငဝန်တာ၊ ပန်းလှိုင်တာနှင့် ပင်လယ်ရေချို၊ ရေငန်အစပ် ရေထိန်းတံခါးများ၊ ကျွန်းပတ်တာတမံများအား ပြန်လည် တူးဖော်တည်ဆောက်ခြင်းများ မည်ကဲ့သို့စီမံဆောင်ရွက်မည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်း သည့်မေးခွန်း
ဧရာဝတီတိုင်းဒေသကြီးအတွင်း နှစ်စဉ်သဘာဝဘေးအန္တရာယ်တစ်ရပ်အနေဖြင့် မိုးရာသီ ရေကြီးနစ်မြုပ်မှု ဘေးမှကာကွယ်နိုင်ရေးအတွက် မိုးတွင်းကာလ ရေအဓိကနုတ်ပေးမယ့် မြစ်ဝကျွန်း ပေါ်ဒေသကြီး အတွင်း သဘာဝချောင်း၊ မြောင်းများ တိမ်ကောပျက်စီးနေခြင်း၊ နှစ်သက်တမ်း ကြာပြီဖြစ်သည့် အဓိက မြေသားတာတမံများဖြစ်သော ငဝန်တာ၊ ပန်းလှိုင်တာနှင့် ပင်လယ်ရေချို၊ ရေငန်စပ်ရေထိန်းတံခါးများ၊ ကျွန်းပတ်တာတမံများအား လေ့လာဆန်းစစ်ခြင်း၊ ပြန်လည်ပြုပြင် ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို နှစ်အလိုက် ဘဏ္ဍာရေး လျာထားချက်များအပါအဝင် မည်ကဲ့ သို့ အစီအမံများ ဆောင်ရွက်သွား မည်ကို သိရှိလိုပါကြောင်း။
မြစ်ဝကျွန်းပေါ်ဒေသရှိရာ ဧရာဝတီမြစ်မှ မြစ်လက်တက်များခွဲထွက်ပြီး ငဝန်မြစ်၊ ပန်းလှိုင် မြစ်၊ ရွေးမြစ်၊ ပြန်မလော့မြစ် စသဖြင့် ထင်ရှားတဲ့မြစ်ကြီးများအပြင် မြစ်လက်တက်များ၊ ချောင်း လက်တက်များအဖြစ် ပင်လယ်ထဲသို့ စီးဆင်းသွားကြပါကြောင်း။ ဧရာဝတီမြစ်ဝကျွန်းပေါ် အထက် ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ ဆက်စပ်နေသောဒေသဖြစ်သည့် အတွက် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသ၏ရေရှည်အကျိုးစီးပွားထိခိုက်ပျက်စီးမှုမရှိစေရန်၊ ပိုမိုတိုးတက် ကောင်းမွန်ပြီး Delta Economic Development Plan များချမှတ်နိုင်ရေးအတွက် ပညာရှင်များ၏ ပညာရပ်ဆိုင်ရာများနှင့်ပေါင်းစပ်ကာ အစီအမံများချမှတ်စေလိုသော ဆန္ဒမွန်ဖြင့် မေးမြန်းရခြင်းဖြစ်ပါ ကြောင်း။
မြစ်၊ ချောင်း၊ အင်းအိုင်ပေါများပြီး စိုက်ပျိုးရေးမှာ မြန်မာနိုင်ငံအတွက် အဓိက အားထားရ သည့် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သကဲ့သို့ ရေသယံဇာတပေါကြွယ်ဝသည့်ဒေသကြီးလည်း ဖြစ်ပါ ကြောင်း။ မြစ်ဝကျွန်းပေါ်ဒေသတို့ အရှေ့ဘက်တွင် ပန်းလှိုင်တာ၊ အနောက်ဘက်မှာ ငဝန်တာနှင့် ရေထိန်းတံခါးများ၊ ကျွန်းပတ်တာများတည်ဆောက်၍ အကာအကွယ်ပေးထား သည်ကိုတွေ့ရပါ ကြောင်း။ ဧရာဝတီမြစ်၏ အခြေအနေကို ကာလအလိုက် ရေများ ဆက်စပ်မှု အပေါ်အခြေခံ ဆန်းစစ်သည့်အခါ ၂၀၁၅ ခုနှစ်၊ ကြံခင်း ရေအမှတ် RL 75.1 သို့ရောက်စဉ် ဟင်္သာတရေ အမှတ်သည် စိုးရိမ်ရေအမှတ်အပေါ်ကိုရောက်ရှိနေတာ ဖြစ်ပါကြောင်း၊ အကြောင်းရင်းမှာ သဲနုန်း များ ပို့ချမှုကြောင့်လည်းကောင်း၊ ချောင်းကော၊ မြောင်းကော များဖြစ်လာ၍ ရေအနုတ် သိမ်း လျော့နည်းကာ ရေစီးကြောင်းနှေးလာမှုကြောင့်လည်းကောင်း ဖြစ်စေသည်ဟု လေ့လာ တွေ့ရှိ ရပါကြောင်း၊ ထိုဖြစ်စဉ်များကို ဆင့်ကဲဆင့်ကဲဖြစ်ပေါ်လာပါက ကာလ တစ်ခုနှင့်တစ်ခု ရေကြီးမှု များဖြစ်ပေါ်လာနိုင်ချေ ပိုမိုများလာမည်ဖြစ်ပါကြောင်း။ ရေကြီးမှုအန္တရာယ်ကို ကာကွယ်ရန့် ကာရံ တည်ဆောက်ထားသည့် မြေသားတာတမံများသည်လည်း နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်း ရှည်ကြာခဲ့ပါကြောင်း။
လွတ်လပ်ရေးမရခင်တွင် တည်ဆောက်ခဲ့သည့် တာတမံများဖြစ်ပါကြောင်း၊ ရေဘေး အန္တရာယ် ကာကွယ်ပေးထားသည့် လယ်မြေဧကမှာ ၇၃၇,၆၁၆ ဧကရှိပါကြောင်း၊ အစိုးရက ထိန်းသိမ်းပေးရသည့် လယ်သမားတာတမံများသည် ၁၉၈၀-၁၉၈၁ ရေချို၊ ရေငန်ကျွန်းပတ်တာ များဖြစ်ပါကြောင်း၊
ကြယ်ပွင့်ပြမေးခွန်းအနေဖြင့် မေးမြန်းလိုသည်မှာ (၁) မိုးရာသီအတွင်း ရေစီးကာနုတ်ပေး သည့် မြစ်ဝကျွန်းပေါ်ဒေသကြီးအတွင်းတွင် သဘာဝ ချောင်း၊ မြောင်းများ တိမ်ကောပျက်စီး နေ ခြင်း ကြောင့် ချောင်းကော၊ မြောင်းကောများ တူးပေးမည့် အစီအစဉ်ကိုလည်းကောင်း၊ (၂) နှစ်သက် တမ်းကြာပြီဖြစ်သည့် အဓိကမြေသားတာတမံများဖြစ်သည့် ငဝန်တာ၊ ပန်းလှိုင်တာနှင့် ပင်လယ် ရေချို၊ ရေငန်စပ်ရေထိန်းတံခါးများကို လေ့လာဆန်းစစ်ခြင်း၊ ပြုပြင် ခြင်း၊ အသစ်တည် ဆောက်ခြင်း များကို နှစ်အလိုက် ဘဏ္ဍာရေးလျာထားချက်များအပေါ်တွင် အစိုးရက မည်ကဲ့သို့ အစီအမံများ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြား သွားမည် ဖြစ်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်တို့မှ စီးဆင်းသည့်မြစ်ရေများကြောင့် သဘာဝဘေးအန္တရာယ်တစ်ရပ်အနေဖြင့် မိုးရာသီတွင် ရေကြီး နစ်မြုပ်မှုများ နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊ ထိုသို့ မိုးရာသီတွင်ရေကြီးနစ်မြုပ်မှုဘေးမှ ကာကွယ် နိုင်ရန်အတွက် အဓိကရေနုတ်မြောင်းများတူးဖော်ခြင်း၊ ရေဘေးကာကွယ်ရေးတာများ ပြုပြင်ခြင်း လုပ်ငန်းများကို ဦးစားပေးအစီအစဉ်များဖြင့် နှစ်စဉ်စီမံ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တာတမံ ၆၄ ခု၏ အလျားမိုင်ပေါင်းမှာ ၁,၃၂၁ မိုင်ခန့်ဖြစ်ကြောင်း ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုဘေးမှကာကွယ်ရန်အတွက် အရေးကြီး ရေဘေးကာကွယ်ရေး တာတမံ ၈ ခု၊ ကျွန်းပတ်တာ ၂၂ ခု၊ ရေငန်တားတာ ၁၅ ခု၊ အခြားရေဘေးကာကွယ်ရေး တာငယ် ၁၉ ခု စုစုပေါင်းတာတမံ ၆၄ ခုနှင့် ရေတံခါး ၂၀၉ ခုကို တည်ဆောက်ထိန်းသိမ်းထားပြီး ဧရိယာဧက ၁၇ သိန်းကျော်ကို ကာကွယ်ထားတာဖြစ်ပါကြောင်း။
အရေးကြီးရေဘေးကာကွယ်ရေး တာတမံ ၈ ခုဖြစ်သည့် ငဝန်တာ၊ ဧရာဝတီ-ဟင်္သာတတာ၊ ဧရာဝတီ အရှေ့ဘက်ကမ်းတာ၊ မြန်အောင်တာ၊ ကြံခင်းတာ၊ ညောင်တုန်းကျွန်းတာ၊ တာဝ-ပါလှဲ့-ကုက္ကိုဝတာ၊ မအူပင်ကျွန်းပတ်တာများ တည်ဆောက်ပြီးစီးခဲ့ခြင်းသည် ပျမ်းမျှအားဖြင့် နှစ်ပေါင်း ၁၄၀ ခန့်ရှိပြီး၊ ရေငန်တားတာနှင့် ကျွန်းပတ်တာများ၊ အခြားရေဘေးကာကွယ်ရေးတာငယ်များကို တည်ဆောက်ထားခဲ့သည်မှာ နှစ်ပေါင်း ၄၀ ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ မြေသားတာတမံများ ဖြစ် သည့်အတွက် ရာသီဥတုဒဏ်၊ ရေတိုက်စားမှုဒဏ်များ၊ ထူးပေါက်များ၊ တာတမံပေါ်တွင် ဒေသ တွင်း ဆက်သွယ်သွားလာမှုများကြောင့် တာနိမ့်ကျခြင်းများ၊ ကမ်းပြိုကမ်းစားမှုကြောင့် တာတမံ ထိခိုက်မှုများ နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ရေဘေးကာကွယ်ရေး တာများ၊ ကျွန်းပတ်တာများ၊ ရေငန်တားတာများ ပြုပြင်တည်ဆောက်ခြင်းများအား ဦးစားပေး အလိုက် စီမံဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၏ ရေမြေသဘာဝအနေအထားများအရ သဘာဝချောင်း များမှာ နှစ်စဉ်နုန်းပို့ချမှုများကြောင့် ၃ နှစ်မှ ၅ နှစ်အတွင်း ပြန်လည်တူးဖော်ရလေ့ရှိပြီး ဆောင်ရွက် ခြင်းမပြုပါက နုန်းတင်တိမ်ကော၍ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကိုလည်း နှစ်စဉ်လျာထားစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ တာတမံပြုပြင်ခြင်းလုပ်ငန်း ၅၇၁ ခု၊ ရေတံခါး ပြုပြင် ဆောင်ရွက်ခြင်းလုပ်ငန်း ၂၂၄ ခု၊ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း ၅၇၀ ခုဆောင်ရွက်ခဲ့ ပြီးဖြစ်ကာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တာတမံပြုပြင်ခြင်းလုပ်ငန်း ၁၄၁ ခု၊ ရေတံခါး ပြုပြင် ခြင်းလုပ်ငန်း ၄၀ ခု၊ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း ၆၇ ခုတို့ကို ဆောင်ရွက်သွား မည်ဖြစ်ပါ ကြောင်း။
ရေချို၊ ရေငန်စပ်ဒေသများတွင် ရေငန်တားတာ၊ ကျွန်းပတ်တာများနှင့် အကျိုးပြု ဧရိယာ များတွင် မြေဆီလွှာအရည်အသွေးဆိုင်ရာ စူးစမ်းလေ့လာခြင်း များဆောင်ရွက်သကဲ့သို့ ဧရာဝတီ တိုင်းဒေသကြီး အတွင်းနှင့် အဓိကမြစ်များတွင် နှစ်စဉ်ရေငန်ဦးလိုင်း(Salinity Line) ရောက်ရှိမှု အခြေအနေ တိုင်းတာခြင်းလုပ်ငန်းများအား နွေရာသီ ဒီရေအမြင့်ဆုံးတက်ရောက်သည့် မတ်လနှင့် ဧပြီလတွင် ရေထရက် များနှင့် ဆောင်ရွက်လျက်ရှိပြီး တိုင်းတာရရှိသည့်အချက်အလက်များကို ရေငန်ဝင်ရောက်မှု အတိုင်းအတာပြလိုင်း(Salinity Line)များရေးဆွဲ၍ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ အတွက် အများပြည်သူများ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
၎င်းအပြင် ကျွန်းပတ်တာအတွင်းရှိ တာတမံများ၏ကြံ့ခိုင်မှုအခြေအနေ၊ ရေတံခါးများတွင် တပ်ဆင်ထားသည့် ရေတံခါးရွက်များ၏ရေစိမ့်ယိုမှုရှိ မရှိအခြေအနေများ၊ ရေနုတ်မြောင်းများ တိမ်ကောမှုရှိ မရှိကိုလည်း အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်းများ၊ နှစ်စဉ်စောင့်ကြည့်၍ လိုအပ် သည်များကို ဦးစားပေးအလိုက် ပြင်ဆင်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တာတမံများ၏ကြံ့ခိုင်မှုကိုသိရှိနိုင်ရန်အတွက် တာတမံစစ်ဆေးရေးအဖွဲ့များကို နှစ်စဉ်ဖွဲ့စည်း၍ ပြုပြင်ရန် လိုအပ်သည့်အခြေအနေများကို စစ်ဆေးတင်ပြစေကာ လိုအပ်သော ပြင်ဆင် ဆောင်ရွက် မှုများ ကိုလည်း ဦးစားပေးအလိုက် ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးရာသီ ရေဘေးအန္တရာယ်ကာကွယ်ရေးနှင့် ရေကြီးနစ်မြုပ်မှု လျော့ပါးစေရေးအတွက် မိုးရာသီမတိုင်မီ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တာတမံများပြုပြင်ထိန်းသိမ်းခြင်း၊ အသစ်တည်ဆောက်ခြင်း၊ ရေတံခါးများပြုပြင် ထိန်းသိမ်းခြင်း၊ ရေနုတ်မြောင်းနှင့် ချောင်းကော၊ မြောင်းကောများ တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နှစ်စဉ်ရန်ပုံငွေများ လျာထားတင်ပြတောင်းခံပြီး ရရှိရန်ပုံငွေပေါ်မူတည်၍ ဦးစားပေး အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ဆောက်ပြီး ရေဘေးကာကွယ်ရေးတာများ၊
ရေတံခါးများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဌာနမှပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်သကဲ့သို့ ဒေသနေပြည်သူများမှလည်း ထိခိုက်ပျက်စီးမှုများမဖြစ်ပေါ်စေရေး စေတနာကောင်းများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါရန်နှင့် ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
ဒေါက်တာထိန်ဝင်း(ကျောင်းကုန်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး အတွက်ကာရံထားသည့် ဆည်မြောင်းတာတမံများကိစ္စတစ်ခု၊ နောက် ရေနုတ်၊ ရေသွင်းဖြစ်သည့် ချောင်းကော၊ မြောင်းကောကိစ္စတွေ၊ သဲနုန်းကျသည့် ကိစ္စများ စသည့် လုပ်ငန်းရပ်ကတစ်ခု၊ တစ်ခုကအကြောင်း၊ တစ်ခုအကျိုးဖြစ်ပါကြောင်း၊ သို့သော် ဆည်မြောင်း နှင့် တာတမံလုပ်ငန်းသည် အင်မတန်မှ ကြီးမားသည့် ပရောဂျက်ကြီး တစ်ခုဖြစ်ပါ ကြောင်း၊ ပညာရှင်များကလည်း အင်မတန်ရှားပါးသကဲ့သို့ ရှိသည့်ဝန်ထမ်းအင်အားနှင့် စောင့်ရှောက် နေရသည့်အတွက် ဆည်မြောင်းဦးစီးဌာနနှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများကိုလည်း အထူးကျေးဇူးတင်ပါကြောင်း၊ အမှန်တကယ် မိုးရာသီဆိုလျှင် အင်မတန် စောင့်ရှောက်သည့်ဌာနဖြစ်ပါကြောင်း၊ ဆက်စပ်ပြီးမေးလိုသည်မှာ ချောင်းကော၊ မြောင်းကော ကိစ္စများ တူးသည့် နေရာတွင် နှစ်အလိုက်ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီးဆောင်ရွက်မည့် အခြေ အနေတွင် အင်မတန်ကြီးမားသည့် ပရောဂျက်များဖြစ်သည့်အတွက် ဘဏ္ဍာငွေအများကြီး အသုံးပြု ရမည် ဖြစ်သည့်အတွက် နှစ်စဉ်ရရသည့် လျာထားသတ်မှတ်ချက် ဘဏ္ဍာငွေ အပြင် တခြား Debt တို့၊ Lone တို့ ပြည်ပမိတ်ဆွေနိုင်ငံများ၏ အကူအညီများနှင့် ပရောဂျက်များ စသည့်အကူအညီများ ဆက်စပ်ဆောင်ရွက်ထားခြင်းရှိ မရှိနှင့် အဆိုပါလုပ်ငန်းများနှင့်ပေါင်းစပ်မည် ဆိုလျှင် ယခုလို ကြီးမားသည့် ပရောဂျက်စီမံကိန်းလုပ်ငန်းများ အောင်မြင်မည်ဖြစ်သည့်အတွက် ရရှိသည့့်ဘဏ္ဍာငွေ အပြင်၊ ဘဏ္ဍာရေးနှစ်အပြင် တခြား Lone တို့၊ Debt တို့များ ကမ်းလှမ်းထားခြင်း၊ MOU ထိုးထားခြင်း ရှိ မရှိ သိရှိလိုပါကြောင်း ဖြင့် ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်က
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် ရေငန်ဒေသများ အတွက် လက်ရှိဆောင်ရွက်နေသည့် Project အနေဖြင့် ရွေးမြစ်နှင့် ပြန်မလော့ မြစ်ကြားရှိ ရေငန်တား တည်ဆောက်ခြင်း ရေတံခါးများ သည် Project အနေဖြင့် နှစ်စဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြမ်းဖျဉ်း အားဖြင့် ဧက ၄၅,၀၀၀ လောက် ဆောင်ရွက်လျက်ရှိသည့် Project ကို နှစ်စဉ်ရန်ပုံငွေပေးပြီး Project ပြီးရန်အတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေငန်ကျွန်းဒေများကို ရေချိုသွင်းခြင်းကို ကုန်ကျစရိတ်နည်းစွာဖြင့် စိုက်ပျိုးရေး အတွက်အကျိုးရှိ သည့်အတွက် ဖျာပုံခရိုင်၊ လပွတ္တာခရိုင်များတွင် ရေချိုသွင်းမြောင်းများကို ပြန်လည်တူးဖော်၍ ရေချိုသွင်းလျက်ရှိပါကြောင်း၊ ထိုအတွက် နှစ်စဉ် ရန်ပုံငွေလျာထားပြီး Project အနေဖြင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျပန်ပညာရှင်များအကူအညီနှင့် ဧရာဝတီတိုင်းဒေသကြီး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတစ်ခုလုံး ဘက်စုံမြှင့်တင် ရေး Agriculture Imcome Improvement Project ဟူ၍ စူးစမ်းလေ့လာဆောင်ရွက်ခဲ့ပါကြောင်း၊ လတ်တလော ဆက်လက်မလုပ်နိုင်ပါကြောင်း၊ ကိုရီးယားပညာရှင်များအကူအညီနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ၊ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအရ တာတမံများ၊ ရေတံခါးများ၊ ရေနုတ်မြောင်း များ အဆင့်မြှင့်တင်ခြင်းနှင့် ခေတ်မီစက်မှုလယ်ယာစနစ်ဖော်ထုတ်ခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးကိစ္စအတွက် စူးစမ်းလေ့လာဆဲရှိခဲ့ပါကြောင်း၊ ထိုဆောင်ရွက်ဆဲအပြင် အခြားထိုဟာကို လည်း နိုင်ငံတကာနှင့်ပါဆက်လက်ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနအနေဖြင့် ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။