ဦးစိုးကျော်နိုင်(ကျွန်းလှမဲဆန္ဒနယ်)
ကျွန်းလှမြို့နယ်တွင် သောက်သုံးရေရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ ပံ့ပိုးကူညီပေးရန် အစီအစဉ်ရှိ မရှိ
ကျွန်းလှမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင်တည်ရှိသော မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်ထွန်းစေခဲ့သည့် သဖန်းဆိပ်ရေလှောင်တမံကြီး တည်ဆောက်ခဲ့စဉ် ၁၉၉၆ ခုနှစ်တွင် ရွှေ့ပြောင်းခဲ့ရသည့် မြို့တစ်မြို့လည်း ဖြစ်ပါကြောင်း၊ ထိုသို့ ပြောင်းရွှေ့စဉ်ကာလတွင် ကျွန်းလှမြို့အား မိုးတွင်းကာလများတွင် ရေကြီးရေလျှံမှုမှ ကာကွယ် နိုင်ရန်နှင့် မြို့ရေပေးဝေရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် မြို့၏ မြောက်ဘက်မိုင်ဝက်ခန့်အကွာတွင် ဘိုယားချောင်းငယ် ကိုပိတ်၍ ဘိုယားတမံ(၁) နှင့်(၂) တို့ကို တည်ဆောက်ပေးခဲ့ပြီး ၎င်းတမံနှစ်ခုအား ရေကူမြောင်းအဖြစ်ဖောက်လုပ်ပေး၍ ရေလမ်းကြောင်း များကို ဆက်သွယ်ထားပြီး ရေကိုလုံလုံ လောက်လောက်ပေးဝေနိုင်ရေးအတွက် တမံတစ်ခုတည်း ပုံစံကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း။ ထိုသို့တည်ဆောက်ပေးထားခဲ့သော်လည်း မြို့ရေပေး ဝေရေးလုပ်ငန်းများကို ထိုအချိန်က အစိုးရအနေဖြင့် ဆောင်ရွက်မပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော် အတွက် အခြားအရေးကြီးသော စီမံကိန်းကြီးများကို ဦးစားပေး ဆောင်ရွက်နေ ကြခြင်းကြောင့် ဖြစ်ပါကြောင်း၊ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သည့် ၂၀၁၀-၂၀၁၅ ဒီမိုကရေစီ အစိုးရသစ် လက်ထက်တွင် မိမိတို့အနေဖြင့်လည်း ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်အဖြစ် တာဝန်ယူ ဆောင်ရွက်နေရချိန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တမံတည်ဆောက်စဉ်က မူလ ရည်မှန်းချက်ဖြစ်သည့် မြို့ရေပေးဝေရေးလုပ်ငန်းကို အစိုးရတစ်ရပ်၏ နောက်ဆုံးဘဏ္ဍာရေးနှစ် ဖြစ်သည့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် လုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရပါ ကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် ရေပေးဝေရေးလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းခန့်သာ ပြီးစီးခဲ့ပြီး ကျန်ရှိ နေသေးသည့် ရေဖြန့်ဝေရေး၊ ရေပိုက်လိုင်းများတိုးချဲ့တပ်ဆင်ရေးနှင့် ရေမီတာများတပ်ဆင်ရန် ကျန်ရှိနေပါကြောင်း၊ ဒုတိယအစိုးရသက်တမ်းတွင် ၎င်းကျန်ရှိနေသည့်လုပ်ငန်းများ၏ ၁၀ ရာခိုင်နှုန်း ခန့်ကို ရန်ပုံငွေများ ချထားပေးမှုမရှိဘဲ ရပ်ဆိုင်းထားခဲ့ကြပါကြောင်း။
၂၀၂၅ ခုနှစ်၊ နှစ်ကုန်တွင် ကျွန်းလှမြို့နှင့် ကန့်ဘလူမြို့များသို့ ကုန်ပစ္စည်းများ၊ စက်သုံးဆီ များ ဝင်ရောက်ခွင့် မရစေရန် အကြမ်းဖက်သမားများမှ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို ခံခဲ့ကြရပါကြောင်း၊ ၎င်းမတိုင်မီ ယခင်နှစ်များတွင် လျှပ်စစ်မီးရရှိနေသေးသဖြင့် မြေအောက်ရေများကို ရေမော်တာများ၊ Compressor များဖြင့် ထုတ်ယူသုံးစွဲနိုင်ခဲ့ကြပါကြောင်း၊ ၎င်းမြေအောက်ရေများကို ကျန်းမာရေးဌာန မှ ဓာတ်ခွဲစမ်းသပ်ကြည့်ရာတွင်လည်း ထုံးဓာတ်များ များစွာပါဝင်နေသည်ကို တွေ့ရှိရသည့်အတွက် ရေရှည်သုံးစွဲရန်မသင့်ပါကြောင်း၊ ထို့အတွက်ကြောင့် မူလရည်မှန်းချက်ဖြစ်သည့် မိုးရေကိုပိတ် လှောင်ထားပြီး ရေစုတမံထဲမှရေကို သုံးစွဲ၍ ရရှိအောင် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးမည်ဟု မိမိအပါအဝင် မြို့ခံပြည်သူများမှ ယုံကြည်အားကိုး မျှော်လင့်နေရပါကြောင်း၊ ယခုအခါ သဖန်းဆိပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အကြမ်းဖက်သမားများမှ သိမ်းပိုက်ဖျက်ဆီးခဲ့ပါကြောင်း၊ ထို့အတွက် လျှပ်စစ်မီးမရရှိသည်မှာ ၇ လ ကျော်ခန့် ကြာမြင့်ပြီဖြစ်ပါကြောင်း၊ မြို့လူထုအနေဖြင့် သောက်သုံးရေ ရရှိရေးအတွက် များစွာအခက်အခဲဖြစ်ရပါကြောင်း၊ ထိုသို့ လျှပ်စစ်မီးမရရှိသည့် အခက်အခဲများ အတွက် ကျွန်းလှမြို့ကို လျှပ်စစ်မီး အမြန်ဆုံး ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်ပေးစေလို ကြောင်း မေးခွန်းကို ၁၇-၆-၂၀၂၆ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လည်း မေးခွန်းမေးမြန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုကြုံတွေ့နေရသည့် ရေ၊ မီး အခက်အခဲပြဿနာကို မြို့ခံပြည်သူများအနေဖြင့် ကိုယ့်အားကိုယ်ကိုး၍ ရေပိုက်လိုင်းများကိုပြုပြင်ပြီး ဒီဇယ်အင်ဂျင်များဖြင့် ရေစုပ်စက်များ တပ်ဆင်ပြီး ရေစင်ပေါ်သို့ရေရောက်ရှိအောင် စုပ်တင်၍ ဖြန့်ချိနိုင်ရေးအတွက် ကိုယ်ထူကိုယ်ထ အင်အားရှိသလောက် ဆောင်ရွက်နေကြပါကြောင်း၊ ထို့ကြောင့် အဆင်ပြေမှုတချို့ ရှိနေပြီဖြစ်ပါကြောင်း၊ ကျန်ရှိနေသေးသော လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့် ဒီဇယ် ဆီသုံး အင်ဂျင်အစား ဆိုလာစနစ်ဖြင့် လျှပ်စစ်ရယူပြီးရေမော်တာများကို အသုံးပြနိုင်ရေးစသည့် လုပ်ငန်းများအတွက် ရန်ပုံငွေလိုအပ်လျက်ရှိနေပါကြောင်း။
သို့ဖြစ်ပါ၍ ကျွန်းလှမြို့ပေါ်ရှိပြည်သူများ အခက်အခဲကြုံတွေ့နေရသည့် သောက်သုံး ရေရရှိ ရေးအတွက် နိုင်ငံတော်အစိုးရမှ ပံ့ပိုးကူညီဆောင်ရွက်ပေးရန်အစီအစဉ် ရှိ မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော် က
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အကျိုးကျေးဇူးကြီးမားစွာဖြစ်ထွန်းစေသော သဖန်းဆိပ်ရေလှောင် တမံကြီး တည်ဆောက်ခဲ့စဉ်က ကျွန်းလှမြို့သစ်ကို ၁၉၉၆ ခုနှစ်၌ ရွှေ့ပြောင်းတည်ဆောက်ခဲ့ပြီး မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုကာကွယ်ရန်နှင့် မြို့ရေပေးဝေရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အတွက် ကျွန်းလှမြို့နယ်အနီး ဘိုယားချောင်းကိုပိတ်၍ ဘိုယားတမံ(၁)နှင့်(၂)တို့ကို တည်ဆောက် ပေးခဲ့ပါကြောင်း၊ အဆိုပါတမံများမှာ မြေသားတမံအမျိုးအစားများဖြစ်ပြီး ဘိုယားတမံ(၁)မှာ အလျား ၃,၅၀၀ ပေ၊ အမြင့် ၂၂ ပေနှင့် ဘိုယားတမံ(၂)မှာ အလျား ၂,၁၆၀ ပေ၊ အမြင့် ၁၅ ပေရှိပါကြောင်း၊ ဘိုယားတမံ(၁) နှင့်(၂)ကို ဆက်သွယ်မြောင်းဖြင့် ပေါင်းကူးဆက်သွယ်ပေးထားပြီး ဘိုယားတမံ (၁) နှင့် (၂)၏ ကန်ရေပြည့် ပမာဏ ၈၁၀ ဧကပေ၊ ရေဂါလန် ၂၂၀ သန်းခန့်ရှိသည့်အနက် အသုံးပြုနိုင် သည့် ရေပမာဏမှာ ရေဂါလန် ၂၀၀ သန်းဖြစ်ပါကြောင်း။
ဘိုယားတမံ(၁)မှ ဆည်ရေကိုရေထုတ်ပြွန်မှတစ်ဆင့် တမံအခြေရှိ ရေငြိမ်ကန်သို့ ရေဖြည့် တင်းပေးပါကြောင်း၊ ရေငြိမ်ကန်မှတစ်ဆင့် ရေစုကန်သို့ ၈ လက်မအချင်းရှိ PVC ပိုက် (Gravity Flow) ဖြင့်သွယ်တန်းပြီး ရေစုကန်မှရေကို လျှပ်စစ်မော်တာရေစုပ်စက်များဖြင့် ရေစင်ပေါ်တင်၍ မြို့ သောက်သုံးရေပေးဝေခြင်းလုပ်ငန်းများကိုသက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီမှဆောင်ရွက်ခဲ့ပါကြောင်း။ မြို့နေလူထု၏ အဓိကရေသုံးစွဲမှုမှာ မြေအောက်ရေမှ ထုတ်ယူသုံးစွဲခြင်း ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းနှင့် ယခုကာလတွင် နယ်မြေအခြေအနေများကြောင့် လျှပ်စစ်မီးမရရှိသည့် အခြေအနေဖြစ်ပါသဖြင့် ထုတ်ယူသုံးစွဲရန် အခက်အခဲဖြစ်ပေါ်သည့်အတွက် ဘိုယားတမံ(၁)မှ ရေကိုပြောင်းလဲ သုံးစွဲခဲ့ရပါကြောင်း။
ထိုသို့ သုံးစွဲနိုင်ရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆည်ရေကို ဘိုယားတမံ(၁)အခြေရှိ ရေငြိမ်ကန်သို့ ရေဖြည့်တင်းပေးပြီး ကျွန်းလှမြို့နယ် စည်ပင် သာယာရေးကော်မတီမှ မြို့နေလူဦးရေ ၂,၄၀၀ ခန့်အတွက် ရေဂါလန် ၆၀,၀၀၀ ကို နေ့စဉ်ဖြန့်ဖြူး ပေးခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊လက်ရှိအခြေအနေအရ ကျွန်းလှမြို့ပေါ်ရပ်ကွက်ကြီး ၄ ခုရှိ လူဦးရေ ၁၄,၄၁၈ ဦးအနက် ၂,၄၀၀ ဦးအတွက်သာ ရေပေးနိုင်သဖြင့် ရေလုံလောက်စွာ ပေးနိုင် ရန် အတွက် သိုလှောင်ပမာဏ ၄၅,၀၀၀ ဂါလန်ရှိ ရေငြိမ်ကန်တစ်လုံးတည်ဆောက်ခြင်း၊ တမံ အတွင်း မှ ရေငြိမ်ကန်သို့ ရေဖြည့်တင်းပေးသည့် ရေတံခါးပြုပြင်ရေးလုပ်ငန်းများအား ဆောင်ရွက် ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊အဆိုပါလုပ်ငန်းများမှ ရေငြိမ်ကန်သို့ ရေဖြည့်တင်းပေးမည့် ရေတံခါးပြုပြင်ခြင်းလုပ်ငန်းကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။ ရေငြိမ်ကန်အသစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေငြိမ်ကန်အသစ်မှ ရေစု ကန်သို့ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို စည်ပင် သာယာရေးကော်မတီမှ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ရေတံခါးပြုပြင်ရေးလုပ်ငန်းအတွက် လိုအပ် ရန်ပုံငွေကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရန်ပုံငွေ သို့မဟုတ် သင့်လျော် ရာ ရန်ပုံငွေတွင် တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက် ပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးစိုးကျော်နိုင်(ကျွန်းလှမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
ဒုတိယဝန်ကြီးဖြေကြားရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေနှင့် တင်ပြ တောင်းခံ၍ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ဖြေသွားကြောင်း၊ အဆိုပါကိစ္စတွင် မိမိတင်ပြ လိုသည်မှာ သဖန်းဆိပ်ဆည်ကြီးကို မူလတည်ဆောက်ခဲ့သည့် ဌာနသည် နိုင်ငံတော် ငြိမ်ဝပ် တည်ဆောက်ရေးကာလအစိုးရလက်ထက်တွင် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက် ခဲ့ခြင်းဖြစ်ပါကြောင်း။ မြို့ပြောင်းရွှေ့ရေးလုပ်ငန်းစဉ်များကိုလည်း ဆည်မြောင်းဝန်ကြီးဌာနမှသာ ဦးဆောင်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကာလမှ ဝန်ကြီးများ၊ နိုင်ငံတော်အကြီးအကဲ များမှ ကျွန်းလှမြို့သို့ လာရောက်၍ မြို့လူထုကို ဟောပြောစည်းရုံးဖျောင်းဖျပြီး ရေ၊ မီး ပြည့်စုံအောင် စီမံဆောင်ရွက်ပေးမည်၊ လမ်းတံတားများလည်း စီမံဆောင်ရွက်ပေးမည်ဟုဆိုကာ နှစ်သိမ့်၍ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ရွှေ့ပြောင်းပေးခဲ့ခြင်းကို ထိုစဉ်က မလုပ်နိုင်ခဲ့သည့် အကြွေးများကို ယခုမှ မိမိတို့ ပြန်တောင်းရခြင်းဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံ ဆောင်ရွက်ပေးမည်ဆိုသည်ထက် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံဆောင်ရွက်ပေးမှသာ ပို၍ မြန်မြန် ဆန်ဆန်နှင့်ရရှိမည်ဟု ယူဆသည့်အတွက် ထပ်ဆင့်မေးမြန်းရခြင်းဖြစ်ပါကြောင်း မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က
မိမိတို့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ဖြေကြားခြင်းဖြစ်သည့် အတွက်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေဟု တင်ပြ ထားသည့်အတွက် မိမိတို့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရန်ပုံငွေတွင် မပါရှိနိုင်လျှင်လည်း ပြည်ထောင်စုရန်ပုံငွေတွင် တင်ပြရန် ညှိနှိုင်းပြီး ဆက်လက် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။