ဦးအောင်ကျော်မင်း(သုံးခွမဲဆန္ဒနယ်)
သုံးခွမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၌ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် လက်ရှိ ရေပေးဝေမှုစနစ်အား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း သို့မဟုတ် အနီးဆုံးဆည်/တမံမှ ရေရယူဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
သုံးခွဲမြို့နယ်သည် ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၆၄ စု၊ ကျေးရွာ ၁၆၂ ရွာ၊ လူဦးရေစုစုပေါင်း ၁၆၄,၅၄၇ ဦးရှိပြီး အိမ်ထောင်စု ၄၃၇၉၈ စုရှိပါကြောင်း၊ မြို့ပေါ်ရပ်ကွက် ၁၂ ခုတွင် နေထိုင်သည့် လူဦးရေ ၂၇,၇၈၈ ဦးရှိပြီး အိမ်ထောင်စု ၇,၄၇၀ စုရှိပါကြောင်း၊ သုံးခွမြို့နယ်ရှိ ပြည်သူများသည် မိုးရာသီတွင် မိုးရေကို အများဆုံး ခံယူသုံးစွဲကြပြီး မိုးကုန်ချိန်တွင် မိုးရေ လှောင်ကန်များမှ ရေကို ရေပိုက်လိုင်းဖြင့် ရယူသုံးစွဲကြပါကြောင်း၊ ကျေးရွာတချို့တွင် စက်ရေတွင်း တူးဖော်သော် လည်း ရေငန်သာထွက်ရှိပြီး ရေချိုရရှိရန်အတွက် ပေ ၄၅၀ ခန့်အထိ တူးဖော် ကြရ ကြောင်း၊ သုံးခွမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် ၁၂ ခုတွင် မြို့နယ်စည်ပင်သာယာအသိအမှတ်ပြု မိုးရေ လှောင်ကန် ၅၈ ကန်ရှိပြီး အဓိကကန်ကြီးသုံးကန်ဖြစ်သည့် ၃၁ ဧကကန်၊ မြို့ဦးကန်၊ ကန်သာယာ ကန်တို့မှ ရေကို မြေအောက် ရေပိုက်လိုင်း ရယူသွယ်တန်းပြီး အဓိကမှီခိုသုံးစွဲနေကြပါကြောင်း၊ တစ်နှစ်(၁၂ လ)တွင် နှစ်စဉ် ရေလို အပ်သည့် မိုးကုန်ချိန် ဒီဇင်ဘာလမှ မိုးဦးကျချိန် မေလကုန်အထိ ၆ လအတွင်း မြို့ပေါ်ရပ်ကွက်နေ ပြည်သူများသည် သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် အခက်အခဲကြုံတွေ့လျက်ရှိပါကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အစီအစဉ်ဖြင့် အထက်ပါ ရေကန်သုံးကန်မှ ရေကို သက်ဆိုင်ရာ ရပ်ကွက်များအလိုက် အလှည့်ကျ ရေပေးဝေမှုစနစ်ဖြင့် ရေတွန်း ပေးလျက်ရှိပါကြောင်း၊ သို့သော် ရေပိုက်လိုင်းများသည် လွန်ခဲ့သည့် နှစ်များစွာကတည်းက မြေအောက်မြှုပ်ပြီး သွယ်တန်းထားခြင်း ဖြစ်ပြီး ယခုနောက်ပိုင်းတွင် ရေကန်များ ဆက်လက် တူးဖော်ခဲ့မှုကြောင့် နွေရာသီရေနည်းချိန်တွင် ရေပိုက်လိုင်းကမြင့်ပြီး ရေကနိမ့်ကျနေသဖြင့် ရေစုပ် ယူရခက်ခဲခြင်း၊ အရင်းပိုင်းနေသူများသာ ရေရရှိပြီး အဖျားပိုင်းနေသူများ ရေမရရှိနိုင်တော့ခြင်း၊ မသန့်ရှင်းသော ရေနောက်များသာရရှိခြင်း၊ ခြံစည်းရိုးမရှိသည့် ရေကန်များတွင် နွေရာသီ ကန်ရေခန်းချိန် တိရစ္ဆာန်များ ရေကန်အတွင်း ဆင်းသဖြင့် ရေမသန့်ရှင်းခြင်း၊ သက်ဆိုင်ရာမှ အလှည့်ကျစနစ်ဖြင့် ရေတွန်းပေးသော်လည်း လျှပ်စစ် မီးနှင့် စက်သုံးဆီအခက်အခဲကြောင့် လိုအပ်သည့်အချိန် လိုအပ်သလို မတွန်းပေးနိုင်ခြင်း၊ ပြည်သူ များသည် မိုးရေလှောင်ကန်မှ ရေကို တိုက်ရိုက်ရယူသုံးစွဲရခြင်းဖြစ်သဖြင့် ရေသန့်ရှင်းမှုအားနည်း ခြင်းနှင့် သက်ဆိုင်ရာဌာန၏ လက်ရှိရေပေးဝေမှု စနစ်အား ပြန်လည်သုံးသပ်၍ ဆောင်ရွက်ပေးရန် လိုအပ်လာခြင်းတို့ကြောင့်ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့် သန့်ရှင်းသော သောက်သုံးရေ ရရှိရန် အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း၊ ယခင် အစိုးရလက်ထက်တွင် မြို့ရေရရှိရေး အတွက် အနီးဆုံး သန်လျင်မြို့နယ်ရှိ ဘန့်ဘွေးကုန်းဆည်မှ ရေပိုက်လိုင်းသွယ်တန်းရယူရန် စီစဉ်ခဲ့သော် လည်း အစီအစဉ်မဖြစ်ခဲ့ကြောင်း၊ သောက်သုံးရေဖူလုံရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ၁၈-၃-၂၀၂၂ ရက်နေ့တွင် ငွေကြေးများစွာ အကုန်ကျခံပြီး ရေကူဖြည့်တင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့သော်လည်း ထိရောက်စွာ စီမံခန့်ခွဲမှု အားနည်းကြောင်း။
သုံးခွမြို့နယ် နံယောချောင်းရှိ သုံးခွရေထိန်းတံတားအောက်မှ ရေသွယ်မြောင်းဖောက်၍ ရေ ရယူပြီး ရေစုကန်မှတစ်ဆင့် ရေပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချောင်းရေကို ရေသန့်စင် ဆောင်ရွက်ခြင်းမရှိဘဲ တိုက်ရိုက်ရေသွင်းစုယူပြီး ၈ လက်မရေယူပိုက်ဖြင့် ရေမောင်းတင်၍ ရေတွန်း ပေးပို့ခြင်း ဖြစ်ပါကြောင်း၊ ချောင်းရေကို တိုက်ရိုက်ရယူသဖြင့် အမှိုက်သရိုက်များစွာ မျောပါနေခြင်း၊ ရေဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက်သည်ကျေးရွာများကိုဖြတ်သန်းလာခြင်းဖြစ်ပြီးမသန့်ရှင်း သဖြင့် ရေစု ကန်ရှိ ရေသည် ရေသန့်ရှင်းမှုလွန်စွာအားနည်းခြင်း၊ ရေအနည်တိမ်ပြီးမှ ရေကန်များသို့ ပေးပို့သည်ဟု ဆိုသော်လည်း သန့်ရှင်းသော သောက်သုံးရေ မရရှိဘဲ ရေနောက်များသာရရှိခြင်း၊ ရေပေးဝေရာတွင် ထိရောက်စွာ စီမံခန့်ခွဲမှုအားနည်းခြင်းနှင့် တစ်ပတ်လျှင် သုံးရက်ခန့်သာ ပြည်သူ များကို ရေလွှတ်ပေးနိုင်ခြင်းတို့ကြောင့် သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရေး ခက်ခဲနေရ ကြောင်း၊ ထို့ကြောင့် မြို့ပေါ် ရပ်ကွက်များနေ ပြည်သူများ နှစ်စဉ် အခက်အခဲကြုံတွေ့ရလေ့ရှိသည့် ကျန်းမာရေးနှင့်ညီညွတ်သည့် သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် လက်ရှိ ရေပေးဝေမှုစနစ်အား ယခုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခြင်း သို့မဟုတ် အနီးဆုံး ဆည်တမံမှ ရေရယူဖြန့်ဝေဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် ရပ်ကွက် ၁၂ ရပ်ကွက်၊ အိမ်ထောင်စု ၇,၄၆၈ စု၊ လူဦးရေ ၂၇,၇၈၈ ဦး နေထိုင်လျက်ရှိပြီး ၁ နှစ် သောက်သုံးရေ လိုအပ်ချက်မှာ ၁၆၈.၈၁ ဂါလန်သန်း ဖြစ်ကြောင်း၊ သုံးခွမြို့နယ်အတွင်း သောက်သုံးရေပေးဝေနိုင်ရေးအတွက် ဌာနမှတည်ဆောက် ထိန်းသိမ်းထားသော ရေလှောင်တမံများ မရှိပါကြောင်း၊ သုံးခွမြို့နှင့် အနီးဆုံးတည်ရှိနေသော ရေလှောင်တမံမှာ ကျောက်တန်းမြို့နယ်ရှိ ဘန့်ဘွေးကုန်းရေလှောင်တမံဖြစ်ပြီး မြို့နှင့် ၂၅ မိုင်ခန့် ကွာဝေးပါကြောင်း၊ ဘန့်ဘွေးကုန်း ရေလှောင်တမံသည် သိုလှောင်ရေပမာဏ ၁,၇၃၅ ဧကပေ ရေဂါလန် ၄၆၉ သန်းခန့် သိုလှောင်ထားနိုင်ပြီး ကျောက်တန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေဧရိယာ ၁၉၂ ဧကကို အကျိုးပြုနိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊ ဘန့်ဘွေး ကုန်း ရေလှောင်တမံသည် မြို့ပြရေပေးဝေရန်အတွက် ဆောင်ရွက်ထားသော ရေလှောင်တမံ မဟုတ် ဘဲ စိုက်ပျိုးရေပေးဝေလျက်ရှိသော ရေလှောင်တမံဖြစ်ပါသဖြင့် မြို့ပြရေပေးဝေရေး ဆောင်ရွက်ရ မည်ဆိုပါက တမံ၏ သိုလှောင်ရေလုံလောက်မှု ရှိ မရှိအခြေအနေကို ပြန်လည်သုံးသပ် တွက်ချက်ရ မည်ဖြစ်ပြီး ရေသယ်ယူမည့် အကွာအဝေးသည်လည်းများပြားသဖြင့် အနီးနားရှိ ရေအရင်းအမြစ်ကို သာ ရယူသုံးစွဲရန် ပိုမိုသင့်လျော်သည့် အခြေအနေဖြစ်ပါကြောင်း၊ သုံးခွမြို့တွင် မြေသားရေလှောင် ကန် ၅၈ ကန်ရှိပြီး တိုးတက်လာသည့် လူဦးရေအတွက် အဆိုပါ မြေသားရေလှောင်ကန်မှ သောက်သုံးရေလုံလောက်မှု မရှိခြင်း၊ မြေအောက်ရေသုံးစွဲနိုင်မှုမရှိခြင်းတို့ကြောင့် ရေကူပေးနိုင်သည့် ရေအရင်းအမြစ်များလည်း ထပ်မံလိုအပ်လျက်ရှိကြောင်း။
ရေအရင်းအမြစ် ထပ်မံလိုအပ်မှုအအတွက် နံယောချောင်းပေါ်ရှိ သုံးခွရေတံခါးမှရေကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ သောက်သုံးကန်များသို့ ရေကူဖြည့်တင်းရန်အတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ရန်ပုံငွေဖြင့်လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ သုံးခွမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေဖြင့်လည်းကောင်း၊ သုံးခွမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများ တွေ့ခဲ့ ရကြောင်း၊ ရေပေးဝေခြင်းဆောင်ရွက်ရာတွင် သန့်ရှင်းသောသောက်သုံးရေ အရည်အသွေးပြည့်မီ အောင် စနစ်တကျသန့်စင်ပြီးမှသာ သုံးခွမြို့ပေါ်ရှိ ရေကန်များသို့ ရေကူဖြည့်တင်းပေး၍ ရပ်ကွက် များသို့ အိမ်တိုင်ရာရောက်ပိုက်လိုင်းစနစ်ဖြင့် သွယ်တန်းထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ တင်ပြချက် အရ ဆက်လက်တင်ပြအပ်ပါကြောင်း၊ နံယောချောင်းရေကို သုံးခွမြို့ ပေါ်ရှိရေကန်များသို့ ရေကူဖြည့်တင်းပေးလျက်ရှိရာ ၇ ဧက ရေစစ်ကန်သို့ ရေပို့ဆောင်၍ စနစ်တကျ သန့်စင်ပြီးနောက် ရေသန့်များကို ၃၁ ဧကကန်သို့ ဖြည့်သွင်းပြီး၊ ၃၁ ဧက ကန်မှတစ်ဆင့် ၁ ရပ်ကွက်၊ ၂ ရပ်ကွက်၊ ၃ ရပ်ကွက်၊ ၄ ရပ်ကွက်၊ ၁၁ ရပ်ကွက်နှင့် ၁၂ ရပ်ကွက်များသို့ အိမ်တိုင်ရာ ရောက် ရေပိုက်လိုင်းသွယ်တန်းစနစ်ဖြင့် ရေဖြန့်ဝေပေးခြင်း၊၃၁ ဧကကန်မှတစ်ဆင့် အစိုးရကန်နှင့် ကွက်သစ်ကန်များအတွင်းသို့ ရေကူ ဖြည့်သွင်းပေးပြီး ၁ ရပ်ကွက်နှင့် ၃ ရပ်ကွက်သို့ အိမ်တိုင်ရာ ရောက် ရေပိုက်သွယ်တန်းစနစ်ဖြင့် ရေဖြန့်ဝေပေးခြင်း၊ ၇ ဧက ရေစစ်ကန်မှတစ်ဆင့် သုံးခွမြို့ ကန်သာယာကန်အတွင်းသို့ ရေကူဖြည့်သွင်းပေးပြီး ၈ ရပ်ကွက်၊ ၉ ရပ်ကွက်၊ ၁၀ ရပ်ကွက်များသို့ အိမ်တိုင်ရာရောက် ရေပိုက်သွယ်တန်း စနစ်ဖြင့် ရေဖြန့်ဝေပေးခြင်း၊ ၇ ဧက ရေစစ်ကန်မှတစ်ဆင့် မြို့ဦးကန်အတွင်းသို့ ရေကူပေးပို့ဖြည့်သွင်းပေးပြီး ၅ ရပ်ကွက်၊ ၆ ရပ်ကွက်၊ ၇ ရပ်ကွက်များသို့ အိမ်တိုင်ရာရောက် ရေပိုက်သွယ်တန်းစနစ်ဖြင့် ရေဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေး လျက်ရှိပါကြောင်း၊ ကျန်ရှိသော မြေသားရေလှောင်ကန် ၅၃ ကန်တွင် မိုးရေကို တိုက်ရိုက် စုဆောင်းပြီးအနီးပတ်ဝန်းကျင်ရပ်ကွက်များမှတစ်ဆင့်တစ်ပိုင်တစ်နိုင်ရေရယူသုံးစွဲလျက်ရှိကြောင်း။
သို့ဖြစ်ပါ၍ သုံးခွမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များအား ရေပေးဝေနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဆည်တမံမှ ရေပေးဝေနိုင်ရန်မှာ ရေသယ် ယူရမည့် အကွာအဝေးများပြားသဖြင့်လည်းကောင်း၊ စိုက်ပျိုးရေ ပေးဝေနေရသဖြင့် ရေပေးဝေနိုင်မှု ပမာဏ ကန့်သတ်ချက်ရှိသည့်အတွက်ကြောင့်လည်းကောင်း၊ မြို့ရေပေးဝေရေးနှင့်ပတ်သက်၍ သန့်ရှင်းသပ်ရပ်ပြီး လုံလောက်စွာ ပေးနိုင်ရေးအတွက် လက်ရှိ စီမံဆောင်ရွက်လျက်ရှိသည့် ဌာနမှ သာဆက်လက် ဆောင်ရွက်ရန်သင့်လျော်ပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရေအရင်း အမြစ်များ ပိုမိုရရှိရေး အတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးအောင်ကျော်မင်း(သုံးခွမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
သုံးခွမြို့နယ်တွင် ရေအခက်အခဲမှာ အထက်ပါတင်ပြချက်အတိုင်းဖြစ်ပြီး ယခုအခါ ရေကူ ဖြည့်တင်းခြင်း လုပ်ပေးထားခြင်း လည်းရှိပါကြောင်း၊ သို့သော် ရေကသန့်ရှင်းမှုအားနည်းပြီး ကျန်းမာရေးနှင့်ညီညွတ်ရန်အတွက် သန့်ရှင်းမှုအားနည်းကြောင်း၊ ထို့နောက် မိုးကုန်ချိန်မှစ၍ ရေ အလှည့်ကျ ဖြန့်ဝေပေးရာတွင် ရသည့်နေရာရပြီး တချို့နေရာများ မရခြင်း၊ ရေအဖျားပိုင်း မရခြင်း၊ တချို့ ရေလုံလောက်အောင်မရနိုင်ခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သည့်ရေနောက်များ ရသည့် အခါ မြေပြင်တွင်ပြည်သူများ အမှန်တကယ်ကျန်းမာရေးနှင့်ညီညွတ်သည့် သန့်ရှင်းသော သောက်သုံးရေ ရရှိအသုံးပြုနိုင်ရန်အတွက် ဌာနမှထပ်ပြီး ပိုမိုကောင်းမွန်သည့် နည်းစနစ် စီမံခန့်ခွဲမှုနှင့် ဆောင်ရွက်ပေးရန် တင်ပြ မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က
မိမိတို့အနေဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ဆက်လက်ညှိနှိုင်းပေးသွားမည်ဖြစ်ပြီး သန့်ရှင်း သော ရေလုံလောက်စွာရရှိနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။