ဦးအောင်ကိုလတ်(တမူးမဲဆန္ဒနယ်)
တမူးမြို့ပေါ်ရှိ ကံကြီးဝဆည်ကြီးအား အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ မရှိ သိရှိ လိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း
တမူးမြို့သည် ကလေးမြို့နှင့် ၈၃ မိုင်သာ ကွာဝေးပြီး အိန္ဒိယနိုင်ငံ၊ မိုဒီမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နယ်စပ်မြို့လေးတစ်မြို့ ဖြစ်ပါကြောင်း၊ တမူးမြို့တွင် အိမ်ခြေ အိမ်ထောင်စု ၁၃,၀၀၀ နီးပါးနေထိုင်ပြီး လူဦးရေ ၆၃,၀၀၀ ဦးကျော် နေထိုင်လျက်ရှိသည့်နေရာတွင် အများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် တောင်သူများဖြစ်ပါကြောင်း၊ တမူးမြို့၏ တောင်သူများ အများဆုံးစိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ်မ (A ကွင်း) တောင်သူ ၁၁၂ ဦး၊ အကျိုးပြုဧက ၃၁၈.၄၈ ဧက၊ (B) ကွင်း ဟဲဆင်းကျေးရွာမှ တောင်သူများ အပါအဝင် တောင်သူ ၁၃၂ ဦး၊ အကျိုးပြုဧက ၅၁၆.၇၆ ဧက၊ စုစုပေါင်းတောင်သူ ၂၄၄ ဦး၊ အကျိုးပြု ဧက ၈၅၄.၂၄ ဧကတို့အား အဓိကအကျိုးပြု ရေပေးဝေနေသည့် တမူးမြို့၊ မြို့မရပ်ကွက်ရှိ ကံကြီးဝဆည်ကြီးသည် နှစ်စဉ် နိုင်ငံတော်အစိုးရ မှ ပြုပြင်တည်ဆောက်ပေးမှု ရန်ပုံငွေများဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ကံကြီးဝဆည်မှာ ကျိုးပေါက် ပျက်စီးခဲ့ပြီး တောင်သူများအတွက် စိုက်ပျိုးရေ၊ အောင်ရေရရှိနိုင်ရေးမှာ များစွာအခက်အခဲဖြစ်ခဲ့ ရပါကြောင်း။
၂၀၂၄ ခုနှစ်အတွင်း အဆိုပါဆည်ရေသောက် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများ သည် အောင်ရေ အခက်အခဲဖြစ်နေကြသည့် အတွက် တောင်သူများ၏ အချိုးကျကောက်ခံ ရရှိသည့် ငွေများနှင့် ငွေကျပ် ၄၅၇ သိန်းခန့်ဖြင့် ဆည်ပေါင်တင်ခြင်း၊ ကျောက်ချခြင်း၊ ရေမြောင်းလိုက်ခြင်း၊ တုတ်ရိုက်ခြင်းများ၊ ရေကာတာ ဆောင်ရွက်ခြင်းများကို ကိုယ်ထူကိုယ်ထ လုပ်အားတို့ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်အတွင်း မိုးရွာသွန်းမှုကြောင့် တောင်ကျချောင်းရေ စီးဆင်းခြင်းများ သည့်အတွက် အဆိုပါဆည်ကြီးသည် ပြန်လည်ပျက်စီးသွားခဲ့ပြီး အောင်ရေ မရရှိသည့်အတွက် စပါးအထွက်နှုန်းများ သိသိသာသာကျဆင်းခဲ့ကြရပါကြောင်း၊ အဆိုပါကံကြီးဝဆည်အခြေအနေမှာ ယခုဆိုလျှင် အဆည် အထက် ပေ ၁,၀၀၀ ကျော်အား နန့်ဖာလုံဘက်ခြမ်းမှာ ၆ ပေခန့်အမြင့်နှင့် ၅ ပေထုအထူ ကွန်ကရစ်ကျောက်ရိုးနံရံစီခြင်းတို့ ပြုလုပ်သင့်ပြီး လက်ရှိဆည်ရေကျနေသော ဆည်မှာလည်း ဆည်၏မျက်နှာပြင်၊ တောင်ကျချောင်းရေထိုးဖွင့်ဖျက်ဆီးလျက်ရှိသဖြင့် ဝမ်းစာများ ပြန်လည်ဖြည့်ဆည်းပြီး အခိုင်အမာပြုလုပ်သင့်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပါ ကြောင်း၊၂၀၂၅ခုနှစ်မိုးရာသီတွင် တောင်သူများသည် စိုက်ပျိုးရေ၊ အောင်ရေ အချိန်မီ ရရှိနိုင်ရေး အတွက် အဆိုပါကံကြီးဝဆည်ကို မျှောတိုင်များ၊ တုတ်ရိုက်ခြင်း၊ ကျောက်ခြင်းများရက်၍ ကျောက်ဖြည့်ခြင်းများ တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ကြသော်လည်း ပြန်လည်ပျက်စီးသွားသည့် အတွက် တောင်သူလုပ်အားများဖြင့် ဆောင်ရွက်နိုင်သည့် ပမာဏမဟုတ်တော့ဘဲ ပြည်ထောင်စု အစိုးရအနေဖြင့် အကြီးစားပြုပြင်ဆောင်ရွက်ပေးမှသာ စိုက်ပျိုးရေကို အောင်ရေသို့ ရေရှည်ရရှိနိုင် မည်ဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်းတွင် ရာသီအမီ ပြုပြင်ပေးနိုင်ခြင်းမရှိပါက တောင်သူများ၏ လူမှုစီးပွားဘဝသည် ဒုက္ခဆင်းရဲကြီးစွာ ကြုံတွေ့ရင်ဆိုင်လာကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ သောကြောင့် တမူးမြို့ရှိ တောင်သူများ၏ စိုက်ပျိုးရေအတွက် အဓိကအားထားရသည့် အကျိုးပြု ဧရိယာ ၈၃၅.၂၄ ဧကရှိသည့် ကံကြီးဝဆည်ကြီးအား အကြီးစားပြင်ဆင်ပေးနိုင်မှု အစီအစဉ်ရှိ/ မရှိကို မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော် က
ကံကြီးဝရေလွှဲဆည်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မရပ်ကွက်၊ မဟူရာချောင်း ခေါ် ပါဟဲချောင်းပေါ်တွင်တည်ရှိပြီး အကျယ် ၂၈၀ ပေ၊ အမြင့် ၆ ပေ၊ ကျောက်စီကွန်ကရစ်ရေလွှဲ ဆည်အမျိုးအစားဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် မိုးတွင်း ကာလ တောင်ကျချောင်းရေများစီးဆင်းမှုကြောင့် ကံကြီးဝရေလွှဲဆည်အထက်ပိုင်းတွင် သဲနုန်းများ ပို့ချခဲ့ပြီး ရေတိုက်စားမှုကြောင့် ရေလျှံထိန်းတာပေါင် အလျားပေ ၁,၀၀၀ ခန့်ပျက်စီးခြင်းနှင့် ရေလွှဲဆည်အောက်ပိုင်း ရေငြိမ်ကန်ရေတိုက်စားမှုကြောင့် အောက်ခံကြမ်းခင်းပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ စိုက်ပျိုးမြေ ဧရိယာ ၈၃၅.၂၄ ဧကအား ကောင်းမွန် လုံလောက်စွာရေပေး ဝေနိုင်ရေးအတွက် ကံကြီးဝရေလွှဲဆည် အထက်ပိုင်း သဲနုန်းတူးဖော်ခြင်း၊ ရေလွှဲဆည်အထက်ပိုင်း ရေလျှံထိန်းတာပေါင်တည်ဆောက်ခြင်း၊ ရေလွှဲဆည်အောက်ပိုင်း ရေငြိမ်ကန်အထွက်ပိုင်းတွင် မျှောတုတ်ရိုက် Gabion Box ချခြင်းလုပ်ငန်းများနှင့် တခြားလိုအပ်သောပြုပြင်မှုများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ တောင်သူများစိုက်ပျိုးရေးအတွက် အားထားရသော ကံကြီးဝရေလွှဲဆည် ပြုပြင် ခြင်းလုပ်ငန်းများအတွက် လိုအပ်သောရန်ပုံငွေအား ၂၀၂၇-၂၈ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မှာမူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။