နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြသည့် Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ် ဦးဆောင်သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအားတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ (၁-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေး‌ဆိုင်ရာ ဥပဒေသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
MY EN

(င)-ဦးအောင်မြင့်သန်း(ကျောက်ဆည်မဲဆန္ဒနယ်)-မေးခွန်း

2026-07-01
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးအောင်မြင့်သန်း(ကျောက်ဆည်မဲဆန္ဒနယ်)     

ကျောက်ဆည်မြို့ပေါ် ရပ်ကွက်ကြီးများအား ရေကြီးမှုမှကာကွယ်ရန် ဇော်ဂျီမြစ်ကြောင်း တစ်လျှောက် သဲနုန်းတူးဖော်ခြင်း အလျား ၂၀မိုင် ဇော်ဂျီတာဘောင် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး ရန် ရှိမရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဇော်ဂျီမြစ်သည်ရှမ်းပြည်နယ်     (တောင်ပိုင်းပင်းတယမြို့နယ်မှ မြစ်ဖျားခံ၍ ပင်းတယ၊ ရပ်စောက်၊ ရွာငံမြို့နယ်များကို ဖြတ်သန်း စီးဆင်းကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်နှင့်  စဉ့်ကိုင် မြို့နယ်တို့အားဖြတ်သန်း၍ ဒုဋ္ဌဝတီမြစ်အတွင်းသို့ စီးဝင်သည့် အလျား မိုင် ပေါင်း ၁၅၀ ခန့်ရှည်လျားသည့် မြစ်တစ်ခုဖြစ်ပါကြောင်း၊ ရပ်စောက်မြို့ရှိ ဇော်ဂျီရေလှောင် တမံအား ၁၉၉၇ ခုနှစ်တွင်လည်းကောင်း၊ ရွာငံမြို့နယ်ရှိ မြို့ကြီးရေလှောင်တမံအား ၂၀၁၅ ခုနှစ် တွင်လည်းကောင်း တည်ဆောက်ပြီးစီးခဲ့ပြီး ကျောက်ဆည် မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ် ရှိသည့် စိုက်ပျိုးမြေဧက ၈၁,၀၈၆ ဧကအား နွေ၊ မိုးသီးနှံများအတွက် စိုက်ပျိုးရေပေးဝေနေသော မြစ်ကြီး တစ်စင်းလည်း ဖြစ်ပါကြောင်း၊ ၂၀၀၆၊ ၂၀၁၀ ခုနှစ်များတွင်မိုးရွာ သွန်းမှုများပြားခဲ့ပြီး ဇော်ဂျီ မြစ်ရေ ကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် မြစ်ဘေး ဝဲ/ယာရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များ၊ စိုက်ပျိုးလယ်ယာမြေများမှာ ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပါကြောင်း။

         သို့ဖြစ်ပါ၍ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင်ရေစီးရေလာကောင်းမွန်စေရန် ဇော်ဂျီ မြစ် ကြောင်း ချဲ့ထွင်ခြင်းနှင့် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများအား ဇီးတောဆည်မှ ဒုဋ္ဌဝတီမြစ် အထိ အလျား ၂၀ မိုင်ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးခဲ့သဖြင့် နောက်ပိုင်းနှစ်များ တွင် ရေကြီးရေလျှံမှုမှကာကွယ်နိုင်ခဲ့ပါကြောင်း၊၎င်းနောက် မိုးရေများနှင့်အတူ သဲနုန်းပို့ချမှုများ ပြန်လည် ဖြစ်ပေါ်ပြီး ဇော်ဂျီမြစ်ကြမ်းခင်းသည်လည်း တိမ်ကောမြင့်တက် ကျဉ်းမြောင်းခဲ့ပြီး ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းနှင့် ၂၀၂၅ ခုနှစ်တွင်ဖြစ်ခဲ့သည့် ကာဂျီကီ မုန်တိုင်းများ၏ အရှိန်ကြောင့် မိုးရွာသွန်းမှုများပြားခဲ့သဖြင့် ဇော်ဂျီမြစ်ရေသည် ရေကြီးရေလျှံမှု များဖြစ်ပေါ်ပြီး မြစ်ဘေးဝဲ/ယာရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များ၊ စိုက်ပျိုး လယ်ယာမြေများ သည် ရေလွှမ်းမိုးမှုများဖြစ်ခဲ့ပြီး ဆုံးရှုံးမှုများဖြစ်ခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ သဲနုန်းများ ပို့ချမှု ကြောင့်ဇော်ဂျီမြစ်ကြမ်းခင်းသည်ယခုအခါတိမ်ကောမြင့်တက်ကျဉ်းမြောင်းမှုများဖြစ်ပေါ်လျက် ရှိပါသဖြင့် ရေကြီးနစ်မြုပ်ကာကွယ်ရန် ယခုအခါ ဇော်ဂျီမြစ်ရေစီး ရေလာ ကောင်းမွန်စေရန်ဇော်ဂျီမြစ် သဲနုန်းတူးဖော် ချဲ့ထွင်ခြင်းလုပ်ငန်းအလျား ၂၀ မိုင်နှင့် တာဘောင်နိမ့်သော အချို့ နေရာများတွင်တာဘောင်မြှင့်တင်ခြင်းလုပ်ငန်းများအား  ဆောင်ရွက်ပေးနိုင်ရန်အစီအစဉ် ရှိ /မရှိကို  သိရှိလိုပါကြောင်းဖြင့်မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော် က

         ဇော်ဂျီမြစ်သည် အလျားမိုင်ပေါင်း ၁၅၀ ခန့် ရှိပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်းတယ မြို့နယ်မှ မြစ်ဖျားခံ၍ ပင်းတယ၊ ရပ်စောက်၊ ရွာငံမြို့နယ်များကို ဖြတ်သန်းစီးဆင်းကာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်နှင့် စဉ့်ကိုင်မြို့နယ်တို့အားဖြတ်သန်း၍ ဒုဋ္ဌဝတီမြစ် အတွင်းသို့ စီးဝင်ပါ ကြောင်း၊ ရပ်စောက်မြို့နယ်အတွင်း ဇော်ဂျီမြစ်ပေါ်ရှိ ဇော်ဂျီရေလှောင်တမံ အား ၁၉၉၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များရှိ စိုက်ပျိုးဧက ၈၁,၀၈၆ ဧက အား နွေ၊ မိုးသီးနှံများအတွက် စိုက်ပျိုးရေပေးဝေခဲ့ပါကြောင်း၊ ၂၀၀၆၊ ၂၀၁၀ ခုနှစ်တို့တွင် မိုးရွာ သွန်းမှု များပြားခဲ့ပြီး ဇော်ဂျီမြစ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် မြစ်ဘေး ဝဲ/ယာရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များ၊ စိုက်ပျိုးလယ်ယာမြေများတွင် ရေလွှမ်းမိုး မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ဇော်ဂျီမြစ်အား ရေစီးရေလာကောင်းမွန်စေရေးနှင့် မြစ်ရေလွှမ်းမိုးမှု လျှော့ချနိုင်ရေးအတွက် ဇီးတောရေလွှဲဆည်မှ ဒုဋ္ဌဝတီမြစ်အထိ အလျား ၂၀ မိုင်အား မြစ်ကြောင်းချဲ့ထွင်ခြင်းနှင့် သဲနုန်း တူးဖော်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ နောင်ခမ်း ကျေးရွာအနီးတွင် ဇော်ဂျီမြစ်အရေးပေါ် ရေလျှံပေါက် အကျယ် ၁၅၀ ပေ တည်ဆောက်ခြင်း လုပ်ငန်း ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။

         ၂၀၁၂ ခုနှစ်တွင် ဇော်ဂျီမြစ်ကြောင်း ချဲ့ထွင်ခြင်း၊ သဲနုန်းတူးဖော်ခြင်း၊ နောင်ခမ်း အရေးပေါ် ရေလျှံပေါက် တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ ထို့အပြင် ဇော်ဂျီရေလှောင်တမံ၏ အောက်ဘက် ဇော်ဂျီမြစ်ရေဆင်း ဧရိယာ ၇၂၅ စတုရန်းမိုင်မှ စီးဆင်းရေများအား ကျောက်ဆည်၊ စဉ့်ကိုင် မြို့များသို့ တိုက်ရိုက်မရောက်ရှိစေရန်နှင့် စိုက်ပျိုးရေ ပိုမိုသိုလှောင်ပေးဝေနိုင်ရန်အတွက် ရွာငံ မြို့နယ်တွင် မြို့ကြီးရေလှောင်တမံအား ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သဖြင့် နောက်ပိုင်း နှစ်များတွင် ရေကြီးရေလျှံမှုကို လျှော့ချနိုင်ခဲ့ပါကြောင်း၊ ဇော်ဂျီနှင့်မြို့ကြီး တမံများ အတွင်း ရေသို လှောင်ထိန်းညှိခြင်းအားဖြင့် ဇော်ဂျီမြစ်အတွင်း တိုက်ရိုက်စီးဝင်သည့် သံပိုချောင်း နှင့် ငမွဲချောင်းမှ ရေများကို နောင်ခမ်းအရေးပေါ်ရေလျှံပေါက်မှ ထိန်းညှိထုတ်လွှတ်ထားခြင်း များကြောင့်ရာသီဥတု ကောင်းမွန်သောနှစ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်းမရှိခဲ့ ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ထူးကဲ မိုးရွာသွန်းမှုများဖြစ်ပေါ်ချိန်တွင် မြို့ကြီး တမံရေပိုလွှဲမှ ၈.၁ ပေ ရေကျော်စီးဆင်းခဲ့ခြင်း၊ မြစ်အတွင်းသို့ တိုက်ရိုက်စီးဝင်သည့် သံပိုချောင်းနှင့်ငမွဲချောင်းမှ စီးဆင်းရေများပြားခဲ့ခြင်းကြောင့် ဇော်ဂျီမြစ်ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ သော်လည်းနောင်ခမ်း အရေးပေါ်ရေလျှံပေါက်မှ ပန်းလောင်မြစ်သို့ ခွဲထွက်စီးဆင်း စေခဲ့ခြင်း ကြောင့် ကျောက်ဆည်မြို့သို့ ရေလွှမ်းမိုးမှုဘေးအန္တရာယ်အား အထိုက်အလျောက် လျှော့ချနိုင်ခဲ့ ပါကြောင်း။ 

         ၂၀၂၅ ခုနှစ်တွင် ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြီး ဇော်ဂျီမြစ်အတွင်းသို့ စီးဝင်ရေများခဲ့သော်လည်း နောင်ခမ်းအရေးပေါ် ရေလျှံပေါက်မှ ပန်းလောင်မြစ်သို့ ခွဲထွက်စီးဆင်း စေခဲ့ခြင်းကြောင့် ရေလွှမ်းမိုးမှုဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ ထိုသို့ ဇော်ဂျီမြစ် ရေလွှမ်းမိုးမှုကို ကာကွယ်နိုင်ခဲ့သော်လည်း မြစ်ကြောင်းချဲ့ထွင်ခြင်းနှင့် သဲနုန်းတူးဖော်ခြင်း ဆောင်ရွက်ခဲ့သည်မှာ နှစ်ကာလကြာမြင့်ပြီဖြစ်၍ မြစ်အတွင်း သဲနုန်း ပို့ချခြင်း၊ သစ်ပင် ခြုံနွယ်များ များပြားလျက်ရှိပြီး တချို့နေရာများတွင် မြစ်ကြမ်းပြင်တိမ်ကော၍ မြစ်ကြောင်း ကျဉ်းမြောင်းခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ထူးကဲမိုးရေချိန်ဖြင့် မိုးရွာချိန် ကာလများတွင် ရေကြီးရေလျှံမှု ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်ပါသဖြင့် ဇော်ဂျီမြစ်ကြောင်း ရေစီး ရေလာ ကောင်းမွန်စေရေး အတွက် လိုအပ်သည့်နေရာများတွင် သဲနုန်းတူးဖော်ခြင်း၊ မြစ်ကြောင်း ချဲ့ထွင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး တွက်ချက်မှုများအရ အလျား ၁၉ မိုင်ခန့်၊ မြေကြီးကျင်း ၁၄ သိန်းကျော်ခန့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊      အဆိုပါလုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက မိုးရွာသွန်းမှုများပြားနိုင်သည့် ကာလများတွင် မြစ်ဘေး ဝဲ/ယာရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များ၊ စိုက်ပျိုးမြေများတွင် ဇော်ဂျီမြစ်ရေလျှံမှု ကြောင့်ဖြစ်ပေါ်မည့် ရေကြီးနစ်မြုပ်မှုအန္တရာယ်အား လျော့နည်းသက်သာစေမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏများပြားခြင်းကြောင့် ဦးစားပေးအစီအစဉ်အလိုက် အပိုင်းလိုက်လျာထားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ ရန်ပုံငွေတင်ပြတောင်းခံကာ ရန်ပုံငွေရရှိမှု ပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။