နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြသည့် Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ် ဦးဆောင်သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအားတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ (၁-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေး‌ဆိုင်ရာ ဥပဒေသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
MY EN

(စ)-ဦးအောင်နိုင်(ဝေါမဲဆန္ဒနယ်)-မေးခွန်း

2026-07-01
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးအောင်နိုင်(ဝေါမဲဆန္ဒနယ်)

ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးရေလှောင်ကန်အားပုကိုင်တာနှင့်ထိစပ်နေသော မိုးယွန်းကြီး-ဇွဲဘက်တာ ၁၆/၅ မိုင် လှိုင်းကာကျောက်ကြီးစီခြင်းလုပ်ငန်း ၁.၇ မိုင်ဆောင်ရွက်ပြီးစီးပြီး ကျန် ၁၄/၈ မိုင်အား ဆက်လက်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ မရှိ  သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဝေါမြို့နယ်၊ ပဲခူးမြို့နယ်နှင့်ထိစပ်နေသောနေရာတွင်ရှိသည့် မိုးညှင်းရေလှောင်ကန်(ခ)မိုးညှင်း ဘေးမဲ့အင်း သည် ရေပြင်ဧရိယာ ၄၀ မိုင် စတုရန်းရှိပါကြောင်း၊ ရေဧရိယာကို ထိန်း‌ကျောင်း ထားသည့် တာမှာ ၂၇ မိုင်ရှိပါကြောင်း၊  ၂၇ မိုင်၌ ထိစပ်နေသည့် ဧရိယာမှာ ပုကိုင်တာ ၃ မိုင်၊ ရန်ကုန်-မန္တလေး ကား လမ်းမကြီး ၇.၅ မိုင်၊ မိုးယွန်းကြီး-ဇွဲဘက် ၁၆.၅ မိုင်နှင့် ရေဧရိယာကို ထိန်းကျောင်း ထား ခြင်းပါကြောင်း၊ မိုးယွန်းကြီးအင်းနှင့် ပတ်သက်၍ ဘေးမဲ့အင်း ဖြစ်သည့်အတွက် ဆောင်းခို ငှက်များ ယခင်က တော်တော်များများရှိခဲ့ပါကြောင်း၊ ယခု ဂေဟစနစ်များကြောင့် အလွန်နည်းပါးသွားသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါအင်းကြီးနှင့် ပတ်သက်၍ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့သည် ပဲခူး စစ်တောင်း တူးမြောင်းမှ တစ်ဆင့်နွေရာသီတွင် ရေထုတ်လုပ်၍ နွေရာသီစပါးစိုက်ပျိုးရေးတွင် အသုံးပြု ကြောင်း၊ အကျိုးပြုသည့်အနေအထားဖြစ်ကြောင်း၊ မိုးတွင်းအခါတွင် ရေလှောင်ပါကြောင်း၊ နွေအခါ တွင် ရေတံခါးများမှ ရေထုတ်နုတ်ပြီး နွေစပါးစိုက်ပျိုးသည့် လုပ်ငန်းကိုဆောင်ရွက်ပါကြောင်း၊ သို့သော်ကလည်း မိုးရာသီတွင် အန္တရာယ် ရှိကြောင်း၊ အန္တရာယ်ရှိသည်ဆိုသည်မှာ မိုးယွန်းကြီး-ဇွဲဘက်တာ၊ ပုကိုင်တာများ အနေဖြင့် ရေဆူ အမှတ် ၂၂  ပေလောက်ထိန်းရပါကြောင်း၊ ပိုသည့်ရေ ကိုရေတံခါးမှ ပြန်ထုတ်နုတ်သုံးစွဲပါကြောင်း၊ ထိုသို့ထိန်းထားရာ၌ မိုးတွင်းရေများသည့် အချိန် အန္တရာယ် ရှိကြောင်းကို မိမိတို့နယ်တွင် ရေကြီး၊ ရေလျှံမှုကြောင့် ၁၉၉၇ ခုနှစ်တွင် ရှေးကဆိုရိုးစကား ရှိခဲ့သည်ကို ပုကိုင်တာကျိုး ပဲခူးရေလျှံ ဝေါပက်လက်လန်ဆိုသည့် စာဆိုရှိခဲ့ဖူးသည်ကို လေ့လာ မိပါကြောင်း။

ဝေါပက်လက်လန်သည့်ကိစ္စ၌ ၁၉၉၇ ခုနှစ် မိုးရာသီတွင် ပုကိုင်တာကျိုးပေါက်ပြီး ပုကိုင်တာနှင့် ရန်ကုန်- မော်လမြိုင်ရထားလမ်းကြားရှိ တောင်သူများ၊ ကျွဲ၊ နွား တိရစ္ဆာန်များ သေကျေ ပျက်စီးခဲ့ သည့် အနေအထားကို    ကြုံတွေ့ခဲ့ရဖူးပါကြောင်း။  မြို့နှင့်ယာမြေပေါ်တွင် ရက်ပေါင်း ၃၀ ခန့် ရေလွှမ်းမိုးမှုဒဏ်ကိုလည်းခံခဲ့ရပါကြောင်း။ ထို့ကြောင့် အဆိုပါတာကြီးနှင့် စပ်လျဉ်း၍ နှစ်စဉ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နိုင်ငံတော်ရန်ပုံငွေမှလည်း ချမှတ်ပြီးလှိုင်းကာ၊ ကျောက်ကြီး စီသည့် လုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ၁၆.၅ မိုင်တွင် ကျောက်ကြီး စီပြီးသည်မှာ ၁.၇ မိုင်ခန့်ရှိပြီး ၁၄.၈ မိုင် ခန့် ကျန်နေပါကြောင်း၊ ထို့ကြောင့် မိုးရာသီ ရောက်လာလျှင် မိမိတို့မြို့နယ် အနေဖြင့် တောင်သူလယ်သမားများနှင့် ပြည်သူများ၊ မြို့သူမြို့သားများက စိုးရိမ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါတာကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ကျောက်ကြီးစီ လုပ်ငန်းနှင့် စပ်လျဉ်းပြီး ကျန်ရှိနေသည့်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးနိုင်ရန်အစီအစဉ်ရှိ မရှိ၊ ဆောင်ရွက်ပေးနိုင်ပါကလည်း မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်ပေး နိုင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော် က

         စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါကြောင်း။

         မိုးယွန်းကြီး−ဇွဲဘက်တာသည် မိုးယွန်းကြီး ရေလှောင်ကန်၏ ကန်ပတ်တာတစ်ခုဖြစ်ပြီး အလျား ၁၆.၅ မိုင်ရှိပါကြောင်း၊ မိုးယွန်းကြီးရေလှောင် ကန်ကို ၁၈၇၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ရေဆင်း ဧရိယာ ၆၀ စတုရန်းမိုင်ရှိကာ နွေစပါး စိုက်ပျိုးရေးအတွက် ဝေါ၊ သနပ်ပင်၊ ကဝမြို့ နယ်များရှိ လယ်မြေဧက ၅၀,၀၀၀ ကျော်ကို စိုက်ပျိုးရေ ပေးဝေနေသော ဒေသအတွက် အရေးပါသည့် ရေလှောင်ကန်ဖြစ်ပါကြောင်း၊ ၁၉၉၆-၁၉၉၇ ခုနှစ်တွင် ဒေသတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးယွန်းကြီးရေလှောင်ကန်ကိုကာရံထားသည့် ပုကိုင်တာ အပိုင်းမှ ကျိုးပေါက်ခဲ့ရာ ရေလှောင်ကန်အတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီး မိုးယွန်းကြီး-ဇွဲဘက်တာ အား ရေကျော် တိုက်စား ခဲ့ပါကြောင်း၊ ထို့ကြောင့် မိုးယွန်းကြီး-ဇွဲဘက်တာ တာမိုင် ၇ မိုင်၊ ၄ ဖာလုံနှင့် တာမိုင် ၈ မိုင်၊ ၇ ဖာလုံ နေရာနှစ်ခုတွင် အကျယ် ၁၅၀ ပေခန့် ကျိုးပေါက်ပျက်စီးခဲ့ရာ လမ်းပန်းဆက်သွယ်ရေးပြတ် တောက်ခဲ့ပြီး ဧက ၉၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ အဆိုပါကျိုးပေါက်မှု များကို ၁၉၉၆-၁၉၉၇ ဘဏ္ဍာရေးနှစ် ပွင့်လင်းရာသီတွင် ပြန်လည်ပြုပြင်ခဲ့သဖြင့် ၁၉၉၇-၁၉၉၈ နှစ် တွင် ရေကြီး နစ်မြုပ်မှုများအား ကာကွယ်နိုင်ခဲ့ပါကြောင်း။

         ၂၀၂၃ ခုနှစ်၊ ပဲခူးခရိုင်တွင် ၆-၁၀-၂၀၂၃ ရက်မှ ၈-၁၀-၂၀၂၃ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးယွန်းကြီးရေလှောင်ကန်အတွင်း စီးဝင်သောချောင်းများမှတစ်ဆင့် မိုးယွန်းကြီး ကန်အတွင်းသို့ ရေဝင်ရောက်မှုများပြားခဲ့ပြီး လှိုင်းပုတ်မှုဒဏ်တို့ကြောင့် မိုးယွန်းကြီး−ဇွဲဘတ်တာ၏ တာမိုင် ၇ မိုင်မှ တာမိုင်  မိုင်၊ ၄ ဖာလုံအတွင်း၊ တာမိုင် ၈ မိုင်၊ ၂ ဖာလုံမှ တာမိုင် ၁၂ မိုင်အတွင်းနှင့် တာမိုင် ၁၃ မိုင်မှ တာမိုင် ၁၅ မိုင်အတွင်းရှိတာပေါင်များ ပဲ့ကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် အရေးပေါ် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရကြောင်း၊ ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် ထိခိုက်ပျက်စီး သွားသည့် မိုးယွန်းကြီး-ဇွဲဘတ်တာ၏တာမိုင် ၇ မိုင်မှ တာမိုင် ၇ မိုင်၊ ၄ ဖာလုံအတွင်း အလျား ၂,၀၀၀ ပေကို လှိုင်းကာကျောက်ကြီးစီခြင်း၊  တာမိုင် ၈ မိုင်၊ ၂ ဖာလုံမှ တာမိုင် ၁၂ မိုင်အတွင်း အလျား ၁၈,၇၀၀ ပေကို တောင့်တင်းခိုင်မာအောင် ပြန်လည်ပြုပြင်ခြင်း၊ တာမိုင် ၁၃ မိုင်မှ တာမိုင် ၁၅ မိုင် အတွင်း အလျား ၅,၂၀၀ ပေကို တာပုံစံကျ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအရေးပေါ်ရန်ပုံငွေ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်ထားပြီး ဖြစ်သဖြင့် လတ်တလော စိုးရိမ်ရသည့်အခြေအနေမရှိပါကြောင်း။

         ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နှင့် ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးရေလှောင်တမံ မိုးယွန်းကြီး- ဇွဲဘက်တာ တည်နေရာပြမြေပုံနှင့်အချက်အလက်များအား တင်ပြထားပါကြောင်း၊ မိုးယွန်းကြီး -ဇွဲဘတ်တာ၏ တာဘောင်အားနည်းသည့်အပိုင်းများကို ဦးစားပေး၍ လှိုင်းကာကျောက်ကြီးစီခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုလက်ရှိအခြေအနေတွင် အလျားပေ၉,၀၀၀ဆောင်ရွက်

ပြီးဖြစ်ပါကြောင်း၊၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ငွေလုံးငွေရင်းဖြင့် မိုးယွန်းကြီး−ဇွဲဘတ်တာ တာမိုင် ၁၅ မိုင်၊ ၇ ဖာလုံမှ တာမိုင် ၁၆ မိုင်၊ ၄ ဖာလုံအတွင်း၊ အလျား ၇၅၀ ပေ ခန့်အား လှိုင်းကာကျောက်ကြီးစီခြင်းနှင့် တာမိုင် ၄ မိုင်မှ တာမိုင် ၇ မိုင်အတွင်း တာပုံစံကျပြုပြင်ခြင်း လုပ်ငန်းတို့ကို  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

         ထပ်မံ၍ မိုးယွန်းကြီးကန်လှောင်ကန် ရေရှည်တည့်တံ့ခိုင်မြဲစေရန်အတွက် လှိုင်းကာကျောက်ကြီး စီခြင်း စုစုပေါင်း အလျား ၁၄.၆၆ မိုင်ဆောင်ရွက်ရန် လိုအပ်သော်လည်း အားနည်းမှုရှိသည့် ဦးစားပေး ကျောက်ကြီးစီရန်လိုအပ်သောအပိုင်းများ အလျား ၅.၃၅ မိုင်ကို ဆောင်ရွက်သွားရန် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ မိုးယွန်းကြီး− ဇွဲဘတ်တာ အား မိုးတွင်းကာလအတွင်း ရေလှိုင်းဒဏ်ကာကွယ်နိုင်ရန်အတွက် လှိုင်းကာတုတ်တန်းရိုက်ခြင်း၊ သဘာဝ ဒိုက်၊ ခြုံများချ၍ ထိခိုက်မှုမရှိစေရန် ကာကွယ်ခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်စောင့်ကြည့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နှင့် ဝေါမြို့နယ် အတွင်းရှိမိုးယွန်းကြီး ရေလှောင်ကန်၊ မိုးယွန်းကြီး-ဇွဲဘက်တာတို့တွင် လှိုင်းကာ ကျောက်ကြီးစီပြီး သောနေရာများနှင့် ကျောက်ကြီးစီရန်ထပ်မံလိုအပ်သည့် အားနည်းမှုရှိသော အပိုင်းများအား ခွဲခြား ပြပြီးဖြစ်ကြောင်း၊ အပြာနုရောင်မှာ လှိုင်းကာ‌ကျောက်ကြီးစီသည့် အပိုင်းများဖြတ်ပြီး အဝါရောင် မှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် လုပ်ငန်းဖြပြီး အစိမ်းရောင် မှာ တာပုံစံကျ ဆောင်ရွက်သည့်နေရာများဖြစ်ပါကြောင်း၊ ခရမ်းရောင်မှာ လှိုင်းကာကျောက်ကြီး စီရန်ထပ်မံ လိုအပ်သည့် အားနည်းမှု ရှိသည့်အပိုင်းများ အလျား ၅.၃၅ မိုင်ကို တင်ပြထားခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုးယွန်းကြီး ရေလှောင်ကန်အတွင်း ကန်ရေပြည့်သိုလှောင်ထားရှိချိန်နှင့် အောက်တိုဘာ လ မှ ဒီဇင်ဘာလအတွင်း မြောက်ပြန်လေတိုက်ခိုက်မှုကြောင့် လှိုင်းဒဏ်ခံရသည့်အပိုင်းများအား ဦးစားပေး အခိုင်အမာ ကျောက်ကြီး စီခြင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ(သို့မဟုတ်) အခြားသင့်လျော်ရာ ရန်ပုံငွေတွင် တင်ပြပြီး ရန်ပုံငွေရရှိမှု အပေါ် မူတည်ကာ ဦးစားပေးအစီအစဉ်လိုက် ဆက်လက် ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။