ဒေါ်ဥမ္မာမို့မို့ဇော်(သဲကုန်းမဲဆန္ဒနယ်)
သဲကုန်းမြို့နယ်၌ ချောင်းမြောင်းတူးဖော်ရာတွင် အခက်အခဲများကြုံတွေ့နေရပါသဖြင့် ရန်ပုံငွေ လုံလောက်စွာချမှတ်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
သဲကုန်းမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားရသည့် မြို့တစ်မြို့ဖြစ်ပါ ကြောင်း၊ စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် သဲကုန်းမြို့နယ်အတွင်း မိုးအခါ ရေကြီး ရေလျှံမှုကြောင့် လယ်ဧကများစွာ ပျက်စီးဆုံးရှုံးမှုများ နှစ်စဉ်ကြုံတွေခဲ့ရပါကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ဆည်မြောင်းလက်တံများ တိမ်ကောခြင်း၊ တချို့လက်တံများအသုံးမဝင်ခြင်း၊ ရေနုတ်မြောင်းများ ပျက်စီးနေခြင်း၊ ရေစီးလမ်းကြောင်းတွင် ငါးမွေးကန်များ ပြုလုပ်ထားခြင်း၊ ရေစီးရာလမ်းကြောင်း ချောင်းမြောင်းထဲတွင် ဒိုက်များ၊ ဗေဒါများပိတ်ဆို့နေခြင်း၊ မအူပင်များပေါက်ရောက်နေခြင်း၊ သစ်တော များပြုန်းတီးပြီး သဲများဖုံးလွှမ်းခြင်းဖြစ်၍ ဆည်မြောင်းတာတမံများအား ပြုပြင် ထိန်းသိမ်းထားနိုင်မှု မရှိခြင်းတို့ကြောင့် ဖြစ်ပေါ်နေရခြင်းဖြစ်ပါကြောင်း၊ သဲကုန်းမြို့နယ်အတွင်း စီးဆင်းလျက်ရှိသည့် သရက်ချောင်း၊ ကင်းဒက်ချောင်း၊ သဲဖြူချောင်း၊ သိုက်တောမချောင်း၊ သဲကုန်းကြီးချောင်းနှင့် ကျားသေ ချောင်းတို့သည် ရေဆိုးထုတ်ချောင်းအတွင်းသို့ စီးဝင်ပြီး ထိုရေဆိုးထုတ်ချောင်းမှ တစ်ဆင့် အင်းမ အင်း အတွင်းသို့ စီးဝင်ပါကြောင်း၊ ငါးဆူချောင်းနှင့် ဈေးချောင်း၊ အောင်ကုန်းချောင်း၊ ငါးဘတ်သာချောင်း၊ မီးလောင်ချောင်း၊ ကန်စွန်းအင်းချောင်း၊ နှောကုန်းချောင်း၊ တလိုင်းခုံချောင်းနှင့် ချောင်းကမ်းကြီးချောင်း တို့သည်လည်း အင်းမ အင်းအတွင်းသို့သာ စီးဝင်ကြပါကြောင်း၊ ကျွဲခေါင်းရိုး၊ မြစ်ရှပ်ရိုးနှင့် ကျေးလူး ချောင်းတို့သည် မြစ်မခချောင်းအတွင်းသို့ စီးဝင်ပြီး ထိုမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ၆ လပိုင်းတွင် တစ်ရက်အတွင်း မိုးရေချိန် ၄.၄ လက်မအထိ ရွာသွန်းခဲ့ဖူးပြီး ယခုနှစ်တွင်လည်း မိုးရေချိန် ၄ လက်မ ရွာသွန်းပြီး ဈေးချောင်း၊ ရေဆိုးထုတ်ချောင်း၊ သဲကုန်းကြီး ချောင်း၊ သိုက်တောမချောင်း၊ ကျားသေချောင်း၊ ဖွံ့ဖြိုးရေးမြောင်း၊ ငါးဘတ်သာချောင်း၊ မြစ်ရှပ်ရိုး၊ ကျွဲခေါင်းရိုး၊ ချောင်းကမ်းကြီးချောင်းနှင့် တလိုင်းခုံချောင်းတို့တွင် ချောင်းပေါင် ရေလျှံကျိုးပေါက်မှုများ ဖြစ်ပေါ်ခဲ့ရပါကြောင်း။
ယခုလာမည့် ဩဂုတ်လအတွင်းတွင်လည်း အဆိုပါချောင်းများ၏ အထက်ပိုင်းတွင် တစ်ရက် အတွင်းမိုးရေချိန် ၂ လက်မအထက် ရွာသွန်းပါက ကျိုးပေါက်နေသည့် ချောင်းများတွင် ပိုမိုရေကြီး ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နိုင်ပြီး တစ်ရက်အတွင်း မိုးရေချိန် ၄ လက်မအထက် ရွာသွန်းပါက ချောင်းနိမ့် ပိုင်းနေရာများတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ရေကြီးနစ်မြုပ်မှုကာကွယ်ရန်နှင့် မိုးစပါးပန်းတိုင် အထွက်နှုန်းပြည့်မီစေရန်အတွက် ဈေးချောင်း၊ ရေဆိုးထုတ်ချောင်း၊ သဲကုန်းကြီး ချောင်း၊ သိုက်တောမချောင်း၊ ကျားသေချောင်း၊ ဖွံ့ဖြိုးရေးမြောင်း၊ ငါးဘတ်သာချောင်း၊ မြစ်ရှပ်ရိုး၊ ကျွဲခေါင်းရိုး၊ ချောင်းကမ်းကြီးချောင်းနှင့် တလိုင်းခုံချောင်းတို့အား ရေလမ်းကြောင်း ရှင်းလင်းတူးဖော်ခြင်း၊ ချောင်းပေါင်ဆင့်ခြင်းနှင့် လိုအပ်သောနေရာများတွင် တုတ်ထမ်းရိုက်ကာရံ ခြင်းများ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ရေနစ်မြုပ်သည့် လယ်မြေဧက ၃,၀၀၀ ခန့်ရှိပြီး ရေနစ် မြုပ်ရသည့်အဓိက အကြောင်းရင်းမှာ အင်းမ အင်းထဲတွင် ငါးကန် ၂၆၇ ကန်၏ ဧရိယာ ၉၆၄ ဧက၊ ငါးကန် ၁၃၉ ကန်၏ ဧရိယာ ၁,၁၉၆ ဧက၊ စုစုပေါင်း ၂,၁၆၁ ဧကရှိပြီး ငါးကန်တို့၏ ပိတ်ဆို့မှုကြောင့် အင်းမ အင်း အတွင်းသို့ အဓိကစီးဝင်သော ဈေးချောင်း၏ ရေစီးရေလာပိတ်ဆို့မှုဖြစ်ကာ ရေပြင် မြင့်တက်ပြီး ရေနစ်မြုပ်ရခြင်း၊ အင်းမအင်း၏ ရေထိန်းတမံအောက်ပိုင်း၊ မြစ်မခမြစ်၏ အောက်ပိုင်းတွင်လည်း မြစ်ချောင်းကွေ့ကောက်ပြီး ရေထုတ်နိုင်မှုမရှိသည့်အပြင် မိုးရာသီတွင် တောင်နဝင်းဆည်၊ မြောက်နဝင်းဆည်များ၏ စိုက်ပျိုးဧကများသည် ရေပိုရေလျှံများကြောင့် ဖော်ပြပါ လယ်ဧက ၃,၀၀၀ ခန့်မှာ တာရှည်ရေနစ်မြုပ်နေရခြင်း၊ အင်းမ အင်းရေထိန်းဆည်ကြောင့် အင်းမ အင်းတွင် အမြဲရေရှိနေ၍ ရေများကုန်စင်အောင် မထုတ်နိုင်ခြင်းကြောင့် လယ်မြေများ နစ်မြုပ်နေရခြင်း ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ သဲကုန်းမြို့နယ်အတွင်း ချောင်းမြောင်းများစွာရှိပြီး နှစ်စဉ်နှစ်တိုင်းပြန်လည်တူးဖော် ရန်လိုအပ်ပါကြောင်းနှင့် ချောင်းမြောင်းတူးဖော်ရာတွင် ရန်ပုံငွေလုံလောက်မှုမရှိသည့် အခက်အခဲ များစွာ ကြုံတွေ့နေရသည့်အတွက် ပြည်ထောင်စုအစိုးရအနေဖြင့် ရန်ပုံငွေ လုံလောက်စွာချမှတ်ပေးနိုင် ခြင်း ရှိ /မရှိ မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က
အင်းမ အင်း သည် သဲကုန်းမြို့နယ်၏ အနောက်တောင်ဘက် ၂.၅ မိုင်အကွာတွင် တည်ရှိပြီး အကျယ်အဝန်း အားဖြင့် အလျား ၇ မိုင်၊ အနံ ၂ မိုင်၊ ဧရိယာ ၆.၅ စတုရန်းမိုင်ကျယ်ဝန်းပါကြောင်း၊ အင်းမ အင်း အတွင်း၌ ဂရန်အင်း ၂၇ အင်းရှိပြီး ယခင်က နွေရာသီရေနည်းချိန်တွင် ပက်အင်း များ အဖြစ် လုပ်ကိုင်စားသောက်ကြသော်လည်း အင်းမရေထိန်းဆည် တည်ဆောက်ပြီးချိန်မှ စ၍ အင်းမ အင်းအတွင်း ငါးမွေးမြူရေးကန်များအပြင် စပါး၊ ငါး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးပွားလာသဖြင့် ဒေသတွင်း သားငါးဖူလုံမှုအား အထောက်အကူပြုလျက်ရှိပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် အင်းမ အင်းအတွင်း အဓိကစီးဝင်သည့် အရှေ့ဘက်ပင်မ ရေ လမ်းကြောင်း အလျား ၄.၇၉ မိုင်၊ အကျယ် ၇၅ ပေ နှင့် အနောက်ဘက်ပင်မ ရေလမ်းကြောင်း အလျား ၂.၆၄ မိုင်၊ အကျယ် ၇၅ ပေ ရေလမ်းကြောင်း ၂ ခုကို တာဝန်ယူထိန်းသိမ်းလျက်ရှိပါကြောင်း၊ ဌာနအနေဖြင့် အင်းမ အင်း ပင်မရေလမ်းကြောင်းများ ရေစီးရေလာကောင်းမွန်စေရန်နှင့် စိုက်ပျိုး မြေများ ရေကြီးနစ်မြုပ်မှု လျော့နည်းစေရန်အတွက် မြေတူးစက်(Back Hoe on Pontoon)ဖြင့် ရေလမ်းကြောင်းတူးဖော်ရှင်းလင်းခြင်း၊ အင်းနှင့်ဆက်စပ်လျက်ရှိသော ချောင်းဝများတွင် ဗေဒါဒိုက် များရှင်းလင်းခြင်းလုပ်ငန်းများကို ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် အရှေ့ဘက်ပင်မရေလမ်း ကြောင်း အလျား ၁.၁ မိုင် တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၆-၂၇ ဘဏ္ဍာနှစ် တွင် အရှေ့ဘက်ပင်မရေလမ်းကြောင်း ၁.၆ မိုင် တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်ရှိသောလုပ်ငန်းများကိုလည်း ၂၀၂၇-၂၈ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် ထည့်သွင်းတောင်းခံပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
အင်းမရေထိန်းဆည်အောက်ပိုင်း မြစ်မခမြစ်တွင်လည်း မြစ်ချောင်းကွေ့ကောက်ပြီး ရေထုတ် နိုင်မှုမရှိခြင်းကြောင့် မြစ်မခမြစ်ဝှမ်းနှင့် ဆက်စပ်ဒေသများတွင် ရေလွှမ်းမိုးမှုကာကွယ်ရန် အတွက် ၂၀၀၄ မှ ၂၀၀၇ ခုနှစ်အတွင်း ကွေ့အမှတ်(၁)မှ ကွေ့အမှတ်(၉)အထိ မြစ်မခမြစ် မြစ်ဖြောင့် ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ သဲကုန်းမြို့နယ်အတွင်း မြစ်မခမြစ်မှာ အလျား ၇.၂ မိုင် ရှည်လျားပြီး ယခုအခါ၎င်းမြစ်ကွေ့များတွင် ပြန်လည်သောင်ထွန်းလာပါသဖြင့် လိုအပ်သော နေရာ များ တွင် မြစ်ကြောင်းဖြောင့်တူးဖော်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ လယ်ဧက ၃,၀၀၀ ခန့် ကြာရှည်စွာ ရေနစ်မြုပ်ရခြင်းမှာ အင်းမ အင်းအထက်ပိုင်းရှိ တောင်နဝင်းဆည် ရေသောက်ဧရိယာ နှင့် မြောက်နဝင်းဆည်ရေသောက်ဧရိယာဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းရာမှ စိုက်ကွင်း အတွင်း ပိုလျှံရေများသည် အင်းမ အင်းအတွင်းသို့ စီးဝင်ခြင်းနှင့် အင်းမ အင်းသို့ စီးဝင်သည့် ရန်ချောင်း၊ ငါးဆူချောင်း၊ သရက်ချောင်း၊ ကင်းဒက်ချောင်း၊ သဲဖြူချောင်း၊ သိုက်တောမချောင်း၊ စျေးချောင်း၊ ရေဆိုးထုတ်ချောင်း၊ အောင်ကုန်းချောင်း၊ သဲကုန်းကြီးချောင်း၊ ကျားသေချောင်းနှင့် ဖွံ့ဖြိုးရေးမြောင်း၊ ငါးဘတ်သာချောင်း၊ မီးလောင်ချောင်း၊ ကန်စွန်းအင်းချောင်း၊ နှောကုန်းချောင်း၊ ချောင်းကမ်းကြီးချောင်း၊ တလိုင်းခုံချောင်း၊ ရပ်သာရိုးချောင်းများ တိမ်ကောခြင်းကြောင့် ဖြစ်ပါ ကြောင်း၊ ရေကြီးနစ်မြုပ်မှု သက်သာစေရန် အင်းမ အင်းအတွင်းသို့ စီးဝင်သည့် အဆိုပါချောင်းများ နှင့် မြစ်မခမြစ်အတွင်း စီးဝင်သောမြစ်ရှပ်ရိုး၊ ကျွဲခေါင်းရိုး၊ ကျေးလူးချောင်းတို့အား ရေလမ်းကြောင်း တူးဖော်ရှင်းလင်းခြင်းနှင့် ချောင်းပေါင်ဆင့်ခြင်းနှင့် လိုအပ်သောနေရာများတွင် တုတ်တန်းရိုက် ကာရံခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများအနက်မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျေးလူးချောင်းနှင့် သဲဖြူချောင်း တူးဖော် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး လယ်မြေဧရိယာ ၆၀၀ ဧကခန့် မိုးရာသီရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် ကင်းဒက်ချောင်း၊ စျေးချောင်း၊ သိုက်တောမ ချောင်း၊ သဲကုန်းကြီးချောင်းနှင့် ရေဆိုးထုတ်ချောင်းတို့အား တူးဖော်ပေါင်ဆင့်ခြင်းနှင့် လိုအပ်သော နေရာများတွင် တုတ်တန်းရိုက် ကာရံခြင်းလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
အင်းမ အင်းရေထိန်းဆည်ကြောင့် အင်းမ အင်းတွင် အမြဲရေရှိနေ၍ ရေများကုန်စင်အောင် မထုတ်နိုင်ခြင်းကြောင့် လယ်မြေများ ရေကြီးနစ်မြုပ်နေရခြင်းနှင့်စပ်လျဉ်း၍ သဲကုန်းမြို့နယ် အတွင်းရှိ မြောက်နဝင်းနှင့် တောင်နဝင်းရေသောက်စနစ်များ၏ နွေစပါးစိုက်ဧရိယာများမှ ပိုလျှံရေ များကို အင်းမရေထိန်းဆည်တွင် နှစ်စဉ် နိုဝင်ဘာလ ၁ ရက်နေ့မှ နောက်နှစ် မေလကုန်အထိ ရေတံခါး ပိတ်သိုလှောင်ပြီး အင်းအတွင်း စပါး၊ ငါး စိုက်ပျိုးဧရိယာ ၂,၂၅၆ ဧက၊ ဟင်းသီးဟင်းရွက် စိုက်ပျိုး ဧရိယာ ၂,၄၅၀ ဧက နှင့် ငါးမွေးမြူရေးကန်ပေါင်း ၈၇၇ ကန်၊ ဧရိယာ ၄,၂၉၃.၄၉ ဧက တို့အား ရေလုံလောက်စွာရရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုးရာသီအစဇွန်လပိုင်းတွင် အင်းမ အင်းရေထိန်းဆည်ရှိ ရေတံခါးများကိုဖွင့်လှစ်၍ ရေလျှော့ချခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးပြီး လက်ရှိတွင်လည်း ရေတံခါးများ ဖွင့်လှစ်ထားပြီး ဖြစ်ပါကြောင်း၊ ယင်းသို့ သိုလှောင်ထားသော ရေများကြောင့် လယ်မြေများ နစ်မြုပ်ခြင်း မဟုတ်ဘဲ၊ အင်းမ အင်းသို့ စီးဝင်သောချောင်းများ တိမ်ကောခြင်းနှင့်အတူ ရေဆင်းဧရိယာများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလမ်းကြောင်း များ ပိတ်ဆို့၍ ရေစီးထွက်မှုနှောင့်နှေးခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် အင်းမရေထိန်းဆည်၏ အောက်ဘက်ရှိရေလမ်းကြောင်းများကို တူးဖော်ရှင်းလင်းခြင်း ဆောင်ရွက်ပေးပါက ရေစီးရေလာ ကောင်းမွန်ပြီး လယ်မြေများ ရေကြီးနစ်မြုပ်မှုမှ လျော့နည်းသက်သာစေမည် ဖြစ်ပါကြောင်း၊ ပဲခူး တိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများ ရေကြီးနစ်မြုပ်မှု လျော့နည်းစေရန် တူးဖော်ဆောင်ရွက်လျက်ရှိသည့် ချောင်းများ၊ ရိုးများ၏ တည်နေရာပြ မြေပုံအား တင်ပြခြင်းဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စပါးစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ရေကြီးရေလျှံမှုများကြောင့် လယ်ဧကများ ပျက်စီးဆုံးရှုံးမှု များ မဖြစ်ပေါ်စေရေးအတွက် အင်းမ အင်း၏ ရေဝင်ချောင်းများ တူးဖော်ပေါင်းဆင့်ခြင်း၊ အထွက် ရေလမ်းကြောင်းရှင်းလင်းခြင်း၊ လိုအပ်သည့်နေရာများတွင် တုတ်တန်း ရိုက်ကာရံခြင်းလုပ်ငန်းများ နှင့် ရေစီးထွက်မှုကောင်းစေရန်အတွက် မြစ်မခမြစ် မြစ်ကြောင်းဖြောင့်ခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ၂၀၂၇-၂၈ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာ ရန်ပုံငွေတွင် ဦးစားပေးအစီအစဉ်ဖြင့် ရန်ပုံငွေပိုမိုရရှိရေး လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် လုပ်ငန်းများကိုလည်း နှစ်စဉ် ရန်ပုံငွေလျာထားချက် ပါဝင်နိုင်ရေးအတွက်လည်း စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။