ဦးရားနီ(ပူတာအိုမဲဆန္ဒနယ်)
ပူတာအိုမြို့တွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကတ္တရာလမ်းဘေးဝဲယာ၌ တပ်ဆင်ရန် ဆိုလာ မီးသီး ၃၅၀ လုံးနှင့်ဆက်စပ်ပစ္စည်းများရရှိနိုင်ရေး လမ်းညွှန်မှာကြားချက်အား ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပူတာအိုမြို့အတွင်း ၇ မိုင် ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေးဝဲ/ယာ လျှပ်စစ်မီး ဓာတ်တိုင်များရှိသော်လည်း လျှပ်စစ်မီးပုံမှန် မရရှိသဖြင့် ညဘက်တွင် ကတ္တရာလမ်းမကြီး တစ်လျှောက် မီးမလင်းဘဲ မှောင်နေပါကြောင်း၊ ထို့ကြောင့် ယာဉ်တိုက်မှုအန္တရာယ်ကင်းရှင်းစေရန် နှင့် မြို့အင်္ဂါရပ်နှင့်ညီအောင် ဆိုလာ Auto လင်းသည့် မီးသီး ၃၅၀ လုံးနှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း။
ပူတာအိုမြို့နယ်သည် ရပ်ကွက် ၁၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၄ ခု၊ ကျေးရွာပေါင်း ၁၀၁ ရွာနှင့် လူဦးရေ ၆၈,၀၇၂ ဦး မှီတင်းနေထိုင်ကြသည့် ခရိုင်ရုံးစိုက်ရာမြို့တစ်မြို့ဖြစ်ပါကြောင်း၊ သို့သော် ပူတာအိုမြို့အတွင်း အဓိကသွားလာရသည့် တစ်ကြောင်းတည်းသော ကတ္တရာလမ်းမကြီး တစ်လျှောက် ညဘက်တွင် မီးမလင်းဘဲ မှောင်မိုက်လျှက်ရှိရာ မြို့တစ်မြို့၏ အင်္ဂါရပ်နှင့် မညီညွတ် ဖြစ်နေပါကြောင်း၊ ထို့အပြင် ပူတာအိုမြို့ပေါ်ရှိ ရပ်ကွက်များ၊ မူလာရှီးဒီရပ်ကွက်၊ ဒုတ်သံရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်၊ လွန်းထိုးရပ်ကွက်နှင့်ဟိုခိုရပ်ကွက်များသည် ပူတာအိုမြို့အတွင်း လမ်းမ ကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာတွင် တည်ရှိသည့်ရပ်ကွက်များဖြစ်ပါကြောင်း၊ ဖော်ပြပါ ပူတာအို မြို့အတွင်း ၇ မိုင်ရှိ ပြည်ထောင်စုလမ်းမကြီး၊ ပူတာအိုမြို့၏ မျက်နှာဖုံးလမ်းမကြီး ဖြစ်ပါကြောင်း၊ ပူတာအိုဒေသနေ အခြေခံလူတန်းစားများ၊ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရီးသွားလုပ်သားပြည်သူများ၊ အသွားအလာ အသုံးပြုများသော ပူတာအိုဒေသ ကုန်စည်စီးဆင်းရာ တွင် မရှိမဖြစ် လိုအပ်သည့် လမ်းမကြီး ဖြစ်ပါကြောင်း၊ သို့သော် မြို့တွင်းလမ်းမကြီး လမ်းဘေးဝဲ/ ယာတစ်လျှောက် ညဘက်တွင် မီးမလင်းသဖြင့် မော်တော်ယာဉ် အန္တရာယ်များ ရှိပါကြောင်း။ လျှပ်စစ်မီးတိုင်များ စိုက်ထူထားသော်လည်း မီးရောင်မပေးနိုင်ဘဲ ပျဉ်းမငုတ်တိုကဲ့သို့သာ မြင်တွေ့ နေရပါကြောင်း၊ ထို့ကြောင့် လူစည်ကားသည့်နေရာများ၊ အန္တရာယ်ရှိသည့် လမ်းဆုံလမ်းခွများနှင့် လမ်းအကွေ့အကောက်နေရာများတွင် မကြာခဏ ယာဉ်တိုက်မှုများရှိပြီး အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးကြရပါကြောင်း၊ မြို့ကြီးပြကြီးနှင့် နေပြည်တော်နယ်မြေသို့ မိမိတို့ရောက်လာသည့် အခါ လမ်းမကြီးတစ်လျှောက်နှင့် လမ်းကြိုလမ်းကြားများတွင် ညဘက်ဆိုလျှင်လည်း နေ့ခင်းကဲ့သို့ မီးထိန်ထိန်လင်းသည်ကို မြင်တွေ့ရသည့်အခါ ပူတာအိုမြို့တွင်းတစ်လျှောက် ညဘက်တွင် မီးထိန်ထိန်လင်းနေသည့် အိပ်မက်ကို ညစဉ်မြင်မက်မိပါကြောင်း။
အဆိုပါ ပူတာအိုမြို့တွင်း ကတ္တရာလမ်းမကြီးတစ်လျှောက် ဆိုလာ Auto လင်းသည့် မီးသီး များ တပ်ဆင်ပေးနိုင်ပါက မိဘပြည်သူများ ညဘက်တွင်လည်း အဆင်ပြေချောမွေ့စွာ သွားလာနိုင် သည့်အပြင်ယာဉ်တိုက်မှုအန္တရာယ်များလည်း လျော့နည်းသွားမည်ဖြစ်ပါကြောင်း။ မိဘပြည်သူ များသည် ညဘက်ဆိုလျှင်လည်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်စည်စီးဆင်း နိုင်ရေးအတွက် အသွားအလာ အသုံးပြုမှုများသည့် မြို့တွင်း အဓိကကျသော လမ်းမကြီးဖြစ်သည့် ပူတာအိုမြို့တွင်း ကတ္တရာလမ်း အရှည် ၇ မိုင်ရှိ မူလာရှီးဒီရပ်ကွက်မှ ဟိုခိုရပ်ကွက်အထိ လမ်းဘေး ဝဲ/ယာတစ်လျှောက် ညဘက် မီးလင်းနိုင်ရေးနှင့် အများပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာ နိုင်ရေးအတွက် ဆိုလာ Auto လင်းသည့်မီးသီး ၃၅၀ လုံးနှင့် ဆက်စပ်ပစ္စည်းများဖြင့် တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်မရှိသေးပါကလည်း မဲဆန္ဒရှင် မိဘပြည်သူများ ၏လိုအင်ဆန္ဒနှင့်အညီ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးပါရန် မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က
အထက်ပါမေးခွန်းအား ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပေါင်းစပ်ပြီး ရှင်းလင်း ဖြေကြားသွား မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၏ ၁၆.၁၂.၂၀၂၅ ရက်မှ ၁၈.၁၂.၂၀၂၅ ရက်အထိ ကချင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ် လမ်းညွှန်မှာကြားချက်အရ ပူတာအိုမြို့နယ်၊ မူလာရှီးဒီရပ်ကွက်မှ ဟိုခိုရပ်ကွက်အထိ အရှည် ၈.၇ မိုင်ရှိသည့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် မူလရှိပြီးသား ဓာတ်တိုင်များအပေါ်တွင် ဆိုလာ မီးလုံး ၃၀၃ လုံးအား တပ်ဆင်ပေးရမည်ဖြစ်ပြီး ဓာတ်တိုင်မရှိသည့် နေရာများတွင် လမ်းမီးတိုင်နှင့် ဆိုလာမီးလုံးတွဲလျက် ၄၇ စုံကို တပ်ဆင်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပူတာအိုမြို့ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ဆိုလာမီးသီး ၃၅၀ လုံးနှင့် Street Light Single Arm Pole ၄၇ တိုင် တပ်ဆင်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၃၄၆.၃၅ သန်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေ သို့မဟုတ် အထွေထွေပိုလျှံရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှု အခြေအနေအရ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။