ဒေါ်မြင့်မြင့်ဌေး(ချမ်းအေးသာစံမဲဆန္ဒနယ်)
ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၇၆ လမ်း၊ ၃၀ x ၃၅ လမ်းတစ်လျှောက်တွင် လျှပ်စစ် မီးလင်းရေး၊ ၇၇ လမ်း၊ ၂၆ x ၃၅ လမ်းတစ်လျှောက်တွင် ထပ်ပိုးလမ်းခင်းပြုပြင်ရန်နှင့် မီးလင်းရေးတို့ အတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ကြီး ၂၀ ရပ်ကွက်ရှိပြီး ကဉ္စနမဟီရပ်ကွက်သည် မြို့လယ်ခေါင်အလယ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၊ မန္တလေးဘူတာရုံ၊ ရတနာပုံဈေးစသည်တို့နှင့် ဆက်သွယ်သွားလာရာတွင် စည်ကားသော ရပ်ကွက်ကြီးတစ်ခုဖြစ်ပါ ကြောင်း၊ ၎င်းရပ်ကွက်အတွင်းရှိ ၇၆ လမ်း၊ လမ်း ၃၀ x ၃၅ လမ်း၊ ၇၇ လမ်း၊ ၂၆ လမ်းမှ ၃၅ လမ်း တစ်လျှောက်တွင် လျှပ်စစ်မီးတိုင်များရှိသော်လည်း လျှပ်စစ်မီးမရရှိသည်မှာ နှစ်အတော်ကြာပြီဖြစ် ကြောင်း ၊ ၇၇ လမ်းသည်ပေအားဖြင့် ၄၀ ကျော်ကျယ်ဝန်းပြီး ယခုအခါ ဘေးတစ်ဖက်တစ်ချက်တွင် မြေသားများတက်နေပြီး အခြားလမ်းမကြီးများနှင့်စာလျှင် လမ်းကျဉ်းသလိုဖြစ်နေပါကြောင်း၊ မြို့ပြ ဖွံ့ဖြိုးသာယာရေးအတွက် ၎င်းလမ်းပိုင်းကိုလည်း ထပ်ပိုးလမ်းအဖြစ် အပြည့်ခင်းပေးနိုင်ရန် မိဘ ပြည်သူများမှ တင်ပြတောင်းခံထားပါကြောင်း၊ ၎င်းလမ်း အပြည့်ခင်းပေးမည်ဆိုပါက လမ်းအကျယ် နဂိုအတိုင်းပြန်ရပြီး ဖွံ့ဖြိုးသာယာလှပလာမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်မီး မရရှိသည့်အတွက် ညအချိန်တွင် ၎င်းလမ်းပေါ်၌ အုပ်စုဖွဲ့၍ လုယက်မှုများ၊ ရိုက်နှက်မှုများ၊ ခိုးဝှက်မှုများ စသည့် ဒုစရိုက်မှုများလည်း ဖြစ်ပွားလေ့ရှိသည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့နယ်ဖွံ့ဖြိုးသာယာရေး၊ ဒုစရိုက်မှုကာကွယ်လျှော့ပါးရေးတို့အတွက် အထက်ဖော်ပြပါလမ်းများအား ထပ်ပိုးလမ်းအဖြစ် ပြုပြင် ရေးနှင့် လျှပ်စစ်မီးတိုင်များမှ မီးရရှိရေးတို့အတွက် ဆောင်ရွက်ပေးနိုင်ရေး အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျာ် က
မန္တလေးတိုင်းဒေသကြီး၊ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၇၆ လမ်း၊ ၃၀ x ၃၅ လမ်း တစ်လျှောက်နှင့် ၇၇ လမ်း၊ ၂၆×၃၅ လမ်းတစ်လျှောက် လျှပ်စစ်မီးထွန်းညှိခြင်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူထိန်းသိမ်း ဆောင်ရွက်စီမံခန့်ခွဲပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ သုံးစွဲသည့် လျှပ်စစ်ယူနစ်များအတွက် ကျသင့်သည့် ဓာတ်အားခကို ပေးသွင်းရခြင်းဖြစ်ပါကြောင်း၊ ၇၆ လမ်း၊ ၃၀ x ၃၅ လမ်းတစ်လျှောက် လျှပ်စစ်မီးလင်းရေးအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးခဲ့သည့်အခါ လမ်းမီးတိုင်ပေါင်း ၃၁ တိုင်၊ မီးလုံး ၃၁လုံးရှိရာ အခန်း ၂၂ ခန်း၊ မီးကြိုးအရှည် ၁၃၄၁ မီတာ၊ လမ်းမီးပုံးအတွင်းမှာရှိသည့် Breaker ၊ Timer နှင့် Relay များ ပျောက်ဆုံး နေကြောင်း စစ်ဆေးတွေ့ရှိရပြီး အလားတူ ၇၇လမ်း၊ ၂၆ × ၃၅လမ်း တစ်လျှောက် လမ်းမီးတိုင် ပေါင်း ၄၇ တိုင်၊ မီးလုံး ၄၇ လုံးရှိသည့်အနက် အခန်း ၃၉ ခန်း၊ မီးကြိုးအရှည် ၂၃၇၈ မီတာ၊ လမ်းမီးပုံး အတွင်းရှိ Breaker ၊ Timer များနှင့် Relay များ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ ပါကြောင်း။
အဆိုပါလမ်းများတွင် လမ်းမီးတိုင်များမှာ လျှပ်စစ်ကြိုးများ အခိုးခံရခြင်းနှင့် ဖျက်ဆီးခံရခြင်း တို့ကြောင့် လမ်းမီးများမလင်းမှုအပေါ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဦးစားပေး ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် မီးကြိုးများ ခိုးယူဖျက်ဆီးခံရခြင်းကြောင့် မီးမလင်းသည့် လမ်းများမှာ ပြန်လည်အစားထိုးပြုပြင် ပေးပြီး လမ်းမီးများ ကောင်းမွန်သည့်အခါ ခိုးယူဖျက်ဆီးခြင်း ထပ်မံမဖြစ်ပေါ်စေရေးအတွက် ပြည်သူ များမှ ပူးပေါင်းပါဝင် ထိန်းသိမ်းစောင့်ရှောက်သွားရန် ပညာပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၇၇လမ်း၊၂၆x၃၅ လမ်းသည် မြောက်ဘက်တွင် ပြည်သူ့ဆေးရုံကြီးတောင်ဘက်၌ ရတနာပုံဈေးနှင့် ညဈေး၊ အနောက်ဘက်တွင် မန္တလေးဘူတာကြီးတို့တည်ရှိပြီး အသွားအလာများသည့် လမ်း တစ်လမ်းဖြစ်ပါကြောင်း၊ ၇၇ လမ်း၊၃၃လမ်းနှင့်၃၅ လမ်းအပိုင်းသည့် ထူထပ်များပြားပြီး နိုင်လွန် ကတ္တရာလမ်းဖြစ်ပြီး လမ်းသားကောင်းမွန်မှုရှိပြီး ၂၆ လမ်းနှင့် ၃၃ လမ်းပိုင်းသည် ရိုးရိုးကတ္တရာလမ်း ဖြစ်ပြီး တချို့နေရာများတွင် အပေါ်ယံ ကတ္တရာအလွှာများ ပျက်စီးလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ၇၇ လမ်း၊ ၂၆x၃၅ လမ်းကြား၊ အရှည် ၃၇၈၀ ပေအား နိုင်လွန်ကတ္တရာထပ်ပိုး လွှာတင်ခင်းခြင်းလုပ်ငန်းကို ၂၀၂၇-၂၈ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။